fbpx

မြန်မာစစ်တပ်နဲ့ ဆက်စပ်နေသူတွေ ကိုင်တွယ်တဲ့ ဖေ့ဘွတ်ခ် အကောင့်တွေ ဖယ်ရှားခံရ

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြီး စစ်တပ်အသိုင်းအဝိုင်းနဲ့ ဆက်နွှယ်မှုရှိသူတွေ ကိုင်တွယ်တယ်လို့ဆိုတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာတွေနဲ့ အကောင့်တချို့ကို ဖေ့ဘွတ်ခ် ကုမ္ပဏီဘက်က ဖယ်ရှားလိုက်ပါတယ်။

ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေ

ဖေ့ဘွတ်ခ်ကုမ္ပဏီဘက်က ချမှတ်ထားတဲ့ စည်းကမ်းနဲ့ မူဝါဒတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ဖယ်ရှားလိုက်တဲ့အထဲမှာ ဖေ့ဘွတ်ခ် စာမျက်နှာ ၁၇ ခု ၊ အကောင့် ၅၀ နဲ့ အင်စတာဂရမ် အကောင့် ၆ ခုတို့ ပါဝင်ပါတယ်။
ဒီထဲမှာ တပ်မတော်မီဒီယာ ဂရုလို တပ်မတော်ရဲ့ လုပ်ဆောင်မှုတွေတင်တဲ့ စာမျက်နှာအပါအဝင် လူထုဟစ်တိုင်၊ ပြည်သူ့အသံ၊ ဒို့တပ်မတော် စတဲ့ သတင်းအချက်အလက်မျှဝေတဲ့ ပေ့ခ်ျတွေလည်း ပါဝင်ပါတယ်။
ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖေ့ဘွတ်ခ် ပေါ်ကနေ ဖယ်ရှားခံရမှာကို ရှောင်တိမ်းပြီး သတင်းအချက်အလက်တွေ မျှဝေနိုင်အောင် အစစ်အမှန် မဟုတ်တဲ့ အကောင့်တွေ၊ ပုံမှားရိုက်ထားတဲ့ အကောင့်တွေ နဲ့ အကောင့်တုတွေ ပေါင်းပြီး ဖေ့ဘွတ်ခ် ပေ့ခ်ျတွေကို ကိုင်တွယ်တာတွေကို ဖေ့ဘွတ်ခ် ကုမ္ပဏီဘက်က သတိပြုမိခဲ့တာပါ။
ဒီအကောင့်တွေဟာ အမျိုးသမီး ပုံတွေ၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ လူမှုကွန်ရက်မှာ လူသိများ အောင်မြင်သူတွေရဲ့ ဓာတ်ပုံတွေကို သုံးပြီး သူတို့ ဖေ့ဘွတ်ခ် ပရိုဖိုင်းအဖြစ် တင်ထားကြတယ်လို့ ဖေ့ဘွတ်ခ် ဘက်က ပြောပါတယ်။
ဒေသတွင်း သတင်းတွေ၊ တပ်မတော်ရဲ့ လှုပ်ရှားမှုတွေ၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဆောင်ရွက်ချက်တွေ၊ မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကို တုံ့ပြန်ဆောင်ရွက်မှုတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုတွေ စတဲ့ လတ်တလောဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေ သာမက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဆန့်ကျင်ရေး တချို့ကိုလည်း အဲဒီအကောင့်တွေမှာ မြန်မာလို အဓိက ရေးပြီး ဖေ့ဘွတ်ခ်ပေါ်မှာ တင်ထားကြတယ်လို့လည်း ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေ

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ဖေ့ဘွတ်ခ်ပေါ်မှာ အကောင့်တုတွေ၊ သတင်းတု သတင်းမှားတွေ၊ အမုန်းတရားဖြန့်ဝေတဲ့ ဖေ့ဘွတ်ခ် ပေ့ခ်ျတွေကို ကြိုတင်ကာကွယ် ဟန့်တားတဲ့အနေနဲ့ ဒေသခံ ပြည်သူလူထုရဲ့ တိုင်ကြားချက်တွေကို ပြန်လည်သုံးသပ်ပြီး ဖေ့ဘွတ်ခ်ဘက်က စုံစမ်းစစ်ဆေးမှုတွေ စလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး အကောင့်တုတွေကို သုံးပြီး ဝါဒဖြန့်မှုတွေရဲ့ နောက်ကွယ်က လူတွေဟာ သူတို့ ဘယ်သူဘယ်ဝါလဲဆိုတာ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီလူတွေဟာ တပ်မတော် အသိုင်းအဝိုင်းနဲ့ ဆက်နွှယ်သူတွေ ဖြစ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှု လုပ်စဉ်မှာ တွေ့ရှိခဲ့တယ်လို့ ဖေ့ဘွတ်ခ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဖေ့ဘွတ်ခ်အကောင့်ပေါင်း ၅၃၈,၀၀၀ လောက်ဟာ လက်ရှိ ဖယ်ရှားလိုက်တဲ့ ဖေ့ဘွတ်ခ် ပေ့ခ်ျ တခု ဒါမှမဟုတ် တခုထပ်ပိုပြီး ဖော်လို လုပ်ထားကြတယ်လို့လည်း ဆိုပါတယ်။ အင်စတာဂရမ် အသုံးပြုသူ ၈၀၀ လောက်ကလည်း အဲဒီအကောင့်တွေထဲက တခု ဒါမှမဟုတ် တခုထပ်ပိုပြီး ဖော်လို လုပ်ထားကြတာပါ။

ဖေ့ဘွတ်ခ်မှာ ကြော်ငြာတွေ ထည့်ဖို့အတွက် ဒီအကောင့်တွေဟာ အမေရိကန် ဒေါ်လာ ၁၈၅၀ လောက်ကိုလည်း သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်း အမုန်းတရားတွေ ဖြန့်ဝေမှုတွေကို တားဆီးတဲ့အနေနဲ့ရော ဖေ့ဘွတ်ခ်ဘက်က ချမှတ်ထားတဲ့ မူဝါဒ သတ်မှတ်တွေနဲ့ မကိုက်ညီတာကြောင့်လို့ဆိုကာ ၂၀၁၈ ခုနှစ်တုန်းကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့ဘွတ်ခ် ပေ့ခ်ျအပါအဝင်၊ မြဝတီသတင်းပြန်ကြားရေး ဖေ့ဘွတ်ခ် ပေ့ခ်ျနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ အကောင့်တချို့ကို ဖယ်ရှားခဲ့ဖူးပါတယ်။

သတင်း – bbc burmese news

Add a Comment

Your email address will not be published. Required fields are marked *