လုံးဝမရောင်းရတဲ့ အဘိုးအဘွားရဲ့လမ်းဘေးထမင်းဆိုင်ကို လူကြိတ်ကြိတ်တိုးအောင် ကူညီပေးခဲ့တဲ့ YouTuber

အိန္ဒိယနိုင်ငံ South Delhi ဒေသမှာ နေထိုင်လျက်ရှိတဲ့ အဘိုးအဘွားနှစ်ဦးဟာ social media ရဲ့ အကူအညီနဲ့ 24 နာရီအတွင်း အတော်လေးကို နာမည်ကြီးလူသိများလာခဲ့ပါတယ် ။ Baba Ka Dhaba အမည်ရှိတဲ့ ထမင်းဆိုင်ပိုင်ရှင် အသက် 80 အရွယ် Kanda Prasad အမည်ရှိတဲ့ အဘိုးအိုရဲ့အကြောင်းကို Swad အမည်ရှိတဲ့ YouTube channel တစ်ခုက ဝေမျှပေးခဲ့ပါတယ် ။ Video ထဲမှာတော့ ထမင်းဆိုင်မှာရောင်းချဖို့ ဟင်းတွေ အမယ်စုံအဆင်သင့်ရှိနေပါပြီ ။ YouTuber က တစ်ရက်ကိုငွေဘယ်လောက်ထိရောင်းရလဲဆိုပြီး အဘိုးအိုကိုမေးမြန်းခဲ့ချိန်မှာတော့ မနက် 6နာရီအချိန်ကတည်းက ဆိုင်ကိုစဖွင့်ခဲ့ပေမဲ့လည်း 10 ယူပီ ($0.14) သာရောင်းချရပြီး တစ်ခါးမှ 80 ယူပီ ($1.10) အထိ ပိုပြီးရောင်းချရတာမျိုးမရှိကြောင်း ဖြေကြားခဲ့ပါတယ် ။ Lockdown ချပြီးကတည်းက ဘဝဟာ ပိုပြီးခက်ခဲခဲ့ရတာဖြစ်ပြီး မျက်ရည်စီးကျနေရင်းနဲ့ အဘိုးအိုကဖြေကြားခဲ့ပါတယ် ။

Video ရိုက်ယူခဲ့တဲ့ အမျိုးသားကလည်း စီးပွားရေးပြန်လည်အဆင်ပြေအောင် ကူညီပေးပါ့မယ်ဆိုပြီး အဘိုးအိုကိုကတိပေးခဲ့ပါတယ် ။ Social media ရဲ့ အစွမ်းတွေကြောင့် အဆိုပါ video ကိုကြည့်ရှုသူ 900,000 အထိ ရှိခဲ့ပြီး ၊ လူအတော်အများကလည်း အဘိုးအိုရဲ့ဆိုင်သို့ ချက်ချင်းဆိုသလို လာရောက်အားပေးခဲ့ပါတယ် ။ ကြာသပတေးနေ့ မနက်ခင်းမှာတော့ ဆိုင်ရှေ့မှာ လူပေါင်းအယောက် 70 လောက် တန်းစီစောင့်နေတာကို အံ့သြဖွယ်တွေ့ရှိခဲ့ရပြီး အများစုမှာ ကောလိပ်ကျောင်းသား ၊ အလုပ်သမားများ ၊ အစိုးရဝန်ထမ်းများ နှင့် စီးပွားရှင်ကြီးများဖြစ်ကြောင်း အဆိုပါနေ့က နေ့ခင်း 12:30 အချိန်မှာ ဟင်းတွေအကုန်ရောင်းချခဲ့ရကြောင်း အဘိုးအိုကပြောပြခဲ့ပါတယ် ။

အိမ်နီးချင်းတွေက Twitter မှာ အတော်လေးနာမည်ကြီးနေတဲ့ Baba Ka Dhaba ထမင်းဆိုင်အကြောင်းကိုလာပြမှ အဘိုးအိုကအဖြစ်အပျက်အလုံးစုံကို သိရှိခဲ့ရတာဖြစ်ပြီး ၊ နာမည်ကြီးအနုပညာရှင်တွေတောင် အဘိုးအိုငိုကြွေးနေတဲ့ video ကို ၎င်းတို့ရဲ့ Twitter မှာ share ခဲ့ကြသေးကြောင်း သိရှိရပါတယ် ။ အဘိုးအိုရဲ့သားဖြစ်သူပြောပြချက်အရ အရင်ချိန်တုန်းက ထမင်းပွဲ 20 ခန့်ပုံမှန်ရောင်းချခဲ့ရပေမဲ့ ရောဂါကြောင့် lockdown ချပြီးနောက်ပိုင်း စီးပွားရေးအတော်ဆိုးရွားသွားခဲ့ပြီး စားစရာများရောင်းမကုန်ပါက အိမ်သို့သယ်ပြန်ကာ စားသောက်ခဲ့ရပြီး ၊ အိမ်နီးချင်းတွေကိုပါ ဝေစားခဲ့ရကြောင်း နှင့် ယခုလိုအဖြစ်မျိုးဟာမယုံနိုင်လောက် ကံကောင်းမှုကြီးဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *