fbpx

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဘီယာလုပ်ငန်းကို ဖက်စက်လုပ်ကိုင်နေသော Kirin က အမြတ်ငွေများကို ဆိုင်းငံ့၊ ဦးပိုင်ကုမ္ပဏီကို စစ်ဆေးရန် ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မြန်မာ့တပ်မတော်၏ စီးပွားရေးလုပ်ငန်းစုဖြစ်သော ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဘီယာလုပ်ငန်းကို ဖက်စပ်လုပ်ကိုင်လျက်ရှိသော ဂျပန် Kirin က အမြတ်ငွေများကို ဆိုင်းငံ့လိုက်ပြီး ဦးပိုင်ကုမ္ပဏီကို စစ်ဆေးရန် ညွှန်ကြားလိုက်ကြောင်း Justice For Myanmar အဖွဲ့က သတင်းထုတ်ပြန်သည်။

မြန်မာ – အနာဂတ်စီးပွားရေးဝန်းကျင်မှာ “ရှင်းလင်းမြင်သာမှုကင်းမဲ့နေခြင်း” ကြောင့် မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ဖက်စပ်လုပ်ငန်းမှ အမြတ်ငွေများကို ဆိုင်းငံ့လိုက်ကြောင်း Kirin Holdings က ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ Kirin အနေဖြင့် ယင်းအကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများကို ဒီမိုကရေစီနည်းကျလုပ်ငန်းစဉ်အောက်တွင် အရပ်သားအစိုးရမှတဆင့် မြန်မာ ပြည်သူများထံ ရောက်ရှိစေရေးအတွက် သေချာစေရမည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်နှင့် တွဲလုပ်သည့် စီးပွားရေးလုပ်ငန်းကိုရပ်တန့်ရန် အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုကို ကြုံခဲ့ရပြီးနောက် Kirin က ၎င်းတို့၏ မြန်မာဘီယာလုပ်ငန်းနှစ်ခုနှင့် ဖက်စပ်လုပ်ကိုင်နေသည့် စစ်တပ်စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ကို စုံစမ်းစစ်ဆေးရန် Deloitte ကို ညွှန်ကြားခဲ့ကြောင်း၊ Deloitte နှင့် Kirin တို့အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန်လိုပြီး တွေ့ရှိချက် အားလုံးကို အများပြည်သူသို့ချပြရန် လိုအပ်ကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

JFM က စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာစစ်တပ်နှင့်ဆက်နွယ်မှုအားလုံး ဖြတ်တောက်ပစ်ရန် တောင်းဆိုကြောင်း၊ မြန်မာစစ်တပ်သည် ပြည်သူများထံမှ ခိုးယူထားသည့် ပိုင်ဆိုင်မှုများဖြင့် အမြတ်အစွန်းများ ဆက်လက်ရရှိနေပြီး Myanmar Brewery ကဲ့သို့သော စီးပွားရေးလုပ်ငန်းများက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့ပေးနေပြီး ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များကို ကြွယ်ဝချမ်းသာ နေစေကြောင်း၊ ဆယ်စုနှစ်များစွာ အကျင့်ပျက်စစ်အုပ်ချုပ်ရေးမှ ရယူပိုင်ဆိုင်ထားသည့် ကြွယ်ဝ ချမ်းသာမှုများကို ပြည်သူများထံ မဖြစ်မနေ ပြန်လည်ပေးအပ်ရမည်ဖြစ်ပြီး ဤသို့သော လုပ်ဆောင်မှု ခြေလှမ်းများက မြန်မာနိုင်ငံပြည်သူအားလုံး၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနှင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးရှိသည့် ဖက်ဒရယ်ဒီမိုကရေစီကို ဖန်တီးတည်ဆောက်ရာတွင် မဖြစ်မနေ အရေးပါသည့်အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခေတ်သစ်မီဒီယာ

Add a Comment

Your email address will not be published. Required fields are marked *