လူထု က အရှုံးကို လက်မခံနိုင်တဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီ လို့ မြင်သွားနိုင်သည်ဟု ပြန်/ဝန် ဟောင်း သတိပေး

ရန်ကုန် ၊ နိုဝင်ဘာ ၁၁
ရွေးကောက်ပွဲ တစ်စိတ်တစ်ဒေသ ဖြစ်စဉ်တွေကို အလုံးစုံဖြစ်စဉ်လို့ ယူဆပြီး တုန့်ပြန်ဆောင်ရွက်နေရင် လူထု က အရှုံးကို လက်မခံနိုင်တဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီ လို့ မြင်သွားနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးရဲထွဋ် က သူရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် သတိပေး ပြောကြားလိုက်ပါတယ်။
“အဲဒါဆိုရင် မဲ ရှုံး သလို နိုင်ငံရေးသိက္ခာလည်း ရှုံးလိမ့်မယ်” လို့ ဦးရဲထွဋ်ကပြောပါတယ်။
နိုင်ငံရေးပါတီတစ်ခုက ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်တော့မယ်ဆိုရင် တရားမဲ့ ပြုကျင့်မှုတွေ၊ အငြင်းပွားမှုတွေဟာ ဘယ်အတိုင်းအတာအထိ ဖြစ်နေတာလဲ၊ အဲဒီဖြစ်စဉ် တွေနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့အထောက်အထား ဘယ်လောက်ရှိလဲဆိုတာကို ချိန်ဆရမယ်လို့ ဆိုပါတယ်။
“တကယ်လို့ အငြင်းပွားမှုတွေက မဲဆန္ဒနယ် အနည်းငယ်လောက်မှာသာဖြစ်တယ်၊ ဖြစ်စဉ်တွေ က လည်း ရွေးကောက်ပွဲရလဒ်ကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့အထိ ပမာဏမများဘူးဆိုရင် မဲဆန္ဒနယ်တစ်ခုချင်းအလိုက်ပဲ ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်သင့်တယ်” လို့ ဦးရဲထွဋ်ကပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးကတော့ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်ပြီး မျှတတဲ့ ရွေးကောက်ပွဲအဖြေဖြစ်အောင် ဥပဒေနဲ့အညီ ဆက်ကြိုးစားမယ်လို့ထုတ်ဖော်ပြောကြားထားပါတယ်။
အိုင်းရစ် ရေးသားသည်။
(ပုံ – ဦးရဲထွဋ် )

Add a Comment

Your email address will not be published. Required fields are marked *