ရန်ကုန်တိုင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၂၁၀၀ ခန့် ပြန်ဖွင့်ခွင့်ရ
|ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပိတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေထဲက ၂၁၀၀ လောက် ဒီနေ့ ပြန်ဖွင့်ခွင့်ရပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ရောဂါကာကွယ်ရေးပြင်ဆင်ထားတာမှာ A အဆင့်ရတဲ့ စက်ရုံတွေ ဖွင့်ခွင့်ရတာပါ။ ဖွင့်ခွင့်ရတဲ့ ကုန်ထုတ်လုပ်ငန်းတွေအထဲမှာ အထည်ချုပ်၊ အိတ်ချုပ်၊ ဖိနပ်ချုပ် စတဲ့ လက်ခစား CMP လုပ်ငန်းတွေနဲ့ အလုပ်ဌာနတွေပါဝင်တယ်လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ဒီလို ဖွင့်ခွင့်ရတဲ့စက်ရုံတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အရင်က စစ်ဆေးခဲ့တဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ပဲ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေ ဖွင့်လှစ်ခွင့်ပြုပြီး စစ်ဆေးရေးတွေကိုတော့ ဖွင့်ပြီးမှ ဆောင်ရွက်မဲ့အနေအထားပါ။
ဒါပေမဲ့ အခု ဒုတိယလှိုင်းကာလမှာ ပြန်လည်ဖွင့်ခွင့်ပြုလိုက်တဲ့ A အဆင့်ရ စက်ရုံတွေထဲက တချို့က ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ရှိတာကြောင့် စက်ရုံတွေရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ပြင်ဆင်ထားရှိမှုအပိုင်းတွေကို စစ်ဆေးတာမရှိဘဲ ပြန်လည်ဖွင့်ခွင့်ပြုတဲ့အပေါ် အလုပ်သမား အဖွဲ့ချုပ်တွေရဲ့ ကန့်ကွက်တာတွေလည်းရှိနေပါတယ်။
လက်ရှိမှာ A အဆင့်ရစက်ရုံတွေကိုပဲ ဖွင့်ခွင့်ပေးထားပြီး ကျန် B အဆင့်ရတဲ့ စက်ရုံ အလုပ်ရုံ တွေကတော့ ရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေပြင်ဆင်ပြီး တိုင်းအစိုးရကို တင်ပြရမှာဖြစ်ပါတယ်။ အဲဒီလိုတင်ပြလာတဲ့ စက်ရုံတွေကို ဘယ်လိုစစ်ဆေးပြီး ပြန်ဖွင့်ခွင့်ပြုမယ်ဆိုတာကိုတော့ အခုချိန်အထိ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
သတင်း – DVB TV News