လဟယ်တွင် ကြိုတင်မဲပုံးတစ်ပုံး ပယ်မဲသတ်မှတ်
|နွမ်းနွမ်း
နန်းယွန်း၊ အောက်တိုဘာ- ၃၁
နာဂဒေ၊ လဟယ်မြို့၊ မြို့မ ရပ်ကွက်တွင် ကြိုတင်မဲပုံးတစ်ပုံးရှိ မဲများအား ပယ်မဲအဖြစ် သတ်မှတ်ခဲ့ကြောင်းမြို့နယ်ရွေးကော်မရှင်အတွင်းရေးမှူး ဒေါ်နှင်းဟေမာန်လွင်က ပြောသည်။
၎င်းမဲပုံးသည် အောက်တိုဘာ ၂၉ ရက်က စတင် ကောက်ယူခဲ့သောမဲပုံး ဖြစ်သည်။ မဲပုံးတွင် လုံခြုံရေးကြိုးတစ်ခုမှာ ပြတ်တောက်ခဲ့၍ ယင်းကဲ့သို့ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
“လုံခြုံရေးကြိုး ပိတ်တဲ့အခါမှာ တစ်ဖက်က ချိတ်ကလေးက ကော်ကြိုးဆိုတော့ ကျွတ်ထွက်သွားတာပေါ့။ အဆစ်ကလေးကနဲ့ ပျက်သွားတာ” ဟု ဒေါ်နှင်းဟေမာန်လွင်
က ပြောသည်။
၎င်းမဲပုံးတွင် မဲ ၂၂ မဲပါပြီး နိုင်ငံရေးပါတီလေးပါတီနှင့် စေ့စပ်ညိုနှိုင်းရေးကော်မတီတို့တိုင်ပင်ကာ သဘောတူညီချက်ဖြင့် ပယ်မဲ လုပ်လိုက်ကြောင်း၊ မဲမသမာမှု မဟုတ်သောကြောင့် တခြား အရေးယူဆောင်ရွက်မှုမရှိကြောင် း ၄င်းက ဆက်ပြောသည်။
၂၉ ရက်နေ့က ကြိုတင်မဲထည့်ထားသည့် မဲပုံးသည် ၃၀ ရက်နေ့တွင် မဲပုံး၏ ကြိုးတစ်ဖက်ပျက်နေခြင်း တွေ့ရကြောင်း ပါတီများအားလုံး ကော်မရှင်နှင့် ဆွေးနွေးပြီး ပယ်မဲလုပ်လိုက်ကြောင်း နာဂအမျိုးသားပါတီမှ အမျိုးသားလွှတ်တော်အမတ်လောင်း ဦးအီနွယ်ဆိုင်းညူက ပြောသည်။
“ဒီနေ့ မနက်ကမှ ကြိုးပျက်သွားတာတွေ့လို့ အားလုံး သဘောတူပြီး ပယ်မဲလုပ်လိုက်တာ။ ကျွန်တော်တို့ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲကိုပဲ လိုချင်တယ်”ဟု ၄င်းက ပြောသည်။
လဟယ်မြို့တွင် ကြိုတင်မဲပေးရာ၌ အချို့သည် မဲရုံသို့ ပါတီ ဝတ်စုံများဖြင့်လာခြင်း၊ အချို့ပါတီများသည် မဲထည့်လာသော သူများကို အပို့၊ အကြိုလုပ်ခြင်း၊ အချိုရည်များတိုက်ခြင်းများရှိကြောင်း ၎င်းက ပြောဆိုသည်။
ဒေသခံမဲဆန္ဒရှင် ဦးလာငေါ်ဆိုင်းညူက ” မသွားနိုင်မလာနိုင်နဲ့ ခက်ခက်ခဲခဲ သွားထည့်ရတာ။ ခုက မဲက အမှိုက်ပုံးထဲရောက်သွားပြီဆိုတော့ အရမ်းဝမ်းနည်းတယ်။ ဦးလေးတို့က နောက်နှစ်ဆိုတာ ရှိမလား၊ မရှိဘူးလားဆိုတာ မသေချာဘူးလေ။ ဦးလေးအိမ်နဲ့ ကျောင်းနဲ့က ဝေးတယ်။ တောင်တက်ပြီး သွားထည့်ထားတာကို ခုက ပယ်လိုက်ပြီးဆိုတော့ အရမ်းဝမ်းနည်းတယ်”ဟု ပြောသည်။
လဟယ်မြို့နယ်တွင် မဲရုံး ၁၀၅ ရုံရှိပြီး မဲဆန္ဒရှင် ၃သောင်းခွဲကျော်တွင် သက်ကြီးရွယ်အိုမဲဆန္ဒရှင် ၃ ထောင်ကျော် ရှိသည်။
ဓာတ်ပုံ- ကိုအဒို