တရားမဝင်ရှေးဟောင်းပစ္စည်း တူးဖော်သူများက မိုးပေါ်သေနတ်ထောင်ပစ်ပြီးတားသည့် ရဲတပ်ဖွဲ့ကို လောက်လေး(လေးဂွ)ဖြင့်ပစ် ၊ တပ်ဖွဲ့ဝင်အချို့ဒဏ်ရာရ

မင်းဘူး အောက်တိုဘာ ၁၁

တရားမဝင် ရှေးဟောင်းပစ္စည်းတူးဖော်နေသော အင်အား(၃၀၀)ဦးခန့်ရှိလူအုပ်ကြီးအား ဆက်မလုပ်ရန်တားသည့် ရဲတပ်ဖွဲ့ကို လောက်လေးများဖြင့် ပစ်ခတ်သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းက မင်းဘူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လောက်လေးဖြင့်ပစ်သူများကို ရဲတပ်ဖွဲ့က မိုးပေါ် သေနတ်ထောင်ပစ်၍ တားသော် လည်း မကြောက်မလန့်ဘဲ လောက်လေးများဖြင့် ဝိုင်းပစ်၍ တပ်ဖွဲ့ဝင်အချို့ ၌ ဒဏ်ရာများ ရရှိခဲ့သည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၉နာရီအချိန်ခန့်က မင်းဘူးမြို့နယ် ၊ မကျီးသုံးပင်ရွာနေ ဦးအောင်မိုးဆိုသူက သူ၏ယာခင်းထဲတွင် လူအင်အားရာနှင့်ချီ၍ ရှေးဟောင်းပစ္စည်းများ ဝင်ရောက်ရှာဖွေတူးဖော်နေကြောင်း ရဲတပ်ဖွဲ့ကို တိုင်ကြား သည့်ကိစ္စအား သွားရောက်ဖြေရှင်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်း ၊ ခရိုင်မှုခင်းအကူမှ ဒုရဲအုပ်လင်းနိုင်ဦး ၊ ယာဉ်မောင်း ဒုတပ်ကြပ် ဆက်နိုင်ထွန်း ၊ ရဲတပ်သားများဖြစ်သည့် အောင်ကိုချစ် ၊ စည်သူစိုး ၊ ဝင်းကိုကို ၊ ရန်နိုင်အောင် ၊ မျိုးဝင်းအောင် ၊ ဟိန်းမင်းထက် ၊ သန်းဇော်ဦး ၊ခိုင်စိုးဦး ၊အေးမင်းသူ တို့ပါဝင်သည့် ရဲတပ်ဖွဲ့အင်အား(၁၂)ဦးတို့သည် MA-13 သေနတ်(၂)လက် ၊ BA-94 သေနတ် (၁)လက် ၊ပြောင်းချောသေနတ်(၁)လက် တို့ယူဆောင်ကာ အခင်းဖြစ်နေရာသို့ ည ၉နာရီ မိနစ် ၂၀ ခန့်တွင် ရောက်ရှိခဲ့ကြသည်။

ရွာပုလဲအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းစိန် ၊ ချောင်းကောက်ရွာခွဲ တာဝန်ခံ ဦးစန်းဝင်း ၊ သက်သေ ဒေသခံ တောင်သူ ဦးကျော်မင်းဦး ၊ ယာခင်းပိုင်ရှင် ဦးအောင်မိုးတို့ နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့ချိန်တွင် ယာခင်းထဲ၌ လူဦးရေ (၃၀၀) ဦးခန့်မှာ ညအချိန် ဓါတ်မီးများအသုံးပြု၍ သံတူရွင်း ၊ပေါက်ပြား ၊ပေါက်ချွန်း ၊ဂေါ်ပြားတို့ဖြင့် ယာမြေအားတူးဖော်နေသည် ကို တွေ့ရှိခဲ့ရသည်။

ရဲတပ်ဖွဲ့က လူအုပ်ကြီးအား မိမိတို့နေအိမ်များသို့ပြန်ကြရန် ၊ တရားမဝင်တူးဖော်ခြင်းမပြုကြရန် ကိုက် ၁၀၀ ခန့် အကွာမှ ဓါတ်မီးများဝှေ့ယမ်း၍ ပြောဆိုခဲ့ကြပြီး လူအုပ်ကြီးထဲမှ “ ရဲတွေဟေ့ ဝိုင်းလိုက်ကြ ” ဟု အော်ဟစ်ပြောဆိုသံနှင့်အတူ လောက်လေးများဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ က သိရသည်။

နယ်ထိန်းခေါင်းဆောင်က ထိုသို့အကြမ်းဖက်ခြင်းမပြုရန် အော်ဟစ်၍ မေတ္တာရပ်ခံသော်လည်း “ ဒီကောင်တွေ သတ္တိမရှိဘူး ၊ အကုန်သတ်ပစ် ” ဟု အော်ဟစ်ကြိမ်းမောင်းသံများနှင့်အတူ ထပ်မံ၍ လောက်လေးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များတွင် ဒဏ်ရာများရရှိခဲ့၍ မိုးပေါ်သေနတ်(၇)ချက် ထောင်ဖောက်၍ ခြောက်လှန့်ထိန်းသိမ်းခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့ဝင် များ၏ အသက်အန္တရာယ်စိုးရိမ်ရ၍ အခြေအနေကိုအကြီးအကဲထံတင်ပြကာ နောက်ပြန်ဆုတ်ခဲ့ရကြောင်း ဖြစ်စဉ်တွင်ပါဝင်ခဲ့ သည့် ရဲတပ်ဖွဲ့ဝင်များထံက သိရသည်။

“ လိုက်နေတုန်းပဲ ၊ တရားခံတွေကို ရှာနေတယ် ” ဟု မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး က လတ်တလော လုပ်ဆောင် နေမှုအခြေအနေအား ပြောပြသည်။

ရှေးဟောင်းပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေ ၊ နည်းဥပဒေများအရ ရှေးဟောင်းပစ္စည်းများကို ရေရှည် ဆက်လက်ထိန်းသိမ်းကာကွယ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ရုံးချုပ်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေး ဟောင်းသုတေသနဦးစီးဌာ ၊ မကွေးတိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်း က ပြောသည်။

အောက်တိုဘာ(၁၁) ရက်နေ့ နံနက်ပိုင်းတွင် အခင်းဖြစ်နေရာသို့ မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့် ၊ ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုးမင်းသန့် ၊ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ကြည်မြင့် ၊ မင်းဘူးရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်တို့က ကြိုတင်စစ်ဆေးကာ လုံခြုံရေးများ ချထားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် တူးဖော်ထားသော မြေကျင်းများအတွင်းမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အိုးကြမ်းပဲ့ အပိုင်းအစ(၄၈)ခု ၊ လူရိုးဟု ယူဆရသည့် အရိုအပိုင်းအစ(၁၁)ချောင်း ၊ မြေအိုးအသေး(၁)လုံး တို့အား တွေ့ရှိရပြီး ရှေးဟောင်း သုတေသနဦးစီးဌာက ကွင်းဆင်းမှတ်တမ်းတင်မှုများ လုပ်ဆောင်ထားသည်။

“ ကျွန်တော်တို့ဒေသမှာ အတွေ့များတဲ့ ရှေးဟောင်းပျူခေတ်အသုံးအဆောင်ပစ္စည်းတွေက ဈေးကွက်မှာ တန် ဖိုးရှိတယ်။ ဈေးကြီးကြီး ပေးဝယ်သူတွေလည်း ရှိနေတယ်။ ကိုဗစ်ကာလကလည်းဖြစ် ၊ လူတွေကလည်း စီးပွားရေးကြပ်ကြတော့ ခုကိစ္စမှာ လောဘတွေ ၊ ဒေါသတွေ ရောကုန်ကြတယ် ထင်ပါတယ် ” ဟု မင်းဘူးဒေသခံတစ်ဦးက သူ၏အမြင်ကို ပြောပြသည်။

၂၀၁၉ခုနှစ်ကလည်း မင်းဘူးမြို့နယ် အလံပ္ပါယ်ရွာ နှင့် ဆင်ဖြူကျွန်း ဒေသအတွင်း ပျူခေတ်ပစ္စည်းများကို တရားမဝင်တူးဖော် ရှာဖွေမှုများ ရှိခဲ့ကြောင်း ၊ ဗဿနိုးဘုရင် ၊ပန်ထွာဘုရင်မကြီး စစ်ဘေးရှောင်ရင်း အခြေချနေထိုင်ခဲ့သည့် မင်းလှမြို့နယ်အတွင်း ရွှေပြားများလည်း တွေ့ရှိခဲ့ဖူးပြီး မင်းဘူးဒေသတွင်လည်း ပျူခေတ်ပစ္စည်းများစွာ ကျန်ရှိနေခဲ့ကြောင်း သမိုင်းသုတေသီ ဦးကျော်စိန်ဝင်း ထံက သိရှိရသည်။

လတ်တလော ဖြစ်စဉ်နှင့်ပတ်သက် ၍ ယာခင်းရှင် ဦးအောင်မိုးက အောက်တို ဘာ ၉ရက်နေ့ကတည်းက သူ၏ ယာမြေ ( အလျားပေ ၃၀၀ ၊ အနံ ပေ ၁၃၀ခန့်အတွင်း) စိုက်ပျိုး၍မရသည်အထိ တူးဆွခံခဲ့ရပြီး တားမြစ်သည်ကိုလည်း လက်မခံ သဖြင့် အောက်တိုဘာ ၁၀ရက်နေ့တွင် ဦးမြင့်ဦး အပါအဝင် လူ(၄)ဦးအား မင်းဘူး မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ရဲတပ်ဖွဲ့က (ပ)၆၇၂/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇/၄၂၇ ဖြင့် အမှုလက်ခံခဲ့သည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များအား လောက်လေးဖြင့် ပစ်ခတ်သူများဖြစ်သည့် မင်းဘူးမြို့နယ် ၊ ရွာပုလဲအုပ်စု ၊ ချောင်းကောက်ကျေးရွာနေ မြင့်ဦး ၊ထွန်းဝင်း ၊ချက်ကြီး နှင့်ရဲထွေး ဆိုသူ(၄)ဦးအား ရဲတပ်ဖွဲ့က(ပ)၆၇၃/၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၅၃/၃၃၃/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့ က သိရှိရသည်။

သတင်း – ဇေယျတု(မကွေး)

 

Add a Comment

Your email address will not be published. Required fields are marked *