တောင်ကြီးမြို့ အရှေ့ဘက်ရှိ တောင်တန်းပေါ်တွင် အပန်းဖြေစခန်းငယ်တစ်ခု ပြုလုပ်ရန် စီစဉ်နေဟု ဆို


November 12, 2020

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့ အရှေ့ဘက်ရှိ တောင်တန်းပေါ်တွင် We Love Taunggyi စာတန်းအပါအဝင် အပန်းဖြေစခန်းငယ်တစ်ခု ပြုလုပ်ရန် စီစဉ်နေကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါ အပန်းဖြေစခန်းငယ်ကို ဒေသခံများနှင့် အဝေးရောက်တောင်ကြီးသူ၊ တောင်ကြီးသားတို့၏ လှူဒါန်းငွေများဖြင့် တည်ဆောက်ရန် စီစဉ်ထားပြီး ဒီဇိုင်းရွေးချယ်မှုများပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

အပန်းဖြေစခန်းငယ်ပြုလုပ်မည့် မြေနေရာသည် သစ် တောဦးစီးဌာန စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြဆောင်ရွက်မည်ဖြစ်ကာ ယခုအခါ COVID-19 ရောဂါဖြစ်ပွားနေသော ကာလဖြစ်သည့်အတွက် အကောင်အထည်ဖော်ရန် ကြန့်ကြာမှုများရှိနေကြောင်းသိရသည်။

“တောင်ကြီးမြို့ရဲ့ အထင်ကရ နေရာတစ်ခုမှာ တည်ဆောက်ခွင့်ရရင် တည်ဆောက်မယ့် အပန်းဖြေစခန်းငယ်တစ်ခုအတွက် ဝင်ရောက်အရွေးချယ်ခံဖို့ Design တစ်ခုလုပ်ထားပါတယ်။ တောင်ကြီးမြို့ သာယာလှပရေးအတွက် တောင်ကြီးသားတွေ ရေးဆွဲထားတာပါ။ Design အရွေးခံရရင်လည်း မေတ္တာနဲ့ လှူဒါန်းမှာပါ”ဟု Design ဝင်ရောက်အရွေးခံရန် ဆောင်ရွက်နေသူ ကိုစိုင်းဟွန်းဖ ကပြောသည်။

တောင်ကြီးမြို့သည် ပင်လယ်ရေပြင် အထက် အမြင့်ပေ ၄၇၁၂ တွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်ကာ အာဆီယံ အဆင့် Clean Tourist City Award ဆုရရှိထားသော မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

ရှိန်းဝင်းထိုက်

Add a Comment

Your email address will not be published. Required fields are marked *