ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာမှာ NLD အောင်ပွဲခံနေစဉ် ဆောင်းဘောက်ကိစ္စ အချင်းများရာမှ လူ(၆) ဦးဒဏ်ရာရပြီး နှစ်ဘက်အပြန်အလှန် အမှုဖွင့်

ကျိုက်ထို ၊ နိုဝင်ဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာအုပ်စုရှိ သုံးခွကျေးရွာမှာ နိုဝင်ဘာလ (၁၁) ရက်နေ့က (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် NLD ပါတီ အနိုင်ရရှိမှုအပေါ် အောင်ပွဲခံနေစဉ် ဆောင်းဘောက်ကိစ္စ အချင်းများရန်ဖြစ်ရာမှာ လူ(၆) ဦးဒဏ်ရာရပြီး နှစ်ဘက်အပြန်အလှန်အမှုဖွင့်ထားတယ်လို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှ သိရပါတယ်။

ဖြစ်စဉ်မှာ သုံးခွကျေးရွာ NLD ပါတီရပ်ကျေးတာဝန်ခံ ဦးတင်ဝနေအိမ်ရှေ့မှာ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲမှာ အနိုင်ရရှိတာကြောင့် ကြက်သားဟင်းနဲ့ထမင်းကျွေးကာ ဆောင်းဘောက်များဖွင့်ပြီး အောင်ပွဲခံနေစဉ် ဆောင်းဘောက်သံကြောင့် ရွာသားအချင်းချင်း ရန်ပွဲဖြစ်ပွားခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အခုလို ဖြစ်ပွားခဲ့တဲ့ ရန်ပွဲကြောင့် တင်မင်းနိုင်၊ ဦးအုံးသိန်း၊ မျိုးကျော်သူ၊ ထွန်းလင်းသူ၊ မျိုးလင်းသူနဲ့ ကိုကျော်သောင်းတို့ (၆)ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။

” ရန်ဖြစ်ကြတယ်လို့ သိရတယ်၊ အောင်ပွဲခံရင်း ဆောင်းဘောက်ဖွင့်ရာကနေ ဖြစ်ကြတယ်လို့ သိရတယ်၊ အခြေအနေ အသေးစိတ်ကိုတော့မသိရသေးဘူး၊ နှစ်ဘက်အမှုအပြန်အလှန်လာဖွင့်ထားတာတော့ရှိတယ်၊ ဒဏ်ရာရတာလဲရှိတယ်၊ တိုင်စာအရ သိထားရတာဘဲရှိသေးတော့ ဘယ်သူမှားတယ်မှန်တယ် ဆုံးဖြတ်လို့ မရသေးပါဘူး၊ နှစ်ဘက်သေချာစစ်ဆေးပြီးမှ သိရမှာပါ ” လို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှ ဒုရဲအုပ် စောဝင်းကျော်က ပြောပါတယ်။

လက်ရှိ ရန်ပွဲကြောင့် ဦးစိုးသိန်းမှ တရားလိုလုပ်အမှုဖွင့်တာကြောင့် ဦးအုံးသိန်း၊ မျိုးကျော်သူ၊ မောင်ထွန်းထွန်း၊ ကိုကျော်သောင်း၊ ကိုအောင်မြင့်နဲ့မျိုးလင်းသူတို့ကို သိမ်ဇရပ်နယ်မြေရဲစခန်းမှ (ပ)၅၀၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၂၃/ ၄၂၇ /၁၁၄ ဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးအုံးသိန်းမှ တရားလိုလုပ်တိုင်တန်းတာကြောင့် ဦးစိုးသိန်း၊ ကိုနိုင်ဌေး၊ ကိုမြင့်ဇော်ဦး၊ ကိုကျော်သန်းအောင်၊ ကိုဇော်လတ်၊ ကိုသက်ပိုင်ထွေး၊ ကိုလေးဝင်း၊ ကိုတင်မင်းနိုင်၊ မကေသီခိုင်၊ မသိန်းမြင့်၊ မနုဝေ၊ မဝင်းအေး၊ မစိုး၊ မကေသွယ်နဲ့ မခင်မာမြင့်တို့ကို သိမ်ဇရပ်နယ်မြေရဲစခန်းမှ (ပ) ၄၉၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၂၅/ ၃၂၃/ ၁၁၄ ဖြင့်အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *