တပ်ချုပ်ယာဥ်တန်း ရွှေဘိုနန်းတော်အထွက် ဒေသခံအချို့ NLDမဲဆွယ်သီချင်း သံပြိုင်အော်

ကိုသစ္စာ
မုံရွာ၊ အောက်တိုဘာ-၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယာဉ်တန်း ရွှေဘိုနန်းတော်မှအထွက် ဒေသခံအချို့ NLDမဲဆွယ်သီချင်းကို သံပြိုင်အော်ဟစ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

“ဒေါက်ဖိနပ်လျှောက်သံသီချင်းဖွင့်ပြီး အော်ကြတာ။နန်းတော်က စျေးနားဆိုတော့ လူအုံသွားတာလည်းပါတယ်။ အဝင်က မသိကြဘူး။ အထွက်ကျမှာ စောင့်ပြီး NLD အလံတွေဝှေ့ရမ်းကြတာ”ဟု ရွှေဘိုမြို့ခံ ဦးကျော်က ပြောသည်။

တပ်ချုပ်သည် ယနေ့နံနက်ပိုင်းက ရွှေဘိုမြို့သို့ရောက်ရှိပြီး အလောင်းမင်းတရားကြီး၏ ရွှေဘုံမင်္ဂလာနန်းတော်ဟောင်းနှင့် အောင်​မြေသို့ သွားခဲ့ခြင်း ဖြစ်သည်။

“ပါတီဝင်တွေတော့ မဟုတ်ပါဘူး။ ဝန်းရံသူလို့လည်း ပြောရခက်တယ်။ သူတို့စိတ်ဆန္ဒပေါ့။ ကျွန်တော်လည်း ကြိုတင်မဲနဲ့ နယ်ထွက်နေတော့ ပြန်ရောက်မှ ကြားတာ”ဟု ရွှေဘိုမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဥက္ကဌဦးခင်မောင်ရွှေက ပြောသည်။

ရွှေဘိုမြို့နယ်သည် NLDပါတီမှ လက်ရှိစစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် လူဝင်မှုကြီးကြပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်တစ်ခုလည်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုလ၂၅ရက်မှစ၍ စစ်ကိုင်းတိုင်းအတွင်း ဝန်းသို၊ ဟုမ္မလင်း၊ လဟယ်၊ ခန္တီး၊ ကလေး၊ ကလေးဝ၊ မုံရွာ၊ ရွှေဘိုမြို့တို့သို့ သွားရောက်၍ နယ်မြေခံတပ်မတော်မိသားစုများနှင့် တွေ့ဆုံနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန် ဖော်ပြထားသည်။

ခရီးစဉ်များအတွင်း ဒေသရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ မြို့နယ်ဆေးရုံကြီးများတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ၊ အစားအသောက်များ ပေးအပ်လှူဒါန်းခဲ့သည်။

Photo- Hein Htet

Add a Comment

Your email address will not be published. Required fields are marked *