နမ့်ဆန်မြို့နယ်တွင် လက်နက်ကြီးကျည်ဆန်ကို ထုကြည့်ရာမှ ပေါက်ကွဲ၍ ၂ ဦး ဒဏ်ရာရ
|ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကောင်းကလောကျေးရွာအုပ်စု၊ ငေါ့စဗွိကျေးရွာတွင် အောက်တို ဘာလ ၈ ရက်၊ နေ့လယ်ပိုင်းက လက်ဖက်ခြံအတွင်း ကောက်ရသည့် လက်နက်ကြီးကျည်ဆန်ကို ထုကြည့်ရာမှ ပေါက်ကွဲ၍ ရွာသားတစ်ဦးနှင့် ကိုရင်လေး တစ်ပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ငေါ့စဗွိကျေးရွာနေ မောင်အိုက်နေ သည် အောက်တိုဘာလ ၈ ရက်၊ နေ့လယ် ၂ နာရီခန့်က ကျေးရွာအနောက်ဘက်ရှိ ၎င်း၏လက်ဖက်ခြံအတွင်း ခြံသန့်ရှင်းရေးဆောင်ရွက်နေစဉ် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန် ၁ လုံး ကောက်ရ၍ နေအိမ်သို့ ယူဆောင်သွားခဲ့ပြီးနောက် ထုကြည့်မိရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် မောင်အိုက်နေတွင် မျက်နှာတစ်ခုလုံး ကျည်စထိမှန် ဒဏ်ရာ၊ ဝဲဘက် လက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာ၊ ယာဘက်လက်ချောင်း ကျည်စထိမှန် ဒဏ်ရာ၊ ယာဘက် ခြေသလုံး ထိခိုက်ဒဏ်ရာနှင့် ၎င်း အနီးတွင်ရှိနေသည့် ကိုရင်လေး (မောင်အိုက်အောင်)တွင်လည်း မျက်နှာ ကျည်စထိမှန်ဒဏ်ရာ၊ ဒူးခေါင်းကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သည့် မောင်အိုက်နေနှင့် ကိုရင်လေး (မောင်အိုက်အောင်) တို့အား ကျေးရွာတာဝန်ခံ ဦးအိုက်ခွန်နှင့် ကျေးရွာသားများက ယနေ့ အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ငေါ့စဗွိကျေးရွာမှ ပန်စရီကျေးရွာ အထိ ၃ နာရီကြာ ထမ်းစင်ဖြင့် ပို့ဆောင်ခဲ့ပြီး ပန်စရီ ကျောင်းထိုင်ဆရာတော်၏ ကားဖြင့် နမ့်ဆန်မြို့ နယ် ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ရာ ညနေ ၃ နာရီတွင် နမ့်ဆန်ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် အတွက် လားရှိုးပြည်သူ့ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ငေါ့စဗွိကျေးရွာအနီးတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယမန်နှစ်က လက်နက်ကြီး ကျည်နှင့် စစ်ကျန်လက်နက်ပစ္စည်းများ ကောက်တွေ့မှုများ ရှိခဲ့ကာ အန္တရာယ်ဖြစ်မည်စိုးသည့်အတွက် မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ရဖူးကြောင်း ငေါ့စဗွိကျေးရွာတာဝန်ခံ ဦးအိုက်လွတ်ထံက သိရသည်။
သတင်း – ကိုအောင်မိုး (ရွှေဖီမြေ)(kbztai)