မန္တလေးမြို့ပေါ်ဈေးများ၌ Mask မတပ်သူများကို အရေးယူခဲ့ရာ ကျပ် ၈၆ သိန်းကျော်ရရှိ

မန္တလေးမြို့မှာရှိတဲ့ဈေးတွေမှာ  မနေ့က အထိ  Mask မတပ်သူ  လူဦးရေ ၂၅၀၀ ကျော်ကို အရေးယူခဲ့ပြီး ဒဏ်ကြေးအဖြစ်  Mask တွေဝယ်ယူစေခဲ့ရာမှာ   ကျပ်  ၈၆ သိန်းကျော်ရရှိထားတယ်လို့  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ စက်တင်ဘာ ၂၉ ရက်အထိ Mask မတပ်ဆင်သူ ဈေးသည် ဈေးဝယ်ပေါင်း ၂၅၃၇ဦး ကို အရေးယူထားပြီး ရရှိတဲ့ ဒဏ်ကြေးငွေတွေကို အစိုးရရန်ပုံငွေမှာ ပြန်လည်ထည့်သွင်း သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားတဲ့ မေလမှာကတည်းက မန္တလေးမြို့ပေါ် စည်ပင်သာယာရေးနယ်နမိတ် အတွင်းမှာရှိတဲ့ ဈေးပေါင်း ၄၀ ကျော်မှာ ဈေးသည်ဈေးဝယ်တွေကို နှာခေါင်းစည်းတပ်ဆင်ဖို့ စတင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်သုံးကြိမ်တိုင်အောင် စည်းကမ်းဖောက်ဖျက်တဲ့ ဈေးသည် ၇၀ ကျော်ကိုလည်း ဈေး သုံးရက်ရပ်နား စေပြီး အရေးယူထားတယ်လို့ ဆိုပါတယ်။ မေလ ၁၀ရက်က ၁၅ရက်အတွင်းကာလ အတွင်းမှာ နှာခေါင်းစည်းတစ်ခုကို ကျပ် ၁၀ နှုန်းနဲ့ ကျနော်တို့ ဆောင်ရွက်တယ်နောက် မေလ ၁၆ရက်နေ့က စပြီးတော့ ဒီနေ့အထိကို ကျပ် ၅၀၀၀ နှုန်းနဲ့ နှာခေါင်းစည်း ၂ ခုကို ၀ယ်ယူစေခဲ့တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်စန်းမြင့် ကပြောပါတယ်။

“အဲ့ဒီလို ၀ယ်ယူစေတဲ့ ပမာဏကိုပြောရမယ်ဆိုရင် မေလမှာလူဦးရေပေါင်း ၁၂၇၀ ရှိပါတယ်။ ဇွန်လရောက်တဲ့အခါမှာ ၂၀၄ဦးရှိတယ် ဇူလိုင်မှာ ၉၁ ယောက် သြဂုတ်လမှာ ၆၂၂ယောက် စက်တင်ဘာလ မနေ့က အထိ ၃၅၀ အားလုံးပေါင်းစုစုပေါင်း ၂၅၃၇ဦး နှာခေါင်းစည်းများဝယ်ယူစေခဲ့ပါတယ်။ အဲ့ဒီလို ၀ယ်ယူစေလို့ရတဲ့ငွေပေါင်းက ၈၆သိန်းနဲ့ ၁သောင်းမနေ့ကအထိရှိပါတယ်။ အဲ့ဒါတွေကိုလည်းကျနော်တို့ ရန်ပုံငွေထဲမှာ ပြန်ပြီးတော့ ထည့်ထားပါတယ်။ နောက် တချို့နှာခေါင်းစည်းမတပ်ရင်တပ်ဖို့အတွက် သတိပေးတယ် မလိုက်နာဘူး ၃ကြိမ်အထိ မလိုက်နာတဲ့ ဈေးသည် ၇၂ဦးကို ဈေးရောင်းချခွင့် ၃ရက်ပိတ်တဲ့နည်းနဲ့ အရေးယူပါတယ်။” ပထမအကြိမ် အရေးယူစဉ်တုန်းက နှာခေါင်းစည်းမတပ်ဆင်သူ၊ စနစ် တကျတပ်ဆင်မှု မရှိသူတွေကို Mask နှစ်ခုကို ကျပ် ၁၀၀၀ နှုန်းနဲ့ဝယ်ယူစေပြီးတော့ ရောင်းချအရေးယူခဲ့တယ်လို့ သိရပါတယ်။ ဒုတိယအကြိမ်အရေးယူချိန်မှာတော့ Mask နှစ်ခုကို ငွေကျပ် ၅၀၀၀ နှုန်းနဲ့ဝယ်ယူစေပြီး အရေးယူခဲ့တယ်လို့သိရပါတယ်။ နှာခေါင်းစည်းတွေ နေ့စဉ် တပ်ကြဖို့ အတွက် ရှေ့လ ကတည်းကလူမှုရေး အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနဲ့ ပူးပေါင်းပြီး နှာခေါင်းစည်းချုပ်ပြီး အခမဲ့ပေးဝေခဲ့ပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်စန်းမြင့်က “ ကိုဗစ်စပြီးတော့ဖြစ်လာပြီဆိုကတည်းက ဈေးတွေမှာနှာခေါင်းစည်းတွေ အဆင်ပြေပြေတပ် နိုင်အောင် လူမှုရေးအဖွဲ့အစည်းတွေ လွှတ်တော်ကိုယ်စားလှယ်တွေ နောက်တစ်ခါ မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့တွဲပြီးတော့ မတ်စ်တွေကိုချုပ်ပြီးတော့ ကျနော်တို့ အခမဲ့ပေးဝေတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ပြီးတဲ့နောက်မှာ မတ်စ် နှာခေါင်းစည်းမပါဘူးဆိုရင် ဈေး သည်ရောဈေးဝယ်ရော ဈေးထဲမ၀င်ရဘူးဆိုပြီးတော့မှ သတ်မှတ်လိုက်ပါတယ်။ အဲ့လိုသတ်မှတ်ပြီးတော့ကြပ်ကြပ်မတ်မတ် စိစစ်တယ်နောက် အသံချဲ့စက်နဲ့လည်း နှာခေါင်းစည်းတပ်ပြီးမှ ဈေးထဲမှာ ရောင်းကြ၀ယ်ကြဖို့ ဒါကိုလည်း နှိုးဆော်တယ်”လို့ ပြောပါတယ်။

အခု ဒုတိယကိုဗစ်လှိုင်းအတွင်း မန္တလေးမြို့က ဈေးတွေမှာ ဈေးသည်ဈေးဝယ်တွေကို လိုက်လံစစ်ဆေးနေရာမှာ ဈေးချိုတော်ပျံကျဈေးက Mask မတပ်ဆင်သူ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သီရိမာလာငါးဈေးမှာ Mask  မတပ်ဆင်တာတွေ ဒုတိယအများဆုံးတွေ့ရပြီး တတိယ အများဆုံးကတော့ မြို့ဟောင်းဈေး ဖြစ်တယ်လို့ သိရပါတယ်။ ပရဟိတ အဖွဲ့တွေနဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး ဈေးတွေ ထဲမှာMask တွေ အခမဲ့လိုက်ဝေပေးနေတယ်လို့လည်း သိရပါတယ်။ မန္တလေးမှာ ကိုဗစ်လူနာ စတင်တွေ့ရှိခဲ့စဉ်ကတည်းက Mask  တပ်ဖို့ ပညာပေးမှုတွေ ပြုလုပ်ခဲ့ပြီး အခုအချိန်မှာ ပညာပေးကာလကျော်လွန်လာပြီဖြစ်တဲ့အတွက် Mask  မတပ်ဆင်ပါက ၂ခုကို ကျပ် ၅၀၀၀နဲ့ ဝယ်ယူစေပြီး ရန်ပုံငွေ ထည့်ပေးရမယ်လို့ ရှမ်းတိုင်းရင်းသားဝန်ကြီး ဦးစိုင်းပန်းဆိုင်က ဒီလဆန်းပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။

သတင်း – ခင်ပြည့်စုံဝင်း

Add a Comment

Your email address will not be published. Required fields are marked *