မြန်မာ့နိုင်ငံရေးနှင့် ကနေဒါ၏ လက်သီးပုန်းများ

ဤအကြောင်းအရာများသည် C3M ၏ တင်ပြမှုများသာဖြစ်သည်။ khitthit.net ၏ အာဘောများမဟုတ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

Myanmar Now သတင်းဌာနက မြန်မာပြည် ရွေးကောက်ပွဲမှာ ဒုတိယ အင်အား အကြီးဆုံးအဖြစ် ဝင်ယှဉ်ပြိုင်တော့မယ့် ကနေဒါနိုင်ငံမှာ ဖွဲ့စည်းခဲ့တဲ့ UDPပါတီအကြောင်း အစဖော်ပေးတော့မှ ပွဲဆူရင် ဝင်မွှေတတ်တဲ့ ဝသီအတိုင်း သိသမျှ မှတ်သမျှလေးနဲ့ ဝင်ညှော်လိုက်တယ်ဗျာ။

မြန်မာပြည်နဲ့သမုဒ္ဒရာကြီးခြားနေတဲ့ ပစိဖိတ်သမုဒ္ဒရာကြီးရဲ့ တစ်ဖက်ခြမ်း မြောက်အမေရိကတိုက် အမေရိကန်ပြည်ထောင်စုရဲ့ အမွှာညီနောင် ကနေဒါနိုင်ငံက မြန်မာ့နိုင်ငံရေးမှာ တခါတလေ အရေးပါတဲ့ အခန်းကဏ္ဏက ဝင်ပါတတ်တယ်ဆိုတာ လူအများစု သတိထားမိမယ် မထင်ဘူး။

၁၉၇၀မှာ ဝန်ကြီးချူပ်ဟောင်း ဦးနုရဲ့ PDPပါတီနဲ့ PLAခေါ် မျိူးချစ်တပ်မတော်ကို ထူထောင်ဖို့ ငွေကြေးရှာတော့ CIA အေးဂျင့် Bill Youngမှတဆင့် ဒေါ်လာ၂သန်းကို ကနေဒါနိုင်ငံ Albertaပြည်နယ်က ရေနံကုမ္ပဏီတခုကစ လှူဒန်းခဲ့တယ်ဗျ။ မြန်မာပြည် သူပုန်လောကမှာ ပထမဆုံး အမေရိကန်လုပ် လက်နက်ကောင်းတွေကို ဖောဖောသီသီကိုင်နိုင်တဲ့ သူပုန်အဖွဲ့သစ် ပြိုလဲသွားတဲ့ အချိန်မှာတော့ သူတို့ရဲ့ လက်နက်တွေ စီအိုင်အေ အဆက်အသွယ်တွေဟာ ကရင်လက်နက်ကိုင် KNUအတွက် အသက်ကယ်ဆေးတခွက်ဖြစ်ပြီး ဒီနေ့အချိန်ထိ အရှိန်ပြင်းပြင်း ဆက်တော်လှန်နိုင်ခဲ့တယ်။

ယခင်က ယေဘူယျအားဖြင့် ငြိမ်းချမ်းတဲ့ ရှမ်းပြည်ကြီးမှာ ပထမဆုံး အင်အားကြီးတဲ့ တော်လှန်ရေးအဖွဲ့ (သူပုန်အဖွဲ့ ဆိုပါတော့) ကို စတင်ထူထောင်ခဲ့တဲ့ သမ္မတဟောင်း စဝ်ရွှေသိုက်ကတော် မဟာဒေဝီနဲ့ သားသုံးယောက်ဟာလဲ ကနေဒါနိုင်ငံသားယူပြီး အခြေချနေထိုင်ကြတယ်ဗျ။ သားအကြီးဆုံး ရှမ်းနိုင်ငံသမ္မတလို့ ကြေငြာထားတဲ့ ဦးတိုက်ဂါး ညောင်ရွှေဟာ Alberta ပြည်နယ်က ရေနံကုမ္ပဏီသူဌေး၊ သားအလတ် ကွယ်လွန်သူ ဒေါက်တာယူဂျင်းသိုက်က အရင်အစိုးရလက်ထက်မှာ အဝေးရောက်စင်ပြိုင်အစိုးရ NCGUBရဲ့ အထူးအကြံပေး၊ သားအငယ်ဆုံး ဦးဟန် ညောင်ရွှေကတော့ DVB အသံလွှင့်ဌာနရဲ့ (ယခင်က) ကန့်လန့်ကာနောက်ကွယ်က အုပ်ချူပ်သူ တဦးပေါ့။ ငြိမ်းချမ်းရေး အလွန်မြတ်နိုးတဲ့ ကနေဒါနိုင်ငံက ယခင် ဝန်ကြီးချူပ်ဟောင်း တဦးဆိုရင် မြန်မာကျောင်းသား လေယဉ်ပျံ ပြန်ပေးဆွဲသူကြီး စိုးမြင့် (ယခု မဇ္ဇိမ သတင်းဌာန ပိုင်ရှင် သူဌေးကြီးပေါ့) ကနေဒါကို မြန်မာ ပတ်စပို့အတုကို ဓါတ်ပုံခွါကပ်ပြီး ဝင်လာတုန်းက အော်တဝါမြို့တော်မှာ တစားပွဲထဲထိုင်ပြီး ဆွေးနွေးခဲ့တာပေါ့။ ဪ အဲ့ဒီတုန်းက စိုးမြင့်ကိုင်တဲ့ ဗမာပတ်စပို့အတုထဲက နာမည်က အောင်ကျော်မိုးတဲ့ဗျ။ အခုခေါတ်စားနေတဲ့ ရိုဟင်ဂျာ ကိစ္စအတွက်ဆို ၂၀၁၇ထဲက တနှစ်ကို ဒေါ်လာ သန်း၁၀၀ ထောက်ပံ့နေပြီး အရင်တလောက မြန်မာတပ်ထဲက ပြေးလာတဲ့ စစ်သား၂ယောက်ကို ကမ္ဘာ့တရားရုံးမှာ သက်သေထွက်ဖို့ ကိစ္စအားလုံးရဲ့ နောက်ကွယ်က ထောက်ပံ့သူဟာ ကနေဒါပဲပေါ့ဗျာ။ အဲ့ဒီလိုမျိူး လိမ္မာပါးနပ်လှတဲ့ ကျွန်တော့ရဲ့ မွေးစားနိုင်ငံကနေ ဒါကနေအခု မြန်မာ့ရွေးကောက်ပွဲမှာ ဒုတိယအင်းအားအကြီးဆုံး ပါတီကြီးဖြစ်တဲ့ UDPမွေးဖွားလာတယ်ဆိုတာ သိပ်တော့ အံ့ဩစရာ မရှိပါဘူးလေ။ တိုက်ဆိုင်မှုတခုပဲ နေမှာပါ။

555 Burrard street Vancouver ရုံးခန်းရှိတဲ့အဆောက်အဦး

UDPရဲ့ ဇာတ်လမ်းလေး အစက ဒီလိုဗျ။ မြောက်အမေရိကတိုက်က အလှဆုံး မြို့တွေထဲမှာပါတဲ့ ဗန်ကူးဗားမြို့ရဲ့ စီးပွါးရေး အချက်အချာ မြို့လယ်ခေါင် အမှတ် 555 Burrard Streetဆိုတဲ့ သံမဏိတွေ မှန်ချပ်တွေနဲ့ တည်ဆောက်ထားတဲ့ မိုးမျှော်တိုက်ကြီးရဲ့အပေါ်ထပ်မှာ NAH Development Group ကုမ္ပဏီဆိုတဲ့ ရုံးခန်းတခု ၂၀၀၇ခုနှစ်တုန်းက ရှိတယ်ဗျ။ အဲ့ဒီရုံးခန်းမှာ စာရေးမတယောက်ရယ် အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ထားတဲ့ မျက်ပေါက်ကျဉ်းကျဉ်း မြန်မာပြည်ဖွား ကနေဒီယမ်တဦး၂၀၀၇ ခုနှစ်ကုန်ခါနီးဆောင်းမနက်ခင်းတခုမှာ ထိုင်နေတယ်။ သူ့နာမည်က မိုက်ကယ်ဟွားဟူခေါ် ဦးကျော်မြင့်တဲ့။ ဟွားဟူဆိုတာ ကျားခေါင်းလို့ တရုတ် ဒေသန္တရစကားတချိူ့မှာ အဓိပ္ပာယ်ရတယ်လို့သူကပြောတယ်တဲ့ဗျ။ ခဏနေတော့ အနောက်တိုင်းဝတ်စုံ မသေမသပ်ဝတ်ထားတဲ့ အာရှသား လူငယ်နှစ်ဦး၊ သူတို့ရဲ့ ပထမ အလုပ်စတဲ့ နေ့အဖြစ် ရောက်လာကြတယ်။ မြန်မာပြည်ဖွား လူငယ်နှစ်ဦးမှာ တဦးက ဧရာဝတီ သတင်းဌာနရဲ့ (အဲ့ဒီတုန်းက ဧရာဝတီက မြန်မာပြည် ဝင်ခွင့်မရသေးဘူး) ဘန်ကောက်ရုံးကနေ ကနေဒါကို ပညာတော်သင်ရဖို့ ပြောင်းလာတဲ့ အသက်၂၀ကျော် အရွယ် ကချင်လေး နော်ဆိုင်းတဲ့။ နောက်တယောက်ကတော့ မုံရွာNLDကနေ ၁၉၉၀ရွေးကောက်ပွဲအပြီးမှာ တောခိုလာတဲ့ အညာသား အသက်၃၀ ဝန်းကျင် အရွယ် ကျော်မိုးတဲ့။ ကိုကျော်မိုးက အသက်ပိုကြီးတော့ ဘဝအတွေ့အကြုံ ပိုစုံပုံရတယ်။ မုံရွာမြို့ကနေ အိန္ဒိယနိုင်ငံကို ၁၉၉၀နောက်ပိုင်းမှာ တောခိုလာပြီးNLD ပါတီလွတ်မြောက်နယ်မြေတာဝန်ခံ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ကြီး ဒေါက်တာတင့်ဆွေရဲ့အပါးတော်မြဲလုပ်နေရာက မြန်မာပတ်စပို့အတုကိုင်ပြီး နော်ဝေနိုင်ငံရဲ့ DVBသတင်းဌာန ခေါတ်ဦးမှာ နော်ဝေကို ပြောင်းရွှေ့နေရင်း ကရင်အမျိူးသမီးနဲ့ အိမ်ထောင်ကျ သမီးလေး တဦးရပြီးတော့ ကနေဒါနိုင်ငံ အော့တဝါမြို့ကို ဆက်ပြောင်း ပြီးသတင်းစာပညာသင်တယ်။ နော်ဝေးမှာ ကျန်ခဲ့တဲ့ သူ့ဇနီးက အဆိုတော် တဦးနဲ့ အိမ်ထောင်သစ် ထူထောင်သွားတော့ သူလဲ ကနေဒါ ဗန်ကူးဗားမြို့ကို ဆက်ပြောင်းပြီး ဖိလစ်ပိုင် အမျိူးသမီး တဦးနဲ့ သားလေး တယောက်ရပြီး အလုပ်ရှာနေတုန်း မြန်မာပြည်က လုပ်ငန်းရှင် ဦးကျော်မြင့်က အလုပ်ခန့်တော့ အဆင်သင့် ဖြစ်သွားတာပေါ့။ ဂျာနယ်လစ်ဇင်ဒီပလိုမာလောက်ပညာတတ်တဲ့နိုင်ငံခြားဒုက္ခသည်တဦးဟာကနေဒါက အင်္ဂလိပ်တို့ပြင်သစ်ဘာသာတို့ နဲ့ထုတ်ဝေတဲ့မီဒီယာကြီးတွေမှာ အလုပ်ရဖို့ကမလွယ်ဘူးလေ။သူတို့ရုံးမှာ ကွန်ပြူတာအပြင် ဘာမှ ပစ္စည်းအပို မရှိပါဘူး။ ဘာအလုပ်မှလဲ မယ်မယ်ရရ မလုပ်ရဘဲ ပြည်ပရောက် မြန်မာ နိုင်ငံရေးလှုပ်ရှားသူတွေကိုပဲ စာရင်းပြုစုခိုင်းပြီး လိုက်ဆက်သွယ်ခိုင်းတယ်။

အဲ့ဒီအချိန် ၂၀၀၇နှစ်ကုန်ပိုင်းဆိုတာ မြန်မာပြည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲနေတဲ့ ညောင်နှစ်ပင် ညီလာခံ အဆုံးသတ်ခါစ ပြည်သူ့ဆန္ဒခံယူပြီး အတည်ပြုမယ့် ၂၀၀၈ မေလ ရောက်ဖို့တောင် ၆လလောက် လိုသေးတယ်ဗျ။ ဗမာအစိုးရကလဲ ပြည်ပရောက် နိုင်ငံရေးသမားတွေကို ပြည်တွင်းဝင်ဖို့ ဗီဇာ ထုတ်မပေးတော့ ပြည်ပရောက် နိုင်ငံရေးသမားတွေ အတွက် စင်ပြိုင်အစိုးရ NCGUBတို့ Burma Campaignတို့နဲ့ ဘေးထိုင် ဘုပြော ဘောပွတ် နေကြချိန်ပေါ့။ သံရုံးရှေ့ ဆန္ဒပြလိုက် DVB, RFA, VOA နဲ့ရေဒီယိုလေလှိုင်းကြားကပျောက်ကျားစစ်ပွဲကြီး တွေ တော်လှန်ရေးကြီး တွေဆင်နွှဲနေကြတယ်။ မြန်မာပြည်မှာလဲ တယ်လီဖုန်း၊ အင်တာနက်၊ ဖေ့ဘွတ် ဘာမှသုံးလို့ အဆင်မပြေတော့ ပြည်တွင်းထဲမှာ ဘာဖြစ်လဲ ပြည်ပက မသိကြဘူးဗျ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကလဲ ဖြစ်ပြီးခါစ ပူပူနွေးနွေး ရှိသေးတာလေ။

ဒီလိုနဲ့ပဲ နာဂစ် ဆန္ဒခံယူပွဲလုပ်ဖို့ အဝေးကြီး လိုနေသေးတဲ့ ၂၀၀၈ခု နှစ်ဆန်းမှာတော့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ အခြေချနေထိုင်တဲ့ ဗမာနိုင်ငံရေး အသိုင်းအဝိုင်းမှာ လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ နိုင်ငံရေးသမား ဆိုတာကလဲ အမျိုးမျိုးကွဲနေကြတာပါ။ ABSDF ရဲဘော်ဟောင်း အများစုပါတဲ့ ရှစ်လေးလုံး လှုပ်ရှားသူတွေနဲ့ ဒုက္ခသည် စခန်းကလာတဲ့ တိုင်းရင်းသားတွေ၊ အခွင့်ရေးသမား ဒုက္ခသည် အတုတွေနဲ့လဲ သိပ်အစေးမကပ်ကြဘူး။ အဲ့ဒီမှာ ဦးကျော်မြင့်က ဗန်ကူးဗား အခြေချ ကျောင်းသားတပ်မတော် ABSDF ရဲဘော်ဟောင်းတွေကို လခပေး အလုပ်တွေ ခန့်ပြီး မြန်မာပြည် ရွေးကောက်ပွဲကျင်းပရင် ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတခု တည်ထောင်တယ်။ ကျော်မိုးနဲ့နော်ဆိုင်းကို ကေဒါအဖြစ်အလုပ်ခန့်ပြီး ကနေဒါနဲ့အမေရိကန်အချေစိုက် နိုင်ငံရေးအဖွဲ့အစည်းတွေကို ရွေးကောက်ပွဲဝင်ဖို့စည်းရုံးတယ်၊ဦးကျော်မြင့် အမြှော်အမြင်က အလွန်ရှေ့ရောက်လွန်းတော့ ပြည်ပရောက် နိုင်ငံရေး သမားတွေထဲမှာ ရှုပ်ယှက်ခတ်ကုန်တာပေါ့။

UDP ပါတီဥက္ကဌကြီး ဟူဟွာ (ခေါ်)နင်းချီကျော်မြင့် (ခေါ်)ဦးကျော်မြင့် (ခေါ်)ဦးဇခုန်ဇုမ်းဆောင်(ခေါ်) မိုက်ကယ် (ခေါ်) မစ္စတာ မိုက်ကယ်ကျော်မြင့်ဟွားဟူ

မြန်မာပြည်မှာရွှေဝါရောင်တော်လှန်ရေး အရှိန်မြင့်တက်နေတဲ့ ၂၀၀၇ စက်တင်ဘာလကုန်ပိုင်း မှာတော့ ပြည်တွင်းကဖြစ်ပျက်သမျှကို စောင့်ကြည့်ရင်း ဘာလုပ်ရမှန်းမသိ မရိုးမရွဖြစ်နေတဲ့ ပြည်ပရောက် မြန်မာ့နိုင်ငံရေးအင်အားစုတွေဟာ ဆောင်းဦးပေါက် မေပယ်ရွက်နီနီတွေကြွေကျနေတဲ့ ကနေဒါနိုင်ငံရဲ့နေပြည်တော် အော့တဝါမြို့က Sheraton Hotel ကိုတဖွဲဖွဲရောက်လာကြတယ်။ အစည်းအဝေးနာမည်က Burma Forum မြန်မာ့အရေးနှီးနှောဖလှယ်ပွဲတဲ့ဗျ။ စီစဉ်သူကတော့ ကျော်မိုးဆိုတဲ့ CFOB Canadian Friends of Burma မြန်မာ့ကနေဒီယမ်မိတ်ဆွေများ ပရဟိတအဖွဲ့ဝင်တဦးဗျ။ မြန်မာ့နိုင်ငံရေး အရေးကြီးလာချိန်ဆိုတော့ ပြည်ပရောက် နာမည်ကြီးမြန်မာ့နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ ၅၀ကျော်နဲ့ ကနေဒါအစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေ ကနေဒါလွှတ်တော်ကိုယ်စားလှယ်တွေ မြန်မာ့အရေးကိုဗမာတွေထက်ပိုသိတဲ့ဗမာစကားမပြောတတ်တဲ့
မြန်မာ့ရေးရာကျွမ်းကျင်သူမျက်နှာဖြူ ၅၀ကျော်ဆိုတော့စုစုပေါင်းတက်ရောက်သူ ၁၀၀ကျော်တယ်ဗျ။

အခမ်းအနားမှူးအဖြစ် ဦးကျော်ဇံသာဆောင်ရွက်တဲ့ ဒီဆွေးနွေးပွဲကိုတက်ရောက်သူတွေထဲမှာ မှတ်မိသမျှ ABSDF ဥက္ကဌဟောင်း ထွန်းအောင်ကျော်၊ စင်ပြိုင်အစိုးရ NCGUB ကဦးဘိုလှတင့်၊ ကေအင်ယူ နိုင်ငံခြားရေးတာဝန်ခံ ဖဒိုဒေးဗစ်ထော၊ ဘာမားကမ်ပိန်းမှအောင်ဒင်၊ သမ္မတဟောင်းစဝ်ရွှေသိုက်သားထွေး ဦးဟန်ညောင်ရွှေ နဲ့ နာမည်ကြီားနိုင်ငံရေးသမား ဦးဘိုဘိုကျော်ငြိမ်း၊ ဦးညိုအုန်းမြင့်နဲ့ ကနေဒါ ပါလီမန်အမတ်များ၊ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနကအမျိုးသမီးငယ်တဦး စသဖြင့်မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့်ဗျာ။ဒီဖော်ရမ်ကြီးကိုတက်ရောက်လာတဲ့ အာဘောင်အာရင်းသန်သန် ဆွေးနွေးကြတဲ့ဧည့်သည်တော်ကြီး တွေကို Sheraton Hotel ကြီးမှာ အခမဲ့တည်းခိုခွင့်၊ တက္ကစီခ၊လေယာဉ်လက်မှတ်စတာတွေ စီစဉ်ပေးအပ်နေတဲ့ ဧည့်ကြိုစားပွဲမှာထိုင်နေတဲ့ဖိလစ်ပိုင်အမျိုးသမီးလေးဟာ ကျော်မိုးရဲ့ မိန်းမ ဆိုတာရယ် ဒီစားရိတ်တွေအားလုံးကိုစပွန်ဆာလုပ်ထောက်ပံ့တာ NAH Development Group ကုမ္ပဏီဆိုတာရယ် အဲဒီကုမ္ပဏီပိုင်ရှင် သူဌေး မိုက်ကယ်ကျော်မြင့်ဟွားဟူဆိုတဲ့ ဗမာစကားမပီတဲ့တရုတ်တဦးဟာ နိုင်ငံရေးခေါင်းဆောင်ကြီးတွေနဲ့တစားပွဲထဲထိုင်လို့ ဘာစကားမှမပြောပဲ လာသမျှလူတွေကိုမျက်ပေါက်ကျဉ်းကျဉ်းလေးကနေ အကဲခတ်နေတယ်ဆိုတာရယ် ဂုဏ်သရေရှိဧည့်သည်တော်ကြီးများ သတိထားမိမယ်မထင်ပါဘူး။အဲဒီ ဘားမားဖော်ရမ် အစည်းအဝေးကျင်းပတဲ့ ၂၀၀၇ စက်တင်ဘာလ ကို UDP နှင်းချီပါတီ (သူ့လေသံနဲ့) ဖွဲ့စည်းတဲ့နေ့အဖြစ်နောက်ပိုင်းမှာ သတ်မှတ်လိုက်တာကို သိလိုက်တော့မှ အဲဒီနေ့က ဘာစကားမှမပြောပဲ ထိုင်ကြည့်နေသူကြီးရဲ့အသုံးချခံလိုက်ရတာကို ၂၀၂၀ခုနှစ်မှာမှသူတို့သဘောပေါက်သွားကြတယ်ဗျ။

ကျော်မိုး(မုံရွာ NLD ဟောင်း)ရဲ့ လိပ်စာကပ်

အဲဒီအစည်းအဝေးကိုစပွန်ဆာလုပ်တာဘယ်သူဆိုတာသတိမထားမိကြတဲ့အပြင် စီစဉ်ဖိတ်ကြားသူဟာလဲ ဗမာလူမျိုးကိုကျော်မိုးဖြစ်တာကြောင့် ဘာစကားမှဝင်မပြောတဲ့ မိုက်ကယ်ကျော်မြင့်ဟွားဟူဆိုသူကိုရော UDP ပါတီဆိုတာရော ဘယ်သူမှမသိကြဘူး။ ၂၀၀၇ စက်တင်ဘာလက ဆွေးနွေးတဲ့အထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံတောင်အတည်ပြုဖို့တနှစ်လောက်လိုသေးတဲ့ကာလဆိုတော့ အဲဒီအချိန်ဖြစ်နေတဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကိစ္စကိုပဲစိတ်ဝင်တစား ဆွေးနွေးပြီး ပါတီဖွဲ့တာတို့ ရွေးကောက်ပွဲတို့ ချေဥတို့ဘယ်သူမှမဆွေးနွေးခဲ့ပါဘူး။

စဉ်းစားကြည့်လေဗျ၊ ၂၀၀၈ အခြေခံ ဥပဒေဆိုတာ အခု ၁၂နှစ် ကြာတဲ့ ၂၀၂၀မှာတောင် ငြင်းကြခုန်ကြတုန်း၊ အတည်ပြုပြီး ရွေးကောက်ပွဲလုပ်တဲ့ ၂၀၁၀မှာတောင် NLDက သပိတ်မှောက်တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာမှ ပါဝင်မယ်ဆိုပြီး သူတို့ဆီက ကွဲထွက်သွားတဲ့ NDFနောက်လိုက် လုပ်ရတယ်(ရှက်တတ်ရင်တော့ဝန်ခံပေါ့နော့)၊ ဆိုတော့ ၂၀၀၈ခု မေလ နာဂစ်ကာလ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အတည်ပြုပြီးမှ တရားဝင် နိုင်ငံရေးပါတီ အဖြစ် ဖွဲ့စည်းလို့ရတာ။ ၂၀၀၈ နှစ်ဆန်းကာလထဲက ရွေးကောက်ပွဲ ဘယ်တော့ လုပ်ပေးမယ်မှန်း မသိခင်၊ ရေးဆွဲထားတဲ့ ဥပဒေကို အတည်မပြုခင်ထဲက UDPပါတီ ဆိုတာကို ကနေဒါနိုင်ငံ မှာ ဖွဲ့တယ်ဆိုတော့ အဲ့ဒီတုန်းက တော်တော်ကို ရှေ့ရောက်တယ် ဆိုရမယ်။ ကြံ့ဖွံ့USDPတောင် ပရဟိတအသင်း အဆင့်ပဲ ရှိသေးတယ်။ ပါတီ မဖြစ်သေးဘူး။ ၂၀၀၈ဖွဲ့စည်းပုံနောက်ပိုင်း ခေါတ်သစ် ဗမာ့ သမိုင်းမှာ UDPပါတီက ပထမဦးဆုံး နိုင်ငံရေးပါတီလို့ ခေါ်ရင် မှားမယ် မထင်ဘူး။

ဆရာတပည့်နိုင်ငံခြားသား၂ဦးမြန်မာပြည်နိုင်ငံရေးဆွေးနေ

ဒါနဲ့ပဲ ဗန်ကူးဗားမြို့ရောက် ရှစ်လေးလုံး တော်လှန်ရေးသမား တော်တော်များများ လစာ ဒေါ်လာ ၂၀၀၀, ၃၀၀၀စား စည်းရုံးရေးမှူးကြီးတွေ ဖြစ်ပြီး ပြည်ပရောက် မြန်မာတွေကို လိုက်စည်းရုံးပြီး ပွဲတော်ကြီး ဖြစ်သွားတယ်။ဪ လစာတွေထုတ်ပေးတာကလဲ မစ္စတာမိုက်ကယ်ကျော်မြင့်ဟွားဟူပိုင်တဲ့ NAH Development Group ကုမ္ပဏီကချက်လက်မှတ်နဲ့ပဲဗျ။ မြန်မာပြည်တွင်းကလူတွေ ၂၀၀၈ ဖွဲ့စည်းပုံအတွက် လူထုဆန္ဒ ခံယူပွဲကြီး မလုပ်ခင် နာဂစ်မုန်တိုင်းကြီး မတိုက်ခင် ၂၀၀၇ နှစ်ကုန်ခါနီးထဲက မြောက်အမေရိကရဲ့ မြန်မာနိုင်ငံရေးသမားတွေကြားမှာ ကျော်မြင့်ရဲ့ UDP မုန်တိုင်းကြီးက တိုက်နေပြီ။ အဲ့ဒီတုန်းက မြောက်အမေရိက မြန်မာ့နိုင်ငံရေး ဗဟိုက အမေရိကန်နိုင်ငံ အင်ဒီးယားပြည်နယ်က ဖို့ဝိန်းမြို့ဗျ၊ အမေရိကားနဲ့ ကနေဒါအနှံ့က ရှစ်လေးလုံး မူလလက်ဟောင်း နိုင်ငံရေးသမားကြီးတွေလဲ အလကားရတဲ့ လေယဉ်လတ်မှတ်တွေ ဟိုတယ်တွေနဲ့ အနောက်တိုင်း ထမင်းစား ဝတ်စုံကြီးတွေ ဝတ်ပြီး ဗန်ကူးဗားမြို့မှာ အညှီရှိရာ ယင်အုံကြတာပေါ့။ ABSDFရဲ့ ပထမဆုံး ဥက္ကဌကြီး ကိုထွန်းအောင်ကျော်တောင် ဟာဝေယံကျွန်းမှာ ဆူရှီလိပ်နေရာက ပြေးလာပြီး ခေါတ်မှီအောင် ပါတီဝင်လိုက်သေးတယ်။ သူ့ပါတီဝင်နံပါတ်က ၂၂တဲ့ဗျ။ စီနီယာ ကျတယ်နော။ နောက်ပိုင်းပါတီကထွက်ပါတယ်လို့လဲကာယကံရှင်ကရှင်းထားပါတယ်။

၂၀၀၈ ကနေဒါမှာတရုတ်သံအမတ်ကြီးနဲ့ဆွေးနွေးနေသော မိုက်ကယ်ကျော်မြင့်ဟွားဟူ(ေခါ်)နင်းချီကျော်မြင့်

ဗန်ကူးဗားအခြေစိုက် နော်ဆိုင်း၊ ကျော်မိုးနဲ့ အခြား ပုဂ္ဂိုလ် ထီး မ များကတော့ UDPပါတီရဲ့ အမာခံ ကေဒါတွေပေါ့ဗျာ။ အမာခံတွေကို ခရီးစရိတ်မျိူးစုံ ထုတ်ပေးပြီး အဲ့ခေါတ်က မြန်မာ့ နိုင်ငံရေးအတွက် ရှေ့တန်းဒေသလို့ သတ်မှတ်တဲ့ မြန်မာပြည် နယ်စပ်ဒေသတွေကို စေလွှတ်တယ်ဗျ။ အဲ့ဒီအချိန်မှာ ထူးခြားတာ သတိထားမိတာက တရုတ်ပြည်သွားဖို့ ဗီဇာသွားလျှောက်ရင် သူနဲ့ပတ်သက်သူတွေကို တရုတ်သံရုံးက VIPလို ဆက်ဆံတယ်ဗျ။ သူ့ကိုယ်သူ ဗမာပြည်သား တော်လှန်ရေးသမားလို့ ပြောထားတဲ့ ဦးကျော်မြင့်ဟာ ဗမာစကားကိုမပီကလာပီကလာပေါက်ဖော်သံနဲ့ပြောပြီးတရုတ်စကားကို တော့ တရုတ် အစစ်တယောက် လေသံနဲ့ ပြောတတ်တာ သိပ်မထူးဆန်းပေမယ့် တရုတ်သံရုံး တရုံးလုံးကို ဗန်ကူးဗား စိန်ငါးပွင့် အဆင့် ဟိုတယ်မှာ ဧည့်ခံတာတို့၊ ဗန်ကူးဗားမြို့ တရုတ် အသိုင်းအဝိုင်းနဲ့ ပိုနီးစပ်စွာ ဆက်ဆံတာတို့က ထူးဆန်းနေတယ်။ ကနေဒါပြည် ဗန်ကူးဗားမြို့မှာ တရုတ်က မျက်နှာဖြူထက်တောင် ပိုများအောင် သိန်းချီ ရှိနေပြီး တရုတ်သံရုံးရှေ့မှာ ပြည်ပြေးတရုတ် ဘာသာရေးဂိုဏ်း ဖာလုံဂုံက အမြဲ ဆန္ဒပြနေတော့ စစ်မြေပြင် တခုနဲ့တောင် တူနေတာ။ အဲ့လိုနေရာက သံရုံးက သူ့ကို VIPလို ဆက်ဆံနေတာက ထူးဆန်းတယ်လေ။

ကနေဒါနိုင်ငံသားကိုကျော်မိုး ရဲ့၂၀၁၃ဗကပ ဗဟိုခရီးစဉ်

ဗမာအသိုင်းအဝိုင်းကို ဦးကျော်မြင့် ပြောထားတာက သူဟာ ဖိမော်၊ ဂေါ် လန်၊ကန်ဖန် ဒေသကို တရုတ်လက်ထဲ လွှဲအပ်တဲ့ ၁၉၆၀မတိုင်ခင် ဖိမော်ရွာဗမာပိုင်မြေ ဖြစ်တုန်းက မွေးဖွားခဲ့လို့ ဗမာပြည်သား ဖြစ်တယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ ကို တပ်သားအဖြစ် ဝင်ပြီး ဗိုလ်မှူးကြီးအဆင့်နဲ့ ၁၉၉၀မှာ အစိုးရနဲ့ ငြမ်းချမ်းရေးယူပြီး ရန်ကုန်မြို့မှာ စီးပွါးရေး လုပ်တယ်ပေါ့။ နောက်တော့စစ် အစိုးရနဲ့ ပြသနာတက်လို့ ထိုင်းကို ပြေးလာရာက အမေရိကန် ပြည်ထောင်စုကို အခြေချဖို့ ရောက်သွားတယ်။ အဲ့ဒီမှာ မပျော်လို့ ကနေဒါကို ထပ်ပြောင်းလာတယ်ပေါ့။ သူနဲ့ ဗိုလ်ချူပ်ခင်ညွန့် တရုတ်ပြည်ကို သွားလည်တော့ ကြိုဆိုပုံ ဓါတ်ပုံတွေလဲ ထုတ်ပြတယ်ဗျ။ ၁၉၈၈ခုနှစ်ထဲက အမိမြေကထွက်လာပြီး ပြန်ခွင့်မရတဲ့ ပြည်ပရောက် နိုင်ငံရေးသမားတွေ အဖို့တော့ သူပြောတာ ဟုတ်မဟုတ် ပြန်လှန် စီစစ်နိုင်ပုံမရဘဲ သူပေးတဲ့ အခွင့်အရေးတွေကို ယူလို့ ခိုင်းတာကို ဝေတေဝါးတားနဲ့ လုပ်နေကြတာပေါ့။

၂၀၀၈ မေလ မှာ လူထုဆန္ဒခံယူပွဲကနေ ခြေဥကို အတည်ပြုလိုက်တဲ့ အခါမှာတော့ ပြည်တွင်းက နာမည်ကြီး နိုင်ငံရေးသမား စီးပွါးရေးသမားတချိူ့ကို စည်းရုံးပြီး UDPပါတီကို မှတ်ပုံတင်ဖို့ လုပ်ကြတယ်။ဦးနုသားဦးအောင်ကတဆင့်စည်းရုံးပြီး ဦးသုဝေနဲ့ ဦးရဲထွန်းကို ပြည်တွင်း ပါတီခေါင်းဆောင် အဖြစ် သတ်မှတ်ပြီး ဇူလိုင်လ ၂၀၀၉မှာ ရန်ကုန်မြို့ ကန်တော်ကြီးစောင်းက Dolphin စားသောက်ဆိုင်မှာ မြန်မာနိုင်ငံရေးသမားတွေနဲ့ မိတ်ဆက်ပွဲ ကျင်းပတယ်ဗျ။ ပြည်တွင်းရော ပြည်ပမှာပါ ရွေးကောက်ပွဲဝင်ဖို့အတွက် ခြေဥကို အသိအမှတ်ပြုဖို့အတွက် ဒေါ်လာတွေ စုပြုံသုံးပြီး လှုပ်ရှားနေတာလေ။

၂၀၀၉နှစ်ဆန်း ဖေဖော်ဝါရီလလောက်ထဲက သတင်းအနံ့ရလို့ ဧရာဝတီ သတင်းဌာနက ဖော်ထုတ်ရာကနေပြီး ဦးကျော်မြင့်က အဲ့ဒီသတင်းဌာနကို ထိုင်းနိုင်ငံက ရှေ့နေတွေနဲ့ တရားစွဲမယ်ဆိုပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပေမယ့် မြန်မာနိုင်ငံရေးတို့ မီဒီယာလောကတို့ကို ဦးကျော်မြင့်က ဂရုစိုက်ပုံ မရပါဘူး။ ခပ်တည်တည်ပဲ သူလုပ်စရာရှိတာ ဆက်လုပ်နေတယ်။ အဲ့ဒီမှာ အမှိုက်ကစ ပြသာဒ်မီးလောင်လာတော့တယ်။ သူ့ရဲ့ အိမ်ရှင်နိုင်ငံ ကနေဒါနိုင်ငံက စတော့စျေးကွက်မှာ သူ့ကမ္ပဏီရဲ့ ရှယ်ယာတွေ စျေးကစားတာကနေ ပြသနာထတက်ပါလေရော။

မြန်မာပြည်က လာတယ်ဆိုတဲ့ ဒုက္ခသည်တဦးရဲ့ ဗန်ကူးဗားမြို့လည်ခေါင်က ကုမ္ပဏီရုံးခန်းမှာ ပိုင်ဆိုင်တာဆိုလို့ စားပွဲရယ် ကုလားထိုင်ရယ် စာရေးမတယောက် ပေကြောင်ကြောင် ဗမာဒုက္ခသည် ချာတိတ်နှစ်ယောက်နဲ့ ပိုင်ရှင် မျက်လုံးမှေးမှေး တယောက်ပဲ ရှိတာလေ။ အဲ့ဒီရုံးခန်းလေးထဲကနေ ထောင်ထားတာ ကုမ္ပဏီတော်တော်များများ ရှိနေတယ်။ အဲ့ဒီမှာ ထင်ရှားတဲ့ ၃ခုက (၁) NAH Development Group Inc (၂) Future Canada China Environment Inc (၃) Maple Leaf Reforestation Inc တဲ့ဗျ။ January 2009ရဲ့ တနေ့မှာ အဲ့ဒီလို ဘာမှ မရှိတဲ့ ရုံးခန်းလေးထဲက တန်ဖိုး ဒေိါလာ ၅သောင်း ၅ထောင်ပဲ ပိုင်ဆိုင်မှုရှိတယ်လို့ ပြထားတဲ့ ကုမ္ပဏီငယ်လေးက TSX စတော့စျေးကွက်မှာ ညတွင်းချင်းပဲ တန်ဖိုးမြင့်တက်သွားပြီး ဒေါ်လာသန်းပေါင်း တစ်ထောင့်တစ်ရာ (၁.၁ ဘီလျံ) ဖြစ်သွားပါလေရော။ အဲ့ဒီတော့မှ အစိုးရတွေ စတော့စျေးကွက့်စည်းကမ်း ထိန်းသိမ်းသူတွေ သဘောပေါက်ပြီး အဲ့ဒီ ကုမ္ပဏီ စတော့ရှယ်ယာတွေ အရောင်းပိတ်လိုက်တယ်။

ဗမာဒုက္ခသည်တဦးပိုင်တဲ့ ကုမ္ပဏီအားလုံးဟာ တရုတ်ပြည်ကြီးက စီးပွါးရေးလုပ်ငန်း ပရောဂျက်ကြီးတွေကိုပဲ ကိုင်တွယ်နေတယ်လို့ သတင်းလွှင့်ထားတယ်ဗျ။ အခုပြသနာဖြစ်တဲ့ ကုမ္ပဏီက တရုတ် မွတ်စလင်ပြည်နယ် စင်ကျန်းမှာ ဇီဝဒီဇယ် ပရောဂျက်ကြီး ရတယ်လို့ သတင်းပေါက်ကြားသွားလို့ နေ့ချင်းညချင်း ကွန်ပြူတာလေး တလုံးပဲ ရှိတဲ့ ကုမ္ပဏီတန်ဖိုးက ဒေါ်လာဘီလျံချီသွားတာပေါ့။

အဲ့ဒီတော့မှ ဒီသတင်းအနံ့ကိုရတဲ့ ကနေဒါသတင်းစာကြီးတွေက စုံစမ်းရေးသားကြတော့ လူသိပြီး ဦးကျော်မြင့် နဲနဲ အမြှီးကုပ်သွားတယ်။ ဗမာမီဒီယာ ဧရာဝတီက စပြီးဖော်တုန်းက ဓါတ်တိုင်ချိူးမယ် ဇလီဖာတုံး သွားကြားထိုးမယ် ကြိမ်းဝါးတော့ ဟိုဆင်းရဲသား မီဒီယာလေးခမျာ အမြှီးကုပ်နေရတယ်။ အခုတော့ အိမ်ရှင်နိုင်ငံ သတင်းစာ ဘီလူးကြီးတွေ ဝင်လာတော့ သူအမြှီးကုပ်တဲ့ အလှည့် ဖြစ်သွားရော။

အဲ့ဒီလို နာမည်ကြီးသွားတော့မှ ကနေဒါ အာဏာပိုင်တွေက အမှုဖွင့်ပြီး စစ်ဆေးကြတယ်။ ဒါပေမယ့် ငွေများငွေနိုင်ပြီး တရားမျှတမှုဆိုတာ အခြေအနေ အချိန်အခါပေါ် မူတည်တဲ့ လောကကြီးမှာ ဥပဒေချိူးဖောက်သူကို ဒဏ်ငွေ ဒေါ်လာ ၁.၅သန်း သတ်မှတ်ပြီး အမှုပြီးသွားတယ်။ ဒဏ်ငွေ သတ်မှတ်တာတောင် ဒေါ်လာ ဘီလျံချီတဲ့ အမှုအတွက် မဟုတ်ဘူးဗျ။ ၂၀၀၉မှာ ဖြစ်တဲ့ အမှုကို အရေးမယူပဲ လွန်ခဲ့တဲ့ ၂နှစ် ၂၀၀၇မှာ ဖြစ်ခဲ့တဲ့ ကိစ္စ အမှုပေါ့တာလေး အတွက် ဒဏ်ပေးတာဗျ။ သူ့ကုမ္ပဏီ၃ခုထဲက Maple Leaf Reforestation Incဆိုတဲ့ အသေးလေးနဲ့ ပါတ်သက်ပြီးပဲ အရေးယူတာပါ။ ရယ်ရတယ်ဗျ လူပါးပုလင်းထိ သွားတာပေါ့ဗျာ။ ဗန်ကူးဗားမြို့မှာ သူ့မိန်းမ ကချင်လူမျိူး ဒေါ်နမ်ဘောက်နဲ့ ကလေး၂ယောက်နဲ့ အတူနေပေမယ့် အပြင်ကွင်းလဲ ပါတ်ကန်တယ်ဗျ။ သူ့ဆော် တရုတ်မလေးနာမည်က လင်ပင်းတန် တဲ့။ အဲ့ဒီတယောက် နာမည်နဲ့ စတော့အရောင်းအဝယ်လုပ်ဖို့ အကောင့်ပုန်းတခုဖွင့်ပေးပြီး သူ့ကုမ္ပဏီက ရှယ်ယာတွေ ဒေါ်လာ ၈သိန်းဖိုးလောက် အရောင်းအဝယ်လုပ်ပေးတာ အအမ်းမတော်တော့ ဂွမ်းသွားတာပေါ့။ ကောင်မလေး နာမည်အကောင့်နဲ့ ဝယ်ရောင်းလုပ်တာ သူ့ကွန်ပြူတာနဲ့ လုပ်ပေးမိတော့ IP Address သဲလွန်စ ရသွားတယ်။ ဒါနဲ့ပဲ ကနေဒါမှာအမှုရင်ဆိုင်နေရလို့ ၂၀၁၀ရွေးကောက်ပွဲကိုလဲ ဗမာပြည် ပြန်ခွင့်မရပဲ အဝေးက Remote Controlနဲ့ ပါတီမှတ်ပုံတင်တာတို့ သူများဗိုက်ငှါး ဓါးထိုးခံခိုင်းတာတို့ လုပ်နေရင်း ကနေဒါမှာ အမှုရင်ဆိုင်နေရာက ၂၀၁၁မှာ အမှုရှုံးပြီး ဒဏ်ငွေဆောင်ရ ရှင်းရဆိုတော့ ဗန်ကူးဗားမှာ သူထောင်ထားတဲ့ အဝေးရောက် UDPပါတီ လှုပ်ရှားမှုမရှိဖြစ်ပြီး ပြည်ပရောက် အမြုတေပါတီလဲ လုံးပါးပါးပြီး ပျောက်ကွယ်သွားတယ်။ ပါတီဝင်တွေလဲ လူစုကွဲသွားပြီး အမာခံ တပည့်ကြီး ကချင်လေး နော်ဆိုင်းနဲ့ မုံရွာသားလေး ကျော်မိုးနှစ်ယောက်မှာ ကချင်လေးက အမေရိကားက စကာရာမင်တိုမြို့ကို ရှောင်ထွက်သွားပြီး တပည့်ရင်း ကျော်မိုးတဦးပဲ အနားမှာ ကျန်ခဲ့တယ်။

၂၀၁၂ ဩဂုတ်လမှာ NLDကြားဖြတ် ရွေးကောက်ပွဲ ဝင်မယ်ဆိုလို့ မြန်မာပြည်အပေါ် ကုန်သွယ်ရေး ပိတ်ဆို့တာတွေ ဖြေလျော့ပေးခြင်းရဲ့ အပြန်အလှန်အဖြစ် မြန်မာပြည်က ဦးသိန်းစိန် အစိုးရက နိုင်ငံကို ဝင်ခွင့်မပေးတဲ့ နိုင်ငံခြားသားနဲ့ ပြည်ပြေးမြန်မာများရဲ့ Blacklistစာရင်းကို ဖျက်သိမ်းလိုက်တော့ ၂၀၁၃နှစ်ဆန်းမှာ မြန်မာသံရုံးကထုတ်ပေးတဲ့ စာရွက်စာတမ်းတွေနဲ့ မြန်မာပြည်ကို ဦးကျော်မြင့်နဲ့ မောင်ကျော်မိုး ပြန်သွားကြတယ်။

ဇာတ်လမ်းက ဒီမှာ သိမ်းသင့်ပြီပေါ့ဗျာ။ ဒါပေမယ့် တန့်ရှောင်ဖိန် မိန့်ဆိုခဲ့သလို ပြတင်းပေါက် ဖွင့်လိုက်ရင် လေနုအေးနဲ့အတူ ခြင်တွေ ယင်တွေလဲ ဝင်လာတတ်ကြတယ်ဗျ။ ၂၀၁၃ ပါတ်ဝန်းကျင်မှာ အင်အားကြီးကြီး ပေါ်လာတဲ့ “မြန်မာကျော်” ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ ပိုင်ရှင် ဟာဦးကျော်မြင့် ဖြစ်နေတာတို့ ၂၀၁၃မှာ မြန်မာ့ရေနံ ရှာဖွေရေး လုပ်ပိုင်ခွင့် ရသွားတဲ့ ကနေဒါ ကုမ္ပဏီကြီးတွေထဲက တခုမှာ ကျော်မိုးဆိုတာ Representative ကိုယ်စားလှယ် ဖြစ်နေတာတို့တွေက သပ်ရပ်စွာ တိုက်ဆိုင်နေကြပါလား။ ဪ ကျော်မိုး ကိုယ်စားပြုတဲ့ ကနေဒါ ကုမ္ပဏီ အခြေစိုက်ကလဲ ဦးကျော်မြင့် အသဲလေး ကိစ္စ ပြသနာတက်ခဲ့တဲ့ ကုမ္ပဏီရှိတဲ့မြို့(ဝန်ကြီးချုပ်ဟောင်းဦးနုကိုလက်နက်ကိုင်တော်လှန်ရေးတွက်ငွေထုတ်ပေးတဲ့ရေနံကုမ္ပဏီတို့ သမ္မတဟောင်ရစဝ်ရွှေသိုက်သားကြီး ရှမ်းနိုင်ငံသမ္မတဆိုသူ ဦးတိုက်ဂါးညောင်ရွှေတို့မြို့) မှာ ထောင်ထားတယ် ဆိုတာရယ် ကုမ္ပဏီ Boss ကနေဒီယမ် တရုတ်လူမျိူးဟာ ဦးကျော်မြင့်ရဲ့ အရင် ကုမ္ပဏီတခုက ဝန်ထမ်း ဆိုတာလေးကလဲ တိုက်ဆိုင်တာနေမှာပါလေ။ မြန်မာပြည် ၂၀၂၀ရွေးကောက်ပွဲမှာ NLDပါတီရဲ့ အဓိက ပြိုင်ဘက် UDP ခေါ် ရိုစီ တာက မ နှင်းဆီ(ဥက္ကဌကြီးပေါက်ဖော်သံနဲ့အသံထွက်တာကတော့ နှင်းချီး ပါတီတဲ့ဗျ) က ဆူးတွေ ဝန်းရံထားတဲ့ အလှတပါးပဲ။

၂၀၂၀ တနင်္သာရီမြို့မဲဆွယ်ခရီးစဉ်တွင် UDP မဟာဗျူဟာမှူးဦးကျော်မိုးနှင့် ရန်ကုန်မြို့မှပျောက်ဆုံးသွားသောတသီးပုဂ္ဂလိကအမတ်ဟောင်း ဒေါက်တာမမတဦးကိုတိုက်ဆိုင်စွာတွေ့ရစဉ်

ဒီကိစ္စရဲ့ ဇာတ်လိုက်ကျော်ကြီးကတော့ ပိုက်ဆံပေါတဲ့ ပါပီလွန် တော်လှန်ရေးသမားကြီး ဦးကျော်မြင့် (ခေါ်) ဒုဗိုလ်မှူးကြီး ကျော်မြင့် (ခေါ်) မိုက်ကယ် (ခေါ်) ဟွားဟူ (ခေါ်) ဦးစခုန်ဇုန်းဆောင် ဖြစ်ပါတယ်။ သူ့အကြောင်းကို သူအမျိူးမျိူး ပုံဖော်ပြောပြနေပေမယ့် သူ့နောက်ခံ သမိုင်းကို ကနေဒါထောက်လှမ်းရေး CSISက တရားရုံးကို တင်ထားတာကတော့ သိပ်ကဗျာ မဆန်ဘူးဗျ။

ဒီဇာတ်လိုက်ကျော်ကြီးဟာ သူပြောသလို ဖိမော်ရွာကို ၁၉၆၀ တရုတ်လက်မလွှဲခင် ဗမာပြည်ပိုင်တဲ့ ကာလ ၁၉၅၁မှာ အဖေ လချိတ် ကချင် အမေ ကိုးကန့်တရုတ်က မွေးပြီး ၁၉၆၈မှာ ဗမာပြည် ကွန်မြူနစ်ပါတီ တပ်ဖွဲ့ထဲ ဝင်ခဲ့တယ်ဆိုတာ မဟုတ်ဘူးဗျ။ သူဟာတရုတ်ထောက်လှမ်းရေးအဖွဲ့ MSS ရဲ့အေးဂျင့်တဲ့ဗျ၊တရုတ် စပိုင်ပေါ့ဗျာ။ သူ့ကို တရုတ်ပြည် စီချွမ်နယ်ထဲမှာ ၁၉၅၀ဝန်းကျင်မှာ မွေးပြီး တရုတ် လွတ်မြောက်ရေး တပ်မတော် PLAကို ရဲဘော်အဖြစ် ဝင်ရောက်ခဲ့ပြီး ၁၉၆၈-၁၉၇၀ ကြားကာလမှာ အရာရှိငယ် ရာထူးနဲ့ ဗမာပြည် ဗကပပြည်သူ့ တပ်မတော်ကို လွှဲပြောင်း ဝင်ရောက်ခဲ့တာပါ။ နာမည်နဲ့မွေးသက္ကရာဇ်အမှန်ကိုတော့ သူ့မိခင်တရုတ် MSS ထောက်လှမ်းရေးဌာနပဲသိမယ်လေ၊ ၁၉၆၈မှာ ဗကပ အရှေ့မြောက်ဒေသကို အသက်သွင်း ပေးရခဲ့တုန်းက တရုတ်ပြည်မှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ သခင် ဘသိန်းတင်၊ သခင်အောင်ကြီးတို့ကို တရုတ်ဗမာ ကပြား+ ဗမာလူငယ် ၆၀လောက်နဲ့ ဗမာ့တပ်မတော် ကချင် တပ်ရင်း သနက(၂)က ဗိုလ်ကြီး နော်ဆိုင်း ခေါင်းဆောင်တဲ့ ကချင်တပ်သား ရာဂဏန်းလောက်ရယ်ကို လက်နက်တပ်ဆင်ပေးပြီး တရုတ်တပ်နီတော် PLAက တပ်ရင်းနှစ်ရင်းလောက် ယူနီဖောင်းလဲပြီး ဝင်ပူးပေါင်းလို့ ဗမာနယ်မြေတွေ ဝင်ရောက် သိမ်းပိုက်ခဲ့တာပါ။ ဒေသခံတိုင်းရင်းသား ကချင်၊ ကိုးကန့်၊ ဝ တွေကို တပ်သားသစ်အဖြစ် စည်းရုံး သင်တန်းပေးလို့ မပြီးသေးခင် ဗကပ အရှေ့မြောက် ဒေသရဲ့ အဓိက တိုက်ခိုက်ရေး အင်အား တသိုက်ဟာ တရုတ် PLA တပ်နီတော်သားတွေပါ။ အဲ့ဒီတရုတ် တပ်နီတော်သားတွေထဲမှာ တရုတ်ပြည်သား ဗမာနဲ့အနွယ်တူတိုင်းရင်းသားတွေလဲ ပါကြတယ်။ ဦးကျော်မြင့်ရဲ့ တရုတ်နာမည် အမှန်ကဟူဟွားပါ၊ ဟွားဟူလဲမဟုတ်ဘူး၊ကျားခေါင်းလို့လဲအဓိပ္ပါယ်မရပါဘူး၊ နာမည်မှာ မျိူးရိုးနာမည် “ဟူ” ဆိုတာ ဟန်တရုတ် မဟုတ် တဲ့ လူမျိူး စုငယ်တိုင်းရင်းသားတွေဖြစ်ပြီး “ဟွား” ကတော့ “ပန်း” တဲ့ဗျ။ အဲ့ဒါကြောင့် နှင်းဆီပန်းပွင့်ကို ပါတီတံဆိပ် သုံးတာနေမှာပါ။ မြန်မာပြည်တွင်းစစ်မှာ ၁၀နှစ်ကျော် ဝင်တိုက်ရင်း ဗကပ လက်နက်ကိုင်တပ်ရဲ့ စစ်ဦးစီးချူပက်ချင်လူမျိုး ဦးဇော်မိုင် (ခေါ်) ဦးအင်ခွန် ဇော်မိုင်ရဲ့ သမီး ဒေါ်နမ်ဘောက် (ခေါ်) အင်ခွန်နမ်ဘောက် နဲ့ အိမ်ထောင်ကျတယ်။ တရုတ်စကား ဗမာစကားအပြင် တိုင်းရင်းသား ဘာသာစကားဖြစ်တဲ့ ကချင်၊ ဝ နဲ့ ပလောင်၊ ရှမ်း ဘာသာတွေအပြင် အင်္ဂလိပ်ဘာသာကိုပါ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်လာတယ်။ ထူးချွန်၊ ညဏ်ကောင်း၊ ထက်မြက်တဲ့ တရုတ် တပ်မတော်သား (သို့) ထောက်လှမ်းရေး အရာရှိတွေထဲက တဦးပေါ့။ မြန်မာပြည်ထဲမှာ အဲ့ဒီကာလက သူ့လို လူမျိူး ဘယ်နှစ်ယောက် ထည့်သွင်းထားသလဲ တရုတ်တပ်မတော် ထောက်လှမ်းရေး ဌာနကပဲ သိမယ်။ အဲ့ဒီတုန်းက ဆင်းရဲတဲ့ တရုတ်ပြည်မှာ လူကလဲ ပေါတော့ ပြည်ပကိုပို့ပြီး မသေရင်တနေ့နေ့တော့သူ့ နိုင်ငံအတွက် အသုံးပြုမယ်လို့ ရည်ရွယ်တာပါ။

ကချင်အမျိူးသမီးနဲ့ အကြောင်းပါပြီး ခရစ်ယာန် ဘာသာထဲဝင်သွားတဲ့ ဦးကျော်မြင့်ဟာ မြန်မာပြည်က ၁၉၈၈ အရေးအခင်းအပြီး ဗကပ အဖွဲ့ကြီး ပြိုကွဲသွားတဲ့ ၁၉၈၉-၉၀မှာ မုန်းကိုးဒေသမှာ ဗကပ စစ်တပ်က တပ်မှူး ဒုဗိုလ်မှူးကြီး ရာထူးနဲ့့ တာဝန်ထမ်းဆောင် နေတယ်ဗျ။ တိုင်းရင်းသား စစ်သည်တွေ ဗကပ ကို ပုန်ကန်ခွဲထွက်ကြတော့ ဦးကျော်မြင့်ဟာ UWSA ဝ အဖွဲ့ထဲမှာ နေခဲ့ပြီး သူ့ယောက္ခမ ဦးဇော်မိုင်က UWSA အဖွဲ့ရဲ့ဗဟိုကော်မတီဝင်ပေါ့။ ယောက်ခမအရောင်နဲ့ပါးပြောင်သွားတယ်လေ။

၁၉၉၀နှစ်ဦးပိုင်းမှာ UWSAရဲ့ ဒုတိယ ဘဏ္ဍာရေးဝန်ကြီး ရာထူးယူထားတဲ့ ဦးကျော်မြင့်ဟာ ရန်ကုန်မြို့ကို ဝ အဖွဲ့ရဲ့ စီးပွါးရေး ကိုယ်စားလှယ်အဖြစ် ရွှေ့ပြောင်းလာခဲ့တယ်။ မြန်မာပြည်တွင်းစစ်မှာ နှစ်၂၀ ဝင်တိုက်လာပြီး ဗမာတိုင်းရင်းသူနဲ့ လက်ထပ်ထားတဲ့ တရုတ်စစ်တပ်အရာရှိတယောက် အတွက် မြန်မာမှတ်ပုံတင်က အဆင်သင့် စောင့်နေတယ် ဆိုတာကတော့ ပြောစရာ မလိုပါဘူး။ ရန်ကုန်ရောက်တော့ ပြည်လမ်း ၉မိုင်က ထောက်လှမ်းရေး အထူးတပ်ဆွယ်က ဧည့်ရိပ်သာ ထောင့်စွန်းအခန်းမှာ နေရင်း ၁၉၉၃မှာ “မြန်မာကျူံယွမ်” ဆိုတဲ့ လုပ်ငန်းစုကြီးကို ထူထောင်တယ်။ ပြည်လမ်း MRTV-4 နားက Summer Palace Hotel တို့ ပရိုင်း ကွန်မာရှယ်ဘဏ်တို့အပြင် ရုရှား သံရုံးတို့ စိန်ဂေဟာတို့နားက စိန်ဂျွန်းစျေး မြေကွက်လပ်ကြီးတို့ဟာ သူလုပ်ပိုင်ခွင့်ရခဲ့တဲ့ လုပ်ငန်းကြီးတွေထဲက တခုပေါ့ဗျာ။ မူးယစ်ဆေးနဲ့သူဘယ်လိုပက်သက်လဲမသိရပေမဲ့ ဘယ်ကရမှန်းမသိတဲ့ငွေကြေးတွေသူ့လက်ထဲမှာ သုံးမကုန်အောင်ရှိနေတဲ့အပြင် မူးယစ်ကုန်သည်လို့နာမည်ထွက်တဲ့ ပုဂ္ဂိုလ်တွေနဲ့လဲအတော်ရင်းနှီးတယ်။

အဲ့ဒီခေါတ် ကလူတွေ အမြင်ကပ်တဲ့ သေနတ်ခါးချိတ်ပြီး ကိုယ်ရံတော်တွေနဲ့ ရန်ကုန် မန္တလေးမှာ သွားလာနေတဲ့ ငြမ်းချမ်းရေး အဖွဲ့တွေထဲမှာ သူက ဂျိမ်းစ်ဘွန်းပေါ့။ သူ့သားအကြီးလေးကို သူတော်တော် အလိုလိုက်ရာက ရန်ကုန် အင်တာနေရှင်နယ် စကူးလ်မှာ တခြားကျောင်းသားမိဘ သံတမန် အချိူ့နဲ့ ပြသနာဖြစ်ပြီး မြန်မာ့တပ်မတော် ထောက်လှမ်းရေး M1 က အရေးယူတဲ့ အချိန်မှာ မြန်မာကျူံယွမ် အပ်ငွေကိစ္စ အကြပ်အတည်းနဲ့ သက်ဆိုင်တာလား တခြားကိစ္စတွေလား ဆိုတာကတော့ ကာယကံရှင်ပဲ သိမယ်လေ။ ၁၉၉၇-၁၉၉၈မှာ ပြသနာတက်ပြီး သူထောင်၁၀နှစ် ကျသွားတယ်။သူ့ကိုတပ်တဲ့ပုဒ်မ ၅(ည) ဆိုတဲ့အရေးပေါ်စီမံချက်ဥပဒေဆိုတာ နိုင်ငံရေးမှုကိုပဲဆွဲတာမဟုတ်ပဲ စောက်မြင်ကပ်ပုဒ်မလို့လဲခေါ်တယ်ဗျ။ အဲ့တုန်းကဥပဒေမပြုရသေးတဲ့ လူမှောင်ခိုတို့ ဖာခေါင်းတို့ ချဲဒိုင်တို့ကအစ အဲဒီပုဒ်မနဲ့ဆွဲတာပါ။

မန္တလေးထောင်မှာ ၁၉၉၈-၉၉ အပ်ထည်အဖြစ် ဇိမ်ကျကျနေရင်း မန္တလေး ဆေးရုံကြီး တက်ခွင့်ရအောင် သူ့ဘုရားသခင်က အလိုတော် ရှိပုံရတယ်။ အဲ့ဒါနဲ့ ဆေးရုံကြီး ခုတင်မှာ လက်ထိပ်နဲ့နေရင်း စောင့်တဲ့ ရဲတပ်သားလေး နှစ်ယောက်ရဲ့ တန်ဖိုးကို နားလည်တဲ့သူက တန်ရာတန်ကြေး ပေးလိုက်တော့ ယိုးဒယားနယ်စပ် အထိ လိုက်ပို့ပေးကြတယ်။ လူဆိုတာ သူ့တန်ဖိုးနဲ့သူ ရှိကြတယ်။ အဲ့ဒီတန်ဖိုးကို သိတတ်ဖို့ပဲ လိုတယ်လေနော့။

၁၉၉၉အကုန်မှာထိုင်းနယ်စပ်ကို ကူးပြီးတော့ ဒေါ်လာတွေ ဘတ်တွေ တန်ခိုးနဲ့ အမေရိကန် မူးယစ် အထူးအဖွဲ့ DEAနဲ့ အဆက်အသွယ် ရသွားတာပေါ့။ ပါပီလွန် +ဂျိန်းစ်ဘွန်းရဲ့ တန်ဖိုးကို သိတဲ့ အမေရိကန် DEA ထောက်လှမ်းရေးရဲ့ သတင်းပေးလုပ်ပြီး သူနဲ့တကွ မိသားစု တခုလုံး အမေရိကန် ပြည်ထောင်စုကို ၂၀၀၁-၂၀၀၂ ခုနှစ်တွေမှာ ဒုက္ခသည်အဖြစ် ဝင်ရောက်ခွင့် ရခဲ့တယ်။ တန်ဖိုးရှိလှတဲ့ သူပေးတဲ့ သတင်းတွေကြောင့် အမေရိကန် ထောက်လှမ်းရေးက ထိုင်းနိုင်ငံနေ ဗမာ-တရုတ် ၁၀ယောက်လောက်ကို ဖမ်းမိပြီး အမေရိကန်မှာ ထောင်ချလိုက်နိုင်တယ်။ တခုပဲ ပြောစရာရှိတယ်။ သူပေးတဲ့ သတင်းအရ ဖမ်းမိသွားတဲ့သူတွေက UWSA ဝအဖွဲ့ရဲ့ရန်သူတော်လဲဖြစ် သူနဲ့လဲမတည့် တဲ့ မူးယစ်ရာဇာကြီး ခွန်ဆာရဲ့ လူတွေဗျ။ ၂၀၀၁ Jan လမှာ မိတဲ့ ၄ယောက်ထဲမှာ ခွန်ဆာကြီး ရဲ့မယားငယ်တောင် ပါလိုက်သေးတယ်။ ခဲတလုံးထဲနဲ့ ငှက်တအုပ်လုံးထိအောင် ပစ်နိုင်တယ်နော့။

အဲ့ဒီလိုနဲ့ အမေရိကန် ပြည်ထောင်စု နယူးဂျာစီပြည်နယ်မှာ မိသားစုလိုက် သာသာယာယာနေရင်းက မပျော်တော့ဘူးဆိုပြီး ၂၀၀၂-၂၀၀၃ မှာကနေဒါနိုင်ငံ အွန်တာရီယို (Ontario)ပြည်နယ်ရဲ့ နယ်စပ်ခိုးကူးပြီး ဒုက္ခသည် ခံလိုက်ပြန်တယ်။ အမေရိကန်က ဇိုးတွေက သူ့ထက် ကြမ်းပုံရတယ်။ တောတွင်း ပျောက်ကြားကြီးဆိုတော့ မြို့ပြသူပုန်တွေကြားထဲ အသားမကျတာလား သူခိုင်းတိုင်းလုပ်တဲ့ ရဲဘော်တွေ မရှိရင် မမိုက်တတ်လို့လားတော့ သူပဲသိမယ်။ အခုပြောပြတဲ့ ကနေဒါ ထောက်လှမ်းရေး မှတ်ချက်ကြောင့် ဦးကျော်မြင့်ကို ကနေဒါ အစိုးရက နိုင်ငံသား မပေးဘူးဗျ။

အဲ့ဒီလို ကနေဒါနိုင်ငံ အရှေ့ဘက်စွန်းမှာ နေရာက အနောက်ဖက်စွန်း ဗန်ကူးဗားမြို့ကိုလာပြီး ၂၀၀၇မှာ UDPပါတီကို အမြုတေပါတီအဖြစ် ထူထောင်စဉ်က ဒေသခံ ဗမာကျောင်းသား ရှစ်လေးလုံး လူရိုးကြီးများကတော့ ဦကျော်မြင့်အကြောင်း မသိကြပါဘူး။ ဦးခင်ညွန့်နဲ့ တွဲရိုက်တဲ့ ပုံတွေရော တရုတ်အသိုင်းအဝိုင်းမှာ ဩဇာရှိတာတွေအပြင် ဒီမိုတွေဆိုတော့သူတို့နဲ့ဆန့်ကျင်ဘက် ကွန်မြူနစ် ဗကပ တပ်ဖက်က ဖိုက်တာ သူ့အကြောင်း ဘာမှ မသိကြတာလဲပါမယ်။

မိသားစုကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ Surrey-Fraser Height မှာ သူစီးတဲ့ မာစီဒီးအနီရောင်အမိုးဖွင့် SL500 နဲ့ထားခဲ့ပြီး ၂၀၁၃ထဲက ဗန်ကူးဗားမြို့ ကနေဒါ နိုင်ငံရေးလောကမှ ပျောက်သွားတဲ့ ဦးကျော်မြင့်သတင်း ၂၀၂၀ရွေးကောက်ပွဲအမှီ ပြန်ပေါ်လာတုန်း သူ့ရဲ့ ဘောဒီဂတ် ချယ်ရီထက် ကိုကျော်မိုး အကြောင်းလဲ ပေါ်လာပြန်တယ်။ ဩဂုတ်လ ၁၀ရက်နေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က ရွှေကွန်း ကွန်ဒိုမှာ အနုကြမ်းစီး ခံရတဲ့ ကနေဒါ နိုင်ငံသား ပတ်စ်ပို့အမှတ် AC786745 ကိုင်ထားတဲ့ ကျော်မိုးဆိုသူရဲ့ ကြောက်ရွံ့နေတဲ့ မျက်နှာမှာ စကားတွေ အများကြီး ပြောနေလေရဲ့။ ကနေဒါ အခြစိုက် ကုမ္ပဏီ တခုကို ၂၀၁၃မှာ ရေနံလုပ်ကွက် လုပ်ခွင့်ရအောင် လုပ်ပေးသူ ကိုယ်စားလှယ်ကြီး၊ UDPပါတီ အောင်နိုင်ရေး မဟာဗျူဟာမှူးကြီး ဦးကျော်မိုးကို လူမိုက်ငှါးပြီး သတ်ခိုင်းတဲ့ အမျိူးသမီး ထူးဆန်းစွာ ပျောက်ကွယ်သွားတာတို့ ပေါင်ကို ဓါးနဲ့မွှန်းတဲ့ လူမိုက်တွေ သူ့ကို ဂွေးသင်းမှာ ကြောက်လို့ သေးတွေ ချေးတွေ ထွက်တယ် ဆိုတဲ့ ကျော်မိုးရဲ့ သတ္တိတွေတို့ကို မြင်ရတော့ ၂၀၂၀ ရွေးကောက်ပွဲကြီးက ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာတယ်။

နိုင်ငံရေးမှာဒီလိုတိုက်ဆိုင်မှုတွေရှိတတ်ကြပါတယ်။၂၀၁၅ အမေရိကန်ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲဖို့ ရုရှသမ္မတပူတင်ကြီးရဲ့လုပ်ရပ်တွေကသိပ်ကိုပိရိတယ်ဗျ။ဘယ်လိုစွပ်စွဲစွဲ ငပေါကြီး ဒေါ်နယ်ထရမ့်ကမျှတစွာအရွေးခံရတဲ့သမ္မတပဲပေါ့။ အဲဒီအတွက်ရုရှမှာကုန်ကျစရိတ်အများကြီးနဲ့ ကမ္ဘာ့အဆင့်မှီပညာရှင်တွေအများကြီးသုံးရမှာ။

နိုင်ငံရေးမှာ Hard Power ခေါ်တဲ့ ဖုန်ကြားရှင်လိုလက်နက်ကိုင် ယူနီဖောင်းဝတ်ထားတဲ့သူဆို လူတွေပိုပြီးသတိထားစောင့်ကြည့်ကျပေမဲ့ soft power ခေါ်တဲ့ ပရဟိတ NGO တို့နိုင်ငံရေးပါတီတို့ဆို သတိမထားမိကြတော့ နောက်ကျောဓါးနဲ့ထိုးဖို့လွယ်တယ်ဗျ။ အမေရိကန်သူဌေးကြီး ဂျော့ဆိုရော့ဟာ အမေရိကန်အကျိုးစီးပွားအတွက် ဆောင်ရွက်နေတဲ့ မျိုးချစ် soft power စစ်သားတဦးဖြစ်ပြီး တရုတ်ပြည်အတွက်ကတော့ အလီဘာဘာသူဌေးဂျက်မား ဟာ soft power ပါ။ မျက်မှောက်မြန်မာပြည်နိုင်ငံရေးမှာ ဝင်မွှေနေတဲ့ UDP ပါတီဥက္ကဌ၊Myanmar Kyaw investment ကုမ္ပဏီဘောစိ နဲ့ တခြားအမျိုးအမည် မသိ အဖွဲ့ပေါင်းစုံရဲ့နောက်ကွယ်ကကြိုးကိုင်နေသူကြီး ၊ တရုတ်နိုင်ငံသား ၊ MSSတရုတ်ထောက်လှမ်းရေးအဖွဲ့ အရာရှိကြီး မစ္စတာ ဟူဟွား (ခေါ်) ဦးစခုန်ဇုန်းဆောင် (ခေါ်) မိုက်ကယ် (ခေါ်) ဒုဗိုလ်မှူးကြီးကျော်မြင့် (ခေါ်) ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့်ဟွားဟူ ဟာ Hard power လား Soft Power လားမသိပေမဲ့ လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မြန်မာ့နိုင်ငံရေးချိန်ခွင်လျှာ ကိုလွဲသွားနိုင်စေတဲ့ စျေးပေါပေါ china made တရုတ်ပစ္စည်းတခုတော့ဖြစ်လိမ့်မယ်ထင်ပါတယ်။

အစ္စရေးမိတ်စပိုင်ကြီး ကိုဟင်တို့ အင်္ဂလန်မိတ် ဇတ်လိုက်ကြီး ဂျိမ်းစဘွန်းတို့ ပြင်သစ်ထောင်ပြေးကြီး ပါပီလွန်တို့လောက်မခမ်းနားပေမဲ့ ချိုင်းနားမိတ်စပိုင်ကြီး မိုက်ကယ်ကျော်မြင့်ဟွားဟူ (နာမည်ရင်းကိုသူ့မိခင်တရုတ်ထောက်လှမ်းရေးအဖွဲ့ MSS ပဲသိမှာပါ) ရဲ့ဘဝဖြစ်စဉ်ကိုလဲဖြစ်နိုင်ရင် တီဗီဇတ်လမ်းတွဲလေးတော့ရိုက်သင့်တယ်၊နတ်အလိုဂြိုလ်အမ ဇတ်လမ်းတွဲထက်ပိုရသစုံမယ်။တရုတ်ပြည်စီချွမ်ပြည်နယ်လယ်တောလေးမှာမွေးဖွားကြီးပျင်းလာတဲ့ တရုတ်နိုင်ငံသားလေး ဟူဟွာ တပ်နီတော်ထဲကိုဝင် ကွန်မြူနစ်ဝါဒနဲ့တရုတ်ပြည်ကြီး ကိုအသက်ပေးကာကွယ်မဲ့အရာရှိငယ်လေးတဦးဖြစ်လာပြီး၊၁၉၇၀ဝန်းကျင်ကာလ ကွန်မြူနစ်ဝါဒပြန့်ပွားရေးမူဝါဒအရ တပ်နီတော်တာဝန်နဲ့ မော်စီတုန်းစာအုပ်နီလေးယူနီဖောင်းအိပ်ကပ်ထဲထည့်လို့ နိုင်ငံခြားတိုင်းပြည်တခုဖြစ်တဲ့ မြန်မာပြည်က ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ အဖွဲ့ကိုချေလျင်ခရီးနဲ့တောင်ကျော်ပြီး ရောက်တော့ ယူနီဖောင်းလဲပြီး ဗမာအမည် ကျော်မြင့်ဖြစ်လာ၊အဲဒီမြန်မာဆိုတဲ့နိုင်ငံခြားမှာအုပ်ချုပ်နေတဲ့စစ်အာဏာရှင်ဖောက်ပြန်သူတွေကို ဒေသခံတိုင်းရင်းသားတွေနဲ့လက်တွဲလို့ဆန့်ကျင်တိုက်ခိုက် ရင်းနဲ့ တိုင်းရင်းသားဘာသာစကားတွေကိုသင်ယူတတ်မြောက်တော့ တပြည်သူမရွှေထား ကချင်မလေး မနမ်ဘောက်နဲ့အကြောင်းပါလို့ ကိုးကွယ်တဲ့ဘာသာပါပြောင်း၊ကချင်နာမည် စခုံဇုန်းထောင်ဆိုပြီးဖြစ်၊ယောက်ခမကစစ်ဦးစီးချုပ် ဦးဇော်မိုင်ဆိုတော့ရာထူးတက်မြန်အရာရှိဖြစ်ရာက သူရောက်တဲ့နိုင်ငံကသူပုန်တပ်၁၉၈၉ မှာပြိုကွဲသွားတော့ နောက်ထပ်တပ်ဖွဲ့အသစ်ဖြစ်တဲ့ UWSA ကိုဝင်၊ ငြိမ်းချမ်းရေးအဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံသားမှတ်ပုံတင်ရရှိတော့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့ကိုပြောင်းလာ၊ ကုမ္ပဏီပိုင်ရှင်တိုင်ကွန်းဖြစ်၊အဲကနေရှော့တခုနဲ့ထောင်ကျ၊ စစ်ယူနီဖောင်းကနေထောင်ယူနီဖောင်းပြောင်းဝတ်ရာက လက်ထိပ်တန်းလန်းနဲ့ဆေးရုံကအစောင့်ကိုလဒ်ထိုးပြီး ထိုင်းနယ်စပ်ကိုပြေး၊ ထိုင်းနိုင်ငံဖက်ရောက်တော့ မိုက်ကယ် အဖြစ်အမည်ပြောင်း၊အမေရိကန်မူးယစ်အထူးအဖွဲ့ DEA သတင်းပေးအဖြစ်သူနဲ့မတဲ့သူခွန်ဆာအဖွဲ့ကဘိန်းရာဇာတွေအကြောင်းသတင်းပေး၊အနောက်တိုင်းဝတ်စုံပြောင်းဝတ်ပြီးအမေရိကန်ပြည်ထောင်စုမှာအချေချခွင့်ရ၊ဂွင်မကောင်းတော့ ကနေဒါနယ်စပ်ခိုးဖြတ်ပြီး ဒုက္ခသည်ခံရင်း နာမည်တွေအားလုံးပေါင်းလိုက်ပြီးမစ္စတာ မိုက်ကယ်ကျော်မြင့်ဟွားဟူ ဆိုတဲ့ ပုဂ္ဂိုလ်ဟာ နှစ်အနည်းငယ်တွင်း ကနေဒါမှာဒေါ်လာသန်းရာ ထောင်ချီကစားနိုင်တဲ့ ကုမ္ပဏီများစွာရဲ့ပိုင်ရှင်ကြီးဖြစ်လို့သွားတယ်။သူမူးယစ်ဆေးဝါးနဲ့ဘယ်လိုပါက်သက်မှန်းမသိပေမဲ့ မိုးပေါ်ကကျလာတဲ့ဒေါ်လာသန်းပေါင်းများစွာရှိနေတာတော့သေချာတယ်။

မျက်မှောက်ခေတ် ဗမာ့နိုင်ငံရေးအခင်းအကျင်းကို ဘောင်ခတ်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအသက်မဝင်ခင် မြန်မာပြည်သားအစစ်နိုင်ငံရေးသမားတွေ အနှီးလေးခါးတောင်းကြိုက်နဲ့ လေးဖက်တွားသွားနေချိန်၂၀၀၇-၈ မှာတော့ ကနေဒါတိုင်ကွန်းကြီး မစ္စတာမိုက်ကယ်ကျော်မြင့်ဟွားဟူ ဆိုသူဟာ UDP ပါတီကြီးကိုကနေဒါနိုင်ငံဗန်ကူးဗားမြို့မှာထူထောင်လို့ ပြည်ပအတိုက်အခံနိုင်ငံရေးအင်အားစုတွေ ပြည်တွင်းနိုင်ငံရေးသမားတွေကို သူ့တီးလုံးလေးနဲ့လိုက်ကခိုင်းနေတာပေါ့။ အမှိုက်ကလောင်လိုက်တဲ့ပြသာဒ်မီးကို ရေတွေ ဒေါ်လာ တစ်သန်းခွဲလောက် အကုန်ခံလောင်းငြိမ်းသတ်ပြီး ၂၀၁၂-၁၃ မြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့မှုတွေပြန်ဖွင့်ပေးချိန်မှာတော့ မြန်မာ့ရေနံရှာဖွေရေးပရောဂျက်ကြီးတွေရတဲ့ ကနေဒါကုမ္ပဏီတွေ၊တရုတ်နယ်စပ်ကာစီနိုမြို့ကြီးတွေ၊ မြန်မာကျော်လိုကုမ္ပဏီတွေနဲ့အတူ ဦးကျော်မြင့် (ခေါ်) ဦးစခုန် ဇုန်းထောင်အဖြစ် ကိုယ်ရံတော်တွေခြံရံနေတဲ့ Lexus ကားနက်ကြီးနဲ့ ရန်ကုန်မြို့မှာပြန်ပေါ်လာပြန်တယ်။အမယ် တခါတလေ ကချင်ဝတ်စုံကြီးနဲ့ ငွေဒါးကြီးလွယ်လို့ဗျ။ ချိုင်းနားမိတ်ထုံးစံအတိုင်း သူများကိုပုံတူကူးချတတ်တော့ ကိုဟင်+ဂျိမ်းစ်ဘွန်း+ပါပီလွန် သုံးဇတ်လမ်းရောသမမွှေသလို အရမ်းကြည့်ကောင်းမဲ့စပိုင်ဇတ်လမ်းတွဲဖြစ်လာမှာ။

အရင်တရုတ်ပြည်ဆင်းရဲတုန်း နိုင်ငံတကာကို အကြောင်းမျိုးစုံနဲ့လွှတ်ထားတဲ့ ဆင်းရဲသားမျိုးချစ်စပိုင်လေးတွေဟာ ခုချိန်မှာ နိုင်ငံအသီးသီးမှာ မိမိလူမျိုးနဲ့တိုင်းပြည်အကျိုးစီးပွားအတွက် စွမ်းစွမ်းတမံလုပ်နိုင်တဲ့အနေအထားရောက်လာပြီး အမျော်မြင်ရှိတဲ့သူတို့မိခင်နိုင်ငံအစိုးရရဲ့အကူအညီနဲ့ အလုပ်တွေလုပ်နေတာအားကျစရာပါ။ တခုခုပြသနာတက်ရင်သူ့မိခင်နိုင်ငံကဝင်ကယ်တာနော။ပိုင်ရှင်မဲ့ ဝစ်သောက်မဟုတ်ဘူး၊ မြန်မာပြည်ထဲမှာ ဒီလို MSS တရုတ်စပိုင် မိုက်ကယ်ကျော်မြင့်ဟွားဟူတွေဘယ်နှစ်ယောက်ရှိနေပြီလဲမသိ။

လူဆိုတာအမှားနဲ့မကင်းကြသလို ဇတ်လိုက်ကျော်ကြီး သူ့အသဲလေးကိုအအမ်းမှားပြီး ဂွမ်းသွားတဲ့ကိစ္စသာမဖြစ်ခဲ့ရင် ဒီကိစ္စဘယ်သူမှသတိမထားမိပဲ ၂၀၂၀အလွန်မှာ ကနေဒါပြန်ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင် ဒုသမ္မတကြီးပဲဖြစ်လာမလားပဲ၊မိန်းမဖျက်တော့ပြည်ပျက်ဆိုတဲ့စကားပုံအတိုင်းခံလိုက်ရတော့ ဇတ်လိုက်ကြီး မိန်းမတွေကိုစိတ်နာလို့ မောင်ကျော်မိုးကို ဘယ်သွားသွားအနားကမခွာနိုင်အောင်ထားပုံရတယ်။ဟိုတခါကွန်ဒိုမှာ ဂွေးသင်းခိုင်းတဲ့ကိစ္စကလဲချစ်ဒေါသတွေများလားလို့။ ကျော်မိုးပါးနပ်တယ်ဆိုရင် အခုချိန် နီးစပ်ရာနယ်စပ်ဒေသကိုပြေးပြီ၊ မြန်မာပြည်ရဲ့ဆင်းရဲသားဒေါသဟာတရုတ်နဂါးကြီးရဲ့မျက်စောင်းကိုမလွန်ဆန်နိုင်လို့တရုတ်စပိုင် ဦးဟူဟွာကို မထိရဲပေမဲ့ ဗမာ့သတ္တိကဗမာခြင်းဆို “ဇ” ကမသေးဘူးဗျ၊ ကမ္ဘာ့ဥပဒေအရ ကျော်မိုးရဲ့ ကနေဒါနိုင်ငံသားဖြစ်မှုကိုအသိအမှတ်မပြုပဲ ဗမာပြည်သားအဖြစ်အရေးယူရင်တဖက်အစိုးရဝင်ပြောခွင့်မရှိတာ ဗမာပြည်ကဆင်းရဲသားတွေသိနေကြတယ်။

တခါတလေလဲ အိမ်မီးလောင်တာ အိမ်ရှင်ကိုယ်တိုင်ရှို့တာဖြစ်တတ်တယ်ဗျ၊ စာရင်းဖျောက်တာ၊အာမခံလိမ်တာ၊အမွေမှု၊ဒုက္ခသည်စခန်းမှာနေချင်တာစတာပေါ့လေ၊ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်၂၀၀၉မှာ UDP ပါတီသတင်းပေါက်ကြားပီး နာမည်ကြီးသွားတာနဲ့ မျက်မှောက်ခေတ် ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလ၂လအတွင်းမှာမှ သတင်းပေါက်ပြီးခုလိုနာမည်ကြီးလာတာ တိုက်ဆိုင်နေတယ်နော့။ negative ဖြစ်ဖြစ် positive ဖြစ်ဖြစ် publicity ဆိုတဲ့ကြော်ကြားမှုကတော့တူတူပဲလေ။ ရွေးကောက်ပွဲမှာ ဒုတိယအင်အားအကြီးဆုံးပြိုင်ဘက်ပါတီကို တလတွင်းဖယ်ရှားနိုင်လောက်အောင် မြန်မာ့ဥပဒေကရော ဒီဥပဒေကိုချုပ်ကိုင်အသုံးပြုနေတဲ့ မျက်နှာအဆီပျံနဲ့ ဗိုက်ပူပူတွေကရောမတတ်နိုင်တာကိုသိထားတယ်လေ။ ရွေးကောက်ပွဲ ရွှေ့တာဖြစ်ဖြစ် သူ့ပါတီအဖျက်ခံရတာဖြစ်ဖြစ် သူတို့မှာအကျိုးယုတ်စရာရှိပါ့မလားမသိ။သားသားကိုအနိုင်ကျင့်နေပါတယ်မာမီ့လို့ ပြေးတိုင်စရာ တရုတ်အမေရော ကနေဒါအမေပါရှိနေတယ်ဆိုတော့လဲပေါ့လေ။

လက်တင်စကားမှာ Accusata,Scusata ဆိုတာရှိတယ်၊အင်္ဂလိပ်လို The end justify the means တဲ့ဗျ၊ ဗမာလိုဆီလျော်အောင်ပြန်လိုက်တော့ အရာရာရဲ့အဆုံးသပ်ဟာ ဆင်ချေပဲ (သို့) အဆုံးမှာတော့နိုင်တဲ့ကောင်မှန်တယ်တဲ့၊ ဒီဇတ်လမ်းရှည်ကြီးကအဆုံးမသပ်သေးတော့ အနိုင်အရှုံးမပေါ်သေးဘူးဗျ၊ ငွေများရင်အရာရာကိုနိုင်တဲ့လောကကြီးမှာ ဒီချိုင်းနားမိတ်ကြီးပဲနိုင်သွားဦးမှာပါ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် အရင်လူမကောင်းလို့ဆိုပြီးလက်ညှိုးထိုးရင်းက အာဒမ်နဲ့ဧဝ မှာဂိတ်ဆုံးပြီးကိုယ့်လက်ညှိုးတပတ်လည်မလာအောင် လက်ညှိုးကိုက်ရင်း ငါဘာကောင်လဲမသိရပ်စဉ်းစားနေတဲ့ မြန်မာပြည်မှာပေါ့၊ နေပြည်တော် ရာဇဌာနီလမ်းကျယ်ကြီးပေါ်ရပ်ထားတဲ့ ကနေဒါနိုင်ငံလုပ် Lexus 570 ကားနက်ကြီးပေါ်မှာ မျက်လုံးမှေးမှေးလူတဦး တရုတ် Rap သီချင်းတပုဒ်ကိုနားထောင်နေတယ်။ သီချင်းအဓိပ္ပါယ်ဘာသာပြန်လိုက်ရင် ” အရင်လူရော နောက်လူရော ဗိုက်ပါတာတူတူပ ဲx ပိန်တာနဲ့ဖောင်းတာပဲကွာတယ် xxရေဘဝဲဆိုတာဟာလက်တံဖြတ်လိုက်ရင် အသစ်ပြန်ထွက်တယ် ဘေဘီရဲ့” တဲ့။

ကနေဒါနိုင်ငံက ပစိဖိတိသမုဒ္ဒရာကိုဖြတ်ပြီးလာတဲ့လက်သီးပုန်းတွေကတခါတခါ ထိချက်ပျင်းတယ်ဗျ။ တနင်္သာရီ၊မွန်၊ကရင် နဲ့ ရှမ်းပြည်နယ်တွေမှာ ရှည်ကြာသွားတဲ့တော်လှန်ရေးတွေ၊ မျက်မှောက်ခေတ်ရခိုင်ပြည်နယ် ရိုဟင်ဂျာကိစ္စနဲ့ ရွေးကောက်ပွဲ အခင်းအကျင်း၊ဒေါ်အောင်ဆန်းစုကြည်ကို ပေးလိုက်ပြန်တောင်းလိုက်လုပ်တဲ့နိုင်ငံသားဖြစ်မှု၊ တရားဟောဆရာဒေးဗစ်လား၊ UDP ပါတီနဲ့တရုတ်စပိုင် တီဗီဇတ်လမ်းတွဲ နောက်တော့ဘာတွေထပ်လာဦးမလဲမသိ။

မြောက်အမေရိကတိုက် အမေရိကန်မြောက်ဖျားက ရေခဲပြင်တွေ ဝန်းရံနေတဲ့ ကနေဒါနိုင်ငံက တန်ဒြာတောအုပ်ကြီးတွေထဲမှာ ဝံပုလွေတအုပ်ရှိနေတယ်။ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်လွင့်လာတဲ့သွေးညှီနံ့ကိုရလို့ မြောက်ဝန်ရိုးစွန်းကောင်းကင်ပေါ်မော့ကြည့်ပြီး ဆွဲဆွဲငင်င်အူလိုက်တဲ့ ဝံပုလွေသံကိုသတိထားနားထောင်ရင် သဲ့သဲ့လေး ကြားရမယ်။

တော်လှန်ဖို့ရူးသွပ်တဲ့ငါ့ကိုဝံပုလွေတွေကြားထဲပစ်ထည့်လိုက်ပါ၊ဝံပုလွေအုပ်ကိုခေါင်းဆောင်ပြီးငါပြန်လာခဲ့မယ်။ Throw me to the wolves, I will return leading the wolf pack without pause, I am a rebel without becoz.

စာကူရိုက်ပေးတဲ့ (အမှုတွဲ) သူပုန်လေးတဦးကိုကျေးဇူးပါ၊
အပြင်မှာ save ထားကြနော်၊ဆင်ကိုရန်သွားစတဲ့ကြွက်ဆိုတော့ ဆင်နင်းခံရရင်လာခဲ့တဲ့ငရဲပြည်ပြန်ရောက်တော့မှာ C3M

Add a Comment

Your email address will not be published. Required fields are marked *