ထရမ့်နဲ့ ဘိုင်ဒန်တို့ အပြိုင်ကြဲကြတဲ့ အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲ ဘယ်သူနိုင်သွားလဲ

ရီပတ်ဘလီကန်ဘက်က လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်ဘက်က သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို စကားစစ်ထိုးရာမှာ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ၊ စီးပွားရေးကိစ္စနဲ့ လူမျိုးရေးနဲ့ အကြမ်းဖက် ဆန္ဒပြမှုဆိုင်ရာကိစ္စတွေက အဓိကလွှမ်းမိုးခဲ့ပါတယ်။

ဒီ စကားစစ်ထိုးပွဲမှာ နှစ်ဖက်ရဲ့ သိသိသာသာ ခြားနားချက်ကတော့ ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒန်ကိုသာ ဦးတည် ပြောဆိုပေမယ့် ဂျိုးဘိုင်ဒန်က ကြည့်နေတဲ့ အမေရိကန်ပြည်သူတွေကို ဦးတည်တဲ့ အနေနဲ့ ကင်မရာကို ရှေးရှုပြီး တိုက်တွန်းချက်တွေနဲ့ ကတိပေးမှုတွေ လုပ်ခဲ့တဲ့ ချဉ်းကပ်မှုပဲ ဖြစ်ပါတယ်။ စကားစစ်ထိုးပွဲမှာ ဘိုင်ဒန်ဘက်ကို ကသိကအောက်ဖြစ်အောင် လုပ်ဖို့ အဓိက ကြိုးစားနိုင်တယ်လို့ မှန်းထားကြတဲ့အတိုင်းပဲ စကားစစ်ထိုးပွဲ စကတည်းက ထရမ့်က ဘိုင်ဒန်ကို စကားဖြတ်ဖြတ် ပြောနေခဲ့ပါတယ်။ ထရမ့်ဘက်က အခု စကားစစ်ထိုးပွဲ မစခင်မှာ ဘိုင်ဒန်ရဲ့ အသက်ကြီးပြီး မေ့လျော့တတ်တာကို အခြေခံပြီး အိပ်ငိုက်နေတဲ့ဂျိုး ဆိုတဲ့ နာမည်ပြောင်နဲ့ တောက်လျှောက် တိုက်ခိုက်လာခဲ့တဲ့အတိုင်းပဲ အခုလို စင်မြင့်ပေါ် တွေ့ကြချိန်မှာလည်း ဘိုင်ဒန်မှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အသိဉာဏ်ကို ရှိသေးရဲ့လား ဆိုတာ မေးခွန်း အကြိမ်ကြိမ် ထုတ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဘိုင်ဒန်ကလည်း သူထရမ့်ကို တိုက်ခိုက်ရင် အကြိမ်ကြိမ် သုံးလေ့ရှိတဲ့ စကားလုံးဖြစ်တဲ့ “လူလိမ်”၊ “လူရယ်စရာ ပုဂ္ဂိုလ်” အစရှိသဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ပြီး မကြာခဏ သူ့ကို စကားဖြတ်ပြောတဲ့ ထရမ့်ကို “ရှူး…တိုးတိုး” “ခင်ဗျား ပါးစပ်ပိတ်မလား မပိတ်ဘူးလား” အစရှိသဖြင့် ဒေါသနဲ့ တုံ့ပြန်မှုတွေလည်း လုပ်ခဲ့ပါတယ်။ ဒီစကားစစ်ထိုးပွဲမှာ တရားရုံးချုပ်ရေးရာ ကိစ္စ၊ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမျိုးရေးနဲ့ အကြမ်းဖက်ဆန္ဒပြမှုများ ကိစ္စ၊ ရွေးကောက်ပွဲ သန့်ရှင်းရေး ကိစ္စနဲ့တကွ နှစ်ဦးစလုံးရဲ့ အောင်မြင်မှု သမိုင်းကြောင်းတွေကို သဘာပတိ ခရစ်ဝေါလေ့စ်က အခြေခံပြီး မေးခွန်းတွေ မေးခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကိစ္စ၊ စီးပွားရေးကိစ္စနဲ့ လူမျိုးရေးနဲ့ အကြမ်းဖက် ဆန္ဒပြမှုဆိုင်ရာကိစ္စတွေက အဓိကလွှမ်းမိုးခဲ့ပါတယ်။ စကားစစ်ထိုးပွဲမှာကိုဗစ်-၁၉ ကပ်ရောဂါ အဓိကလွှမ်းမိုး သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို တရားရုံးချုပ် တရားသူကြီး အစားထိုးခန့်တဲ့ ကိစ္စနဲ့ စတင်ခဲ့ပေမယ့် ဒီကိစ္စမှာ နှစ်ဖက် အချိန်ယူ ငြင်းခုံမနေကြ ဘဲ အကြောင်းအရာက ကျန်းမာရေးဘက်ကို မြန်မြန် ရွှေ့သွားခဲ့ပါတယ်။ လူ နှစ်သိန်းကျော် သေဆုံးတဲ့အထိ အခြေအနေဆိုးထားတဲ့ အမေရိကန် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် လက်ရှိတာဝန်ရှိသူ ထရမ့်ကို ဘိုင်ဒန်က စတင် တိုက်ခိုက်ပြောဆိုဖို့ အခွင့်အရေးရခဲ့ပါတယ်။ ဘိုင်ဒန်က ထရမ့်ကို ထောက်ပြရာမှာ လူသေဆုံးမှုသာမက အမေရိကန် လူဦးရေ ၇ သန်းအထိလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း၊ ထရမ့်အနေနဲ့ ယခင် Obamacare ပတ်သက်ပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့တဲ့အတွက်လည်း ရောဂါအခံရှိသူတွေ ကပ်ရောဂါ အခြေအနေမှာ ပိုပြီး အခက်တွေ့ရကြောင်း စသည်ဖြင့် ကျယ်ကျယ်ဝန်းဝန်း အစကောက်ပြီး ပြောဆိုနိုင်ခဲ့ပါတယ်။ ဘိုင်ဒန်အနေနဲ့ သူသာ သမ္မတဖြစ်မယ်ဆိုရင် ဒီလို ဖြစ်မှာ မဟုတ်ကြောင်းနဲ့ ကင်မရာကိုလည်း ရှေးရှုပြီး ဒီလို ဖြစ်စေတဲ့ ထရမ့်ကို ယုံလို့ရဦးမှာလား ဆိုပြီးတော့လည်း ကြည့်ရှုနေတဲ့ မဲပေးပြည်သူတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။ ထရမ့်ဘက်က ပြန်လည် တုံ့ပြန်ရာမှာတော့ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံကို အဓိက အပြစ်တင်ခဲ့ပြီး သူ့ရဲ့ တိုင်းပြည်နယ်စပ်တွေ စောစောပိတ်တဲ့ အကျိုးကျေးဇူးကြောင့် လူသေနည်းရတာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပေမယ့် ကပ်ရောဂါ အခြေအနေကို ကိုင်တွယ်မှု မလုံလောက်တာကိုတော့ ထရမ့်က တိုက်ရိုက် မဖြေရှင်းနိုင်ခဲ့ပါဘူး။

“ကိုဗစ်၁၉-အခြေအနေ-ကိုင်တွယ်မှု-မလုံလောက်တာကို-စီးပွားရေးနဲ့-ပြန်ကာကွယ်တဲ့-ထရမ့်” ကိုဗစ်-၁၉ အခြေအနေ ကိုင်တွယ်မှု မလုံလောက်တာကို စီးပွားရေးနဲ့ ပြန်ကာကွယ်တဲ့ ထရမ့်

ထရမ့် အနေနဲ့ အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ အသွင် စမဖြစ်ခင်မှာ အလုပ်လက်မဲ့နှုန်း လျော့ကျအောင် လုပ်နိုင်ခဲ့တဲ့အပေါ် စကားစစ်ထိုးပွဲ အစပိုင်းမှာကတည်းက သူက ထည့်သွင်းပြောဆိုနေခဲ့ပြီး ဒီရောဂါအခြေအနေကြောင့် စီးပွားရေး ကျဆင်းမှုကို ဖြေရှင်းရာမှာလည်း ဘိုင်ဒန်ရဲ့ ချဉ်းကပ်ပုံထက် သာတယ်လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် စီးပွားရေး လုပ်ငန်းနဲ့ အသွားအလာတွေ ပိတ်ထားရချိန်မှာ စီးပွားရေးကျခဲ့တာကို ရောဂါ အရှိန်ကျသွားချိန်မှာ လုပ်ငန်းတချို့ ပြန်ဖွင့်ဖို့ အားပေးခြင်း အားဖြင့် လူတွေ အလုပ်ပြန်ရကြတာကို ထရမ့်က အသားယူ ပြောဆိုခဲ့ပါတယ်။ ဒါကို ဘိုင်ဒန်ဘက်က တုံ့ပြန်ရာမှာ ကပ်ရောဂါ အခြေအနေ စိတ်မချရသေးဘဲ ပြန်ဖွင့်တာ မလောသင့်ကြောင်း တုံ့ပြန်ခဲ့ပေမယ့် စီးပွားရေး မကျအောင်နဲ့ ကပ်ရောဂါ အခြေအနေ စိတ်ချရအောင် လုပ်တဲ့ နှစ်ခုကို ဘယ်လို ဘက်မျှအောင် လုပ်မလဲ ဆိုတဲ့သဘာပတိ ခရစ်စ် ဝေါလေ့စ်ရဲ့ မေးခွန်းကိုတော့ ဘိုင်ဒန်က ရှင်းရှင်းလင်းလင်း ပြန် မဖြေနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ထရမ့်ရဲ့ အစပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် နယ်စပ်တွေ စောပိတ်တာကို ဘိုင်ဒန်က ဝေဖန်ခဲ့တာတွေကိုလည်း ထရမ့်က ပြန်ထောက်ပြပြီး သူဒီလို ပိတ်ခဲ့လို့သာ လူ နှစ်သန်းလောက် အထိ မသေတာလို့ အသားယူ ပြောဆိုခဲ့ပါသေးတယ်။ ဘိုင်ဒန်ရဲ့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာလည်း လုပ်ငန်းကြီးတွေကို အခွန်တွေ တိုးကောက်ပြီး အလုပ်အကိုင် ဖန်တီးမယ် ဆိုတဲ့ အပြောကို ထရမ့်ဘက်က “ဒီလို လုပ်ရင် လုပ်ငန်းအသစ်တွေ ထပ်မဝင်လာတော့ဘဲ ရှိပြီးသား လုပ်ငန်းတွေလည်း ထွက်သွားလိမ့်မယ်” ဆိုတဲ့ အပြောနဲ့ တုံ့ပြန်နိုင်ခဲ့ပြီး ဒါကို ဘိုင်ဒန်ဘက်က ရေရေရာရာ မချေပနိုင်ခဲ့ပါဘူး။

“လူမျိုးရေးနဲ့-အကြမ်းဖက်ဆန္ဒပြမှုများ-အရေး” လူမျိုးရေးနဲ့ အကြမ်းဖက်ဆန္ဒပြမှုများ အရေး

ထရမ့်ရော၊ ဘိုင်ဒန်ပါ လူဖြူ အမျိုးသားနှစ်ဦး ဖြစ်ကြတဲ့အတွက် လူမျိုးရေးနဲ့ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်ရာက ပေါ်လာတဲ့ အကြမ်းဖက် ဆန္ဒပြပွဲ တွေနဲ့ ပတ်သက်ပြီး သူတို့ ပြောဆိုကြတာကို လူမည်းအပါအဝင် လူနည်းစုတွေက သူတို့ကို ကိုယ်စားပြု ပြောပေးတယ်လို့ မခံစားရလောက်ဘူးလို့ ဒီ စကားစစ်ထိုးပွဲကို ဘီဘီစီနဲ့ အတူ စောင့်ကြည့်နေတဲ့ အမေရိကန်မဲပေးပြည်သူတချို့က ယူဆကြပါတယ်။ အမေရိကန်မှာ ရဲအရာရှိတွေရဲ့ ပစ်ခတ်မှုကြောင့် လူမည်းတွေ သေဆုံးရမှုနဲ့တကွ လူမည်းတွေ ခွဲခြားခံရမှုကို ဘိုင်ဒန်က စတင် တိုက်ခိုက်ပြောဆိုပေမယ့် ထရမ့်ကလည်း ဘိုင်ဒန်နဲ့ အိုဘားမားတို့ လက်အောက်မှာလည်း ဒီလို အလားတူ ပစ်ခတ်မှုတွေကြောင့် လူမည်းဆန္ဒပြမှုတွေ ဖြစ်ခဲ့တာပဲလို့ ပြန်လည် ထောက်ပြခဲ့ပါတယ်။ ထရမ့်ဘက်က ကျေလည်အောင် မတုံ့ပြန်နိုင်ခဲ့တာကတော့ ရဲအရာရှိတွေ လူမျိုးရေး ခွဲခြားမှု ရှောင်ရှားနိုင်အောင် တက်ရတဲ့ သင်တန်းတွေကို ပယ်ဖျက်မှု ဖြစ်ပြီး ဒီ သင်တန်းတွေကြောင့် လူမျိုးရေး ခွဲခြားမှု ပိုဖြစ်တယ် ဆိုပြီး အကျိုးအကြောင်း သေချာ မပြနိုင်ဘဲ ထရမ့်က ပြောဆိုခဲ့ပါတယ်။ဘိုင်ဒန်ဘက်ကလည်း လူမည်းတွေ ခွဲခြားဆက်ဆံခံရမှု အပိုင်းမှာ သူယခင်က ထောက်ခံခဲ့ဖူးတဲ့ တင်းကျပ်တဲ့ ရာဇဝတ်မှု ဥပဒေနဲ့ ပတ်သက်လို့ ထရမ့်က ထောက်ပြတာ ခံခဲ့ရပြီး ဒီဥပဒေတွေကြောင့် အမေရိကန်ထောင်သားဦးရေများနေပြီး လူမည်းတွေ အဓိက အကျိုးဆက် ခံစားနေရတဲ့အပေါ် ဘိုင်ဒန်က တိုက်ရိုက် မဖြေရှင်းနိုင်ခဲ့ပါဘူး။

“ထရမ့်နဲ့-ဘိုင်ဒန်-ပထမဆုံး-စကားစစ်ထိုးပွဲမှာ-ဘယ်သူနိုင်သလဲ” ထရမ့်နဲ့ ဘိုင်ဒန် ပထမဆုံး စကားစစ်ထိုးပွဲမှာ ဘယ်သူနိုင်သလဲ

ဒီ စကားစစ်ထိုးပွဲမှာ အပြန်အလှန် စကားတပြိုင်နက် ပြောကြတာနဲ့ အထူးသဖြင့် ထရမ့်ဘက်က မကြာခဏ စကားဖြတ်ပြောတာကြောင့် ပြောနေတဲ့ အကြောင်းအရာတွေ မရှင်းလင်းဘဲ ဖြစ်နေတဲ့အတွက် ဘယ်သူက သိသိသာသာ အားသာတယ်လို့ ပြောရခက်ကြောင်း နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။တကယ်တမ်း ဒီစကားစစ်ထိုးပွဲမှာ ရှုံးသွားသူတွေက မဲပေးပြည်သူတွေပဲဖြစ်ပြီး နောက်ကျန်တဲ့ စကားစစ်ထိုးပွဲ နှစ်ခုမှာလည်း ဒီလိုပဲ ဖြစ်နေဦးမယ်ဆိုရင် ဒီလို ကျင်းပတာရဲ့ အသုံးဝင်မှုကိုပါ မေးခွန်းထုတ်ရလိမ့်မယ်လို့လည်း ပြောဆိုနေကြပါတယ်။ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာတော့ သဘာပတိလုပ်တဲ့ ခရစ်စ် ဝေါလေ့စ်ကို အပြစ်တင်နေကြပြီး ထရမ့်က ကြားဖြတ်ပြောနေတာကို ထိထိမိမိ မတားဆီးနိုင်ဘူးလို့ ဆိုကြပါတယ်။၂၀၁၆ ခုနှစ် ဟီလာရီ ကလင်တန်နဲ့ စကားစစ်ထိုးချိန်မှာ ၃၇ ကြိမ် ကြားဖြတ်ပြောခဲ့တဲ့ ထရမ့်ဟာ ဒီတကြိမ်မှာ ၇၃ ကြိမ်အထိ စကားဖြတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီစကားစစ်ထိုးပွဲတခုလုံးကို ခြုံကြည့်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကိစ္စနဲ့တကွ ဆက်စပ်ပြီး သက်ရောက်မှုရှိတဲ့ စီးပွားရေးကိစ္စနဲ့ ပတ်သက်လို့ မိနစ် ၂၀ အထိ အကြာဆုံး ပြောဆိုကြပြီး လူမျိုးရေးနဲ့ အကြမ်းဖက် ဆန္ဒပြမှုက ၁၇ မိနစ်၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနဲ့ ပတ်သက်လို့ ၁၀ မိနစ် ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။

သတင်း – BBC Burmese

Add a Comment

Your email address will not be published.