နေအိမ်တွင် ထမင်းချက်လုပ်ကိုင်သူထံမှ ငွေကြေးလိမ်လည်ထွက်ပြေးသူကို အမှုဖွင့်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ အိမ်တွင် ထမင်းဟင်းချက်ပြုတ် လုပ်ကိုင်ရန် ငှားရမ်းထားသူထံမှ ထိုင်းဘတ်ငွေ တစ်သိန်းကျော်နှင့် မြန်မာကျပ်ငွေ ၁၄သိန်း ချေးယူကာ ထွက်ပြေးသွားသူကို စက်တင်ဘာလ ၂၁ရက်က တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။ မြတ်ဟိန်းသူ ဆိုသူက တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင်းရှိ နေအိမ်တစ်အိမ်တွင် ငှားရမ်းနေထိုင်ကာ ထမင်းဟင်းချက်ပြုတ်ရန် ဒေါ်ဇင်မာထွန်းကို တစ်လလျှင် ဘတ် ၃၀၀၀ ဖြင့် ငှားရမ်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်ဇင်မာထွန်းစုဆောင်းထားသည့် ငွေများကို မြတ်ဟိန်းသူက အလီလီ ချေးငှားခဲ့ပြီး မြန်မာကျပ်ငွေ ၁၄သိန်းနှင့် ထိုင်းဘတ်ငွေ ၁၁၉၀၀၀ ချေးငှားပြီးချိန်တွင် ပြန်မဆပ်ဘဲ ထွက်ပြေးသွားသည့်အတွက် အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

ငွေကြေးလိမ်လည်ထွက်ပြေးသူ မြတ်ဟိန်းသူ(၃၁နှစ်)မှာ ပျော်ဘွယ်မြို့ဇာတိ ဖြစ်ပြီး တပ်မတော်မှ ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ပြီး စစ်ပြေးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ဖြစ်ကြောင်းလည်း သိရသည်။ ၎င်းကို တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ သတင်းပေးရန်နှင့် အခြားသူများလည်း ထပ်မံလိမ်လည်မခံရစေရန် သတိထားစေလိုကြောင်း တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

Add a Comment

Your email address will not be published. Required fields are marked *