ပလပ်ခုံ အပူလွန်ရာမှ ဝါယာရှော့ခ်ဖြစ်၍ နေအိမ် မီးလောင်
|မောင်စိန်ချို
ပင်လည်ဘူး၊ အောက်တိုဘာ- ၁၇
ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မီးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှု ယနေ့ နံနက်အစောပိုင်း ၁ နာရီခွဲခန့်က ဖြစ်ပွားသည်။ အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ ဘူတာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးပါ ဆုံးရှုံးခဲ့သည်။
“မီးအသုံးမပြုမီ ပလပ်ခုံတို့၊ ဝါယာကြိုးတို့ ကောင်း၊ မကောင်း ပြန်ကြည့်သင့်တာပေါ့။ သတိပေါ့မှုကြောင့် ခုတော့ ဆုံးရှုံးမှုတွေ ဖြစ်ရပြီလေ”ဟု အင်းတော်မြို့နယ် မီးသတ်ဦးစီးမှူး ကိုလှမျိုးလွင်က ပြောသည်။
နေအိမ်မီးလောင်မှုတွင် ကလေးငယ်အား ခေါ်ထုတ်ခဲ့သည့် မိဘများမှာ ကျောပြင်တွင် မီးလောင်ဒဏ်ရာ ရရှိ၍ အင်းတော်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု မီးသတ်ဦးစီးက ပြောသည်။
မီးလောင်မှုအား မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်မှုဖြစ်ပွားသည့် နေအိမ်ပိုင်ရှင် အသက် ၄၄ နှစ်အရွယ် အမျိုးသားအား မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အင်းတော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။