တရုတ်နိုင်ငံ ကျယ်ဂေါင်နှင့် ရွှေလီမြို့တွင် အင်အားပြ လှည့်လည်သည့် NLD ပါတီ ဝန်းရံသူ ၄၀၀ နီးပါးအား တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီး

မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်နှင့် ရွှေလီမြို့တွင် အင်အားပြ လှည့်လည်သည့် NLD ပါတီ ဝန်းရံသူ ၄၀၀ နီးပါး ယနေ့ (အောက်တိုဘာ ၈ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်က ဖမ်းဆီးခံရကြောင်း သိရသည်။
NLD ပါတီ တံဆိပ်ပါ အကျႌတီရှပ်၊ ဦးထုပ်တို့နှင့် NLD ပါတီ သီချင်းများဖွင့်၍ ဆိုင်ကယ်များဖြင့် သွားလာနေသော လူ ၅၀၀ ခန့်ကို တရုတ်နိုင်ငံ ရွှေလီရဲဌာနက ခွင့်ပြုချက်မရှိဘဲ လှည့်လည်မှု ပြုလုပ်သဖြင့် စီတန်းလှည့်လည်မှုနှင့် သက်ဆိုင်သည့် ဥပဒေဖြင့် ဖမ်းဆီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံ ကျယ်ဂေါင် ရွှေလီတွင် မြန်မာနိုင်ငံမှ ထုတ်ပေးထားသော Border pass စာအုပ်အနီ၊ တရုတ်နိုင်ငံက ထုတ်ပေးထားသော နေထိုင်ခွင့် စာအုပ်တို့ဖြင့် နေထိုင်နေကြသော မြန်မာနိုင်ငံ ဒေသအသီးသီးမှ မြန်မာနိုင်ငံသားများသည် ကျယ်ဂေါင်မြို့ မနောကွင်းတွင် စုဝေးမှု ပြုလုပ်ခဲ့ပြီး အပြန် ရွှေလီတံတားထိပ်နှင့် ရွှေလီအောက်ဈေး အဝိုင်းတို့တွင် တရုတ်ရဲများက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ လှုပ်ရှားမှု ပြုလုပ်ရာတွင် တရုတ်နိုင်ငံ အစိုးရထံ ခွင့်ပြုချက်တစ်စုံတရာ တောင်းခံခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။
“အခု လက်ရှိထိ လူ ၄၀၀ လောက်ကို ရွှေလီထောင်ထဲပို့ဖို့ အချုပ်ကားတွေပေါ် တင်နေတယ်။ သူတို့ကတော့ အော်ဟစ်တာတို့တော့ မရှိခဲ့ဘူး။ NLD အကျႌဝတ်ပြီး ဆိုင်ကယ်နဲ့ သွားကြတာပါ” ဟု ရွှေလီမြို့ရှိ မမိုးက ပြောကြားသည်။ “ဖမ်းတာကတော့ ဖမ်းတယ်ခင်ဗျာ၊ ကျယ်ဂေါင်မှတော့ ၁၀ ယောက်ကျော်မယ်ဗျ၊ ခန့်မှန်းခြေ ၂၀၀၊ ၃၀၀ လောက်ရှိမယ်ခင်ဗျာ၊ မြန်မာပြည်မှာ အမေစုရဲ့ ဒေါက်ဖိနပ်သံ သီချင်းကို Sound Box သေးသေးလေးတွေနဲ့ တိုးတိုးလေးဖွင့်ပြီး ဆိုကြတာ၊ သွားကြတာများတယ်ခင်ဗျာ၊ အကျႌတွေဝတ်ပြီး ဆိုင်ကယ်တွေ သုံးဘီးတွေနဲ့ သွားကြတယ်၊ အဲ့ဒါမျိုးဘဲတွေ့တယ်။ ဝန်းရံတဲ့ သဘောမျိုးပေါ့၊ လာရောက်တဲ့သူတွေက ရွှေလီထဲက လူတွေများတယ်၊ ကျယ်ဂေါင်ထဲက လူတွေတော့နည်းတယ်၊ မနောကွင်းမှာ ဆင်းကြပြီး ဓါတ်ပုံရိုက်ကြ၊ ဗီဒီယို ရိုက်ကြတာပဲများတယ်၊ ရွှေလီတံတားကနေ ဘယ်ဘက်ချိုးပြီးတော့ သွားတဲ့သူရှိတယ်၊ ရွှေလီတံတား ဘက်ကနေ မနောကွင်းဘက် သွားတာရှိတယ်၊ ရွှေလီတံတား ဘယ်ဘက်ချိုးချိုးခြင်း လမ်းဆုံလေးမှာ စဖမ်းတာပေါ့၊ ရဲကားနဲ့ အချုပ်ကားလေးနဲ့ ဖမ်းတာပါ၊ တစ်ချို့ကလည်း တစ်စီးလောက် တချို့ကလည်း ၂ စီးလောက် ဖမ်းသွားတာလို့ ပြောကြတယ်၊ အခု‌တော့ ရွှေလီပြန်သွားတဲ့ သူတွေကို အများကြီး ဖမ်းထားတယ်လို့ ကြားတယ်” ဟု ကျယ်ဂေါင်မြို့မှ ကိုအရှည်ကြီးက ပြောကြားသည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့သူများအား ရွှေလီမြို့ အောက်ဈေးမှ ခရီသည်တင် ဘတ်စ်ကားများဖြင့် တင်ဆောင်ကာ ရွှေလီထောင်သို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
ရွှေလီကျယ်ဂေါင်မြို့ရှိ မြန်မာနိုင်ငံသားများမှ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် အနီသာရှိပြီး နိုင်ငံကူးလက်မှတ် Passport စာအုပ်မရှိခြင်း၊ မြန်မာကောင်စစ်ဝန်ရုံးသည် ‌ကူးမင်းမြို့တွင်သာရှိခြင်းကြောင့် မဲသွားရောက် ပေးပိုင်ခွင့် ဆုံးရှုံးနေပြီး တရုတ်နိုင်ငံ၏ နေထိုင်ခွင့်စာအုပ်ဖြင့် နေထိုင်နေကြသော မြန်မာနိုင်ငံသား နှစ်သိန်းကျော် ရှိကြောင်း သိရသည်။

သတင်း – ပြည့်စုံ (မူဆယ်)

Add a Comment

Your email address will not be published. Required fields are marked *