fbpx

မြင်းမူမြို့တွင် NLD အောင်နိုင်ရေး လှည့်လည်ရာ၌ ပါဝင်သူတဦး ဓာတ်လိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့က NLD ပါတီ အောင်နိုင်ရေး လှည့်လည်ရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသား ၁ ဦး ကားခေါင်းမိုးပေါ်မှာ ပါတီအလံကို ဝှေ့ယမ်းရာမှ ဓာတ်ကြိုးနဲ့ စတီးအလံတိုင် ထိမိပြီး ဓာတ်လိုက်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ မြင်းမူမြို့မရဲစခန်း တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။
သေဆုံးသူဟာ မြင်းမူမြို့၊ ကျန်စစ်သားရပ်နေ ယာဉ်မောင်းမြင့်သူ မောင်းနှင်လာတဲ့ ဒိုင်နာအမျိုးအစား ခြောက်ဘီးအဖြူရောင်ယာဉ်ပေါ်မှာ လိုက်ပါတဲ့ ယာဉ်နောက်လိုက် ထွန်းထွန်းဝင်း (၂၂-နှစ်) ဖြစ်တယ်လို့ သိရပါတယ်။
NLD အောင်နိုင်ရေး လှည့်လည်ပြီး မြင်းမူမြို့၊ ဇေယျာလမ်းထိပ်မှာ ယာဉ်ပေါ်ပါသူတွေ ဆင်းပြီးနောက် ထွန်းထွန်းဝင်း တဦးတည်းကျန်နေစဉ် အရှည် ၉ ပေ၊ လုံးပတ် ၁ လက်မခွဲလောက်ရှိ NLD အလံချည်ထားတဲ့ စတီးတိုင်ကို ဝှေ့ယမ်းရာက ဓာတ်ကြိုးနဲ့ထိမိပြီး ကားပေါ်မှာ လဲကျသေဆုံးသွားခဲ့တာလို့ ရဲမှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံက ရင်ခွဲစစ်ဆေးချက်အရ လက်နှစ်ဖက်မှာ လျှပ်စီးဝင်ပြီး နှလုံးအားဖြတ်စီးကာ ဝဲဘက်ခြေမအဆစ်မှ လျှပ်စီးဖောက်ထွက် သေဆုံးခြင်းဖြစ်တယ်လို့ မှုခင်းမှတ်တမ်းဖော်ပြချက်အရ သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြင်းမူမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း – ရဲနိုင်ဆွေ၊ ဓာတ်ပုံ – မြတ်သုခလူမှုကူညီရေးအသင်း

Add a Comment

Your email address will not be published. Required fields are marked *