တန့်ဆည်ရှိ မဲရုံတစ်ရုံ တံဆိပ်တုံး ပျောက်

ကိုသစ္စာ
မုံရွာ၊ နိုဝင်ဘာ – ၅

တန့်ဆည်မြို့နယ်၊ အုဖ္ပိုလ်အိုင်ရွာ မဲရုံတွင် ကြိုတင်မဲပေးရာ၌ အသုံးပြုသော တံဆိပ်တုံးများ ပျောက်ဆုံးသဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားသည်။

၎င်းရွာ မူလတန်းကျောင်းအတွင်း ကြိုတင်မဲရုံတွင် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အောက်တိုဘာ ၂၉ ရက်နေ့က မဲပေးပြီးနောက် မဲရုံပိတ်ချိန် ပစ္စည်းများသိမ်းကြရာ လျို့ဝှက်ံမဲပေးခန်းရှိ ဆန္ဒပြုတံဆိပ်တုံး သုံးတုံးအနက် နှစ်တုံး ပျောက်ဆုံးနေသည်ကို ကော်မရှင်တာဝန်ရှိသူများမှ သိခဲ့ရသည်။

ပျောက်ဆုံးတံဆိပ်တုံးအား ကော်မရှင်အဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များက မဲရုံအတွင်း ရှာဖွေသော်လည်း မတွေ့သဖြင့် အစည်းအဝေးပြုလုပ်ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ထိ ပြန်မတွေ့သေးဘူ။ ဒါပေမဲ့ ကြိုတင်မဲအတွက် တံဆိပ်တုံး ၅ တုံး ထုတ်ပေးထားတော့ လုံလောက်ပါတယ်။ မဲပေးတဲ့နေ့အတွက်က သပ်သပ်ထုတ်ပေးမှာပါ။ ကြိုတင်မဲမှာအသုံးပြုထားတဲ့ တံဆိပ်တုံးတွေက ပြန်သိမ်းမှာ။ မဲပေးတဲ့လုပ်ငန်းစဉ်တော့ မထိခိုက်ပါဘူး”ဟု တန့်ဆည်မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သန္တာစိုးက ယနေ့ ပြောသည်။

တံဆိပ်တုံးအား ခိုးယူသွားသူကို ဖော်ထုတ်အရေးယူနိုင်ရန် တန့်ဆည် မြို့မရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် ရပ်/ကျေးကော်မရှင် ဥက္ကဋ္ဌ ဦးမြို့လွင်က တရားလိုပြုလုပ် အမှုဖွင့်ထားသည်။

“အဲဒီရွာက အရင်တုန်းက တစ်ဖက်ပါတီ အားသန်တဲ့ရွာပေါ့။ တံဆိပ်တုံးပျောက်တာတော့ မပြောချင်ပါဘူး”ဟု တန့်ဆည်မြို့နယ်မှ လက်ရှိတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်ရွှေက ပြောသည်။

Add a Comment

Your email address will not be published. Required fields are marked *