မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီနဲ့ အတိုးတွေအကြောင်း

သင်သိပါသလား။
မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံလောက် ရှိနေတာကို များလှပြီလို့ ထင်နေကြပေမဲ့ တက်နေတဲ့ အတိုးတွေက အရင်းထက် အဆပေါင်းများစွာ များနေတယ် ဆိုတာကို။ လက်ရှိ ပြည်ပကြွေးမြီ ပမာဏရဲ့ နှစ်ဆကျော် ဖြစ်တဲ့ ဒေါ်လာ ၂၄ ဘီလျံကျော် ပေးဆပ်ပြီးတာတောင် ကြွေးရင်းငွေက လေးပုံ တစ်ပုံတောင် မကျေသေးဘဲ အတိုးတွေသာ တနင့်တပိုး တက်ပြီးရင်း ဆက်တက်နေဦးမယ် ဆိုတာကို။

အရင်တုန်းက…

ရှေ့အစိုးရအဆက်ဆက် ချေးခဲ့တဲ့ အတိုးနှုန်းမြင့်မြင့် ပေးရတဲ့ အကြွေးတွေရဲ့ အတိုးတွေကို ဒီချုပ်အစိုးရက ရင်စည်းခံပြီး ဆပ်နေရတယ် ဆိုတာ ဘယ်လိုမျိုးလဲ ဘယ်အတိုင်းအတာအထိလဲလို့ သေသေချာချာ နားမလည်ခဲ့ဘူး။
အခု သိလိုက်ရတော့ အတော်ကြီးကို တုန်လှုပ်မိပါတယ်။
ဘယ်လို သိလိုက်ရတာလဲဆိုတော့ ဒီရက်ပိုင်း မီဒီယာတွေထဲမှာ…
ဒီချုပ်အစိုးရလက်ထက် လေးနှစ်ခွဲ ကာလအတွင်းမှာ ပြည်ပကြွေးမြီ အမေရိကန် ဒေါ်လာ ၁၃ ဘီလျံ နီးပါး ဆပ်လိုက်နိုင်တယ်လို့ ဖတ်လိုက်ရတော့ ကိုယ့်အစိုးရအတွက် ဂုဏ်ဆာရမယ့်အစား မယုံနိုင်ဘူး။
အချက်အလက်တွေ မှားနေတာများလားလို့တောင် သံသယဝင်မိတယ်။

ဘာဖြစ်လို့လဲဆိုတော့…

ပြည်ပကြွေးမြီက အကြမ်းဖျင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလျံလောက် ရှိတယ်လို့ တောက်လျှောက် သိမှတ်ထားတာကို အခု ဒီချုပ်အစိုးရလက်ထက်မှာ ၁၃ ဘီလျံတောင် ဆပ်လိုက်နိုင်ပြီ ဆိုတော့…
အကြွေးတွေကို အရင်းရော အတိုးရော ဆပ်ပြီး အကုန်ကျေသွားတာလားရယ်လို့ ဝမ်းသာအားရနဲ့ စာရင်းဇယားတွေကို ပြန်ရှာကြည့်လိုက်ပြန်တော့လည်း အကြွေး ၁၀ ဘီလျံက ၁၀ ဘီလျံ မပြောင်းမလဲ ရှိနေဆဲပါပဲ။ ဒါ ဘယ်လိုဖြစ်ရတာလဲ ဆိုပြီး အရင်အစိုးရလက်ထက်တွေကိုပါ ကြည့်လိုက်တော့… သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်ကလည်း ပြည်ပကြွေးမြီကို အမေရိကန်ဒေါ်လာ ၁၁ ဘီလျံတောင် ပြန်ဆပ်လိုက်နိုင်တယ်လို့ တွေ့ရပြန်တော့ ပိုပြီး ရှော့ခ် ဖြစ်သွားရတယ်။

စဉ်းစားကြည့်လေ…

၁၉၈၈ မတိုင်မီက အကြွေးတွေ၊ ၁၉၈၈ ကနေ ၂၀၁၀ အထိ စစ်အစိုးရတွေရဲ့ အကြွေးတွေ၊ ၂၀၁၁ ကနေ ၂၀၁၆ အထိ ဦးသိန်းစိန်အစိုးရလက်ထက် အကြွေးတွေနဲ့ ဒီချုပ်အစိုးရလက်ထက် အကြွေးလက်ကျန်တွေ အားလုံးပေါင်းမှ ၁၀ ဘီလျံ ပတ်ဝန်းကျင်ပဲ ရှိတာကိုမှ…
ကြံ့ခိုင်ရေးနဲ့ ဒီချုပ်ဆိုတဲ့ အစိုးရသက်တမ်း နှစ်ခုအတွင်းမှာတင် ပြန်ဆပ်ငွေ စုစုပေါင်းက အမေရိကန်ဒေါ်လာ ၂၄ ဘီလျံနီးပါး ရှိတာကိုတောင် အကြွေးတွေက လျော့မသွားပါလားလို့ တွေးမိတော့…
ငါတို့နိုင်ငံဟာ ဘာတွေကို ဘယ်လောက်တောင် ဆပ်နေရတာလဲ ဆိုတဲ့ ပဟေဠိကို အဖြေညှိချင်မိသွားပါတယ်။
ပြည်ပကြွေးမြီနဲ့ ပတ်သက်ရင် အလွယ်သိထားသင့်တဲ့ အခြေခံ အကြောင်းအရာအချို့ ရှိပါတယ်။
အစိုးရတစ်ရပ်ဟာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) စတဲ့ အဖွဲ့အစည်းတွေဆီက ငွေချေးယူတဲ့အခါမှာ ဘာစီမံကိန်းအတွက် ဘယ်လောက် လိုအပ်နေတယ် ဆိုတာကို တင်ပြ ချေးယူရပါတယ်။ စည်းစနစ်ရှိတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေထံက ချေးငွေတွေကို တရုတ်ဆီက အတိုးနှုန်းမြင့် ချေးငွေတွေလို လွယ်လွယ်နဲ့ ရနိုင်တာ မဟုတ်ဘဲ အဆင့်ဆင့် စိစစ်ပြီးမှ ချထားပေးတာပါ။ ဒီလို ချထားပေးရာမှာ ဘယ်လောက် ချေးပေးမယ်၊ ဆိုင်းငံ့ကာလ ဘယ်နှနှစ်ရမယ်၊ ဘယ်နှနှစ်အတွင်း အပြီးပေးဆပ်ရမယ်၊ အတိုးနှုန်း ဘယ်လောက်ပေးရမယ် စသဖြင့် စည်းကမ်းချက်တွေ သဘောတူညီချက်တွေကို စာချုပ်ထဲ ထည့်ချုပ်ရပါတယ်။
အဲဒီ စာချုပ်စာတမ်းထဲမှာ ချေးယူခွင့်ပြုထားတဲ့ ငွေပမာဏကို စာချုပ်တန်ဖိုးလို့ ခေါ်ပါတယ်။
ဒါပေမဲ့ အစိုးရတစ်ရပ်ဟာ ဒီလို စာချုပ်တစ်ရပ်ကို လက်မှတ်ထိုးလိုက်တာနဲ့ ချက်ချင်းလက်ငင်း အဲဒီစာချုပ်တန်ဖိုးအတိုင်း အပြည့်အဝ အကြွေးတင်သွားတာတော့ မဟုတ်ဘဲ အဲဒီ ချေးယူခွင့်ရတဲ့ ပမာဏထဲက အစိုးရက ထုတ်ယူအသုံးပြုသလောက်ပဲ အကြွေးတင်တာ ဖြစ်တယ်။
ဥပမာ လျှပ်စစ်ထုတ်လုပ်မှု တိုးမြှင့်ချင်လို့ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ချေးယူဖို့ ကမ္ဘာ့ဘဏ်ကို တင်ပြတာမှာ ညှိနှိုင်းမှုတွေ လုပ်အပြီး ဒေါ်လာ ၁ ဘီလျံ (သန်း ၁၀၀၀) ချေးယူခွင့် သဘောတူစာချုပ် ချုပ်နိုင်လိုက်တယ် ဆိုပါစို့။ အစိုးရက နှစ်အလိုက် လုပ်ငန်းပြီးစီးနိုင်မယ့် ပမာဏကို တွက်ဆပြီး ပထမနှစ်မှာ ဒေါ်လာသန်း ၂၀၀ ပဲ ထုတ်သုံးတယ်ဆိုရင် သန်း ၁၀၀၀ ချေးထားသော်လည်း တကယ်တမ်း အကြွေးတင်တာက သန်း ၂၀၀ ပဲ ဖြစ်ပြီး အတိုးကလည်း အဲဒီ သန်း ၂၀၀ အတွက်သာ ပေးရမယ်လို့ အလွယ်နားလည်ထားနိုင်ပါတယ် (ထုံးစံအတိုင်း ဂဃနဏသိအောင် ရေးပေးချင်ပေမဲ့ စာအရမ်းလေးသွားမှာ စိုးလို့ အခြားအသေးစိတ်တွေကို ချန်လှပ်ခဲ့ပါမယ်)။
ဒါကြောင့် ငွေချေးယူလိုက်ပြီ ဆိုတာနဲ့ စာချုပ်တန်ဖိုး၊ တကယ် ထုတ်ယူသုံးစွဲငွေ၊ ပြန်ပေးဆပ်ငွေ၊ ကြွေးကျန် စသဖြင့် အကြမ်းဖျင်း သိမှတ်စရာ အချက်အလက် လေးမျိုးလေးစား ရှိလာပါတယ်။
ဒီစာရင်းတွေကို ဦးသိန်းစိန်အစိုးရရော ဒီချုပ်အစိုးရရော ထုတ်ပြန်ပေမဲ့ အဲဒီ လေးမျိုးထဲက…
“ပေးဆပ်ငွေ” ဆိုတာမှာ အရင်းက ဘယ်လောက်၊ အတိုးက ဘယ်လောက်၊ နောက်ကျကြေးတွေက ဘယ်လောက် ဆိုတာကို ဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုတွေမှာ ရှင်းရှင်းလင်းလင်း မတွေ့ဖူးသလို… မီဒီယာအများစုမှာ ရေးနေသမျှကလည်း ဦးသိန်းစိန်အစိုးရခေတ်ကနေ ဒီချုပ်အစိုးရခေတ်အထိ တစ်ခါလာလည်း ဘယ်ခေတ်မှာ အကြွေးက ဘယ်လောက် ဆိုတာပဲ ရေးနေတဲ့အတွက်… ဒီစာရဲ့ နိဒါန်းမှာ ပြောခဲ့တဲ့ နားလည်ရခက်တဲ့ ပဟေဠိက ပေါ်လာရတာပါ (အစိုးရက ထုတ်ပြန်ပေမဲ့ ကိုယ် လက်လှမ်းမမီ မသိလိုက်တာလည်း ဖြစ်နိုင်ပါတယ်)။

အခုမှ အကြွေးနွံ ဇာတ်လမ်း စပါပြီ။

စာရင်းဇယားတွေအရ… ဦးနေဝင်းအစိုးရ ပြုတ်ကျသွားတဲ့ ၁၉၈၈ အထိ စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလျံကျော် ရှိရာမှာ ၅ ဒသမ ၂ ဘီလျံကျော် ထုတ်ယူသုံးစွဲခဲ့ပါတယ်။ ၁၉၈၈ ကနေ နဝတ နအဖ စစ်အစိုးရနှစ်ဆက်ခေတ်အကုန် ၂၀၁၀ – ၂၀၁၁ ဘဏ္ဍာနှစ်အထိ စာချုပ်တန်ဖိုး ၄ ဒသမ ၃ ဘီလျံနီးပါး ရှိရာမှာ ၃ ဒသမ ၉ ဘီလျံနီးပါး ထုတ်ယူသုံးစွဲခဲ့ပါတယ်။ ၂၀၁၁ ကနေ ဦးသိန်းစိန်အစိုးရသက်တမ်းကုန်တဲ့ ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်အထိ စာချုပ်တန်ဖိုး ၅ ဒသမ ၂ ဘီလျံကျော်မှာ ၃ ဒသမ ၃ ဘီလျံကျော် ထုတ်ယူသုံးစွဲခဲ့ပါတယ်။ ၂၀၁၆ ကနေ ဒီချုပ်အစိုးရလက်ထက် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်အထိ စာချုပ်တန်ဖိုး ၄ ဒသမ ၄ ဘီလျံကျော် ရှိရာမှာ ထုတ်ယူသုံးစွဲမှုကတော့ ဒေါ်လာ ၀ ဒသမ ၄ ဘီလျံ (၄၂၂ သန်း) ရှိပါတယ်။
(မှတ်ချက်)။ ။ အခု ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အထိမှာတော့ ဒီချုပ်အစိုးရလက်ထက် ချေးငွေ စာချုပ်တန်ဖိုးက ၇ ဒသမ ၃ ဘီလျံ အထိ ရှိလာပြီး ထုတ်ယူသုံးစွဲငွေကတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ရောဂါ ထိန်းချုပ် ကာကွယ်ရေး၊ စီးပွါးရေး ထိခိုက်မှု ကုစားရေး၊ အခြေခံလူတန်းစားတွေ သက်သာချောင်ချိရေး စတဲ့ အထွေထွေ ကုန်ကျငွေတွေ ထပ်ဆောင်း ပါဝင်လာတာကြောင့် အနည်းဆုံး ဒေါ်လာ ၂ ဘီလျံ ကျော်လောက်ပြီလို့ ခန့်မှန်းရပေမဲ့ အသေးစိတ် အချက်အလက်တွေ မထုတ်ပြန်သေးတဲ့အတွက်၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အစိုးရရဲ့ ကြွေးမြီဆိုင်ရာ လေ့လာတွေ့ရှိချက် တရားဝင် အစီရင်ခံစာကိုပဲ အခြေခံပြီး တွက်ချက်မှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေ မပါဝင်ပေမဲ့ ဒီစာဟာ အရင်အစိုးရအဆက်ဆက်ရဲ့ အကြွေးတွေ ဒီချုပ်အစိုးရအပေါ် ဘယ်လို လာဖိစီးသလဲ ဆိုတာကို ရေးမှာ ဖြစ်လို့ အချက်အလက်ပိုင်း မပြည့်စုံမှု၊ မှားယွင်းမှုတွေ ဖြစ်စရာအကြောင်း မရှိပါဘူး)
အထက်ပါ အချက်အလက်တွေအရ ၁၉၈၈ မတိုင်မီကနေ ဒီချုပ်အစိုးရလက်ထက် ၂၀၁၉ အထိ… စာချုပ်တန်ဖိုးအရ မြန်မာအစိုးရအဆက်ဆက် ချေးယူခွင့်ရထားတဲ့ ပမာဏ စုစုပေါင်းဟာ ဘီလျံ ၂၀ ဝန်းကျင် ရှိပြီး တကယ်တမ်း ထုတ်ယူသုံးစွဲထားတဲ့ ကြွေးရင်းငွေ (Principal) ကတော့ ဒေါ်လာ ၁၂ ဒသမ ၇ ဘီလျံ ခန့် ရှိပါတယ်။ ဒီကာလအတွင်းမှာ ပြန်ဆပ်နိုင်ခဲ့တဲ့ ကြွေးရင်းငွေကတော့ ဒေါ်လာ ၂ ဒသမ ၆၉ ဘီလျံပဲ ရှိတဲ့အတွက်… မြန်မာနိုင်ငံရဲ့ အသားတင် ကြွေးကျန် ပမာဏဟာ ဒေါ်လာ ၁၀ ဘီလျံကျော်လောက် ရှိနေသေးတာ ဖြစ်တယ်။

ဇာတ်ရှိန်က ဒီနေရာမှာ တက်ပါပြီ။

ကြံ့ခိုင်ရေးနဲ့ ဒီချုပ် အစိုးရ နှစ်ဆက်လက်ထက်မှာ ဒေါ်လာ ၂၄ ဘီလျံနီးပါးသော အကြွေးတွေကို ဆပ်နိုင်ခဲ့တာတောင် ကြွေးရင်းငွေ (Principal) က ၂ ဒသမ ၆၉ ဘီလျံပဲ ကျေသေးတယ် ဆိုတဲ့အတွက်…အတိုးငွေ (Interest) က ဒေါ်လာ ၂၁ ဘီလျံကျော်တောင် ဖြစ်နေတယ်လို့ အကြမ်းဖျင်း ယူဆလို့ ရပါတယ်။ ဒီနေရာမှာ အတိုးလို့ အလွယ်ပြောလိုက်ပေမဲ့ အဲဒီအထဲမှာ နှစ်အလိုက် တက်နေတဲ့ အတိုးတွေ၊ အရင်းမဆပ်နိုင်လို့ ပေးရတဲ့ နောက်ကျ ဒဏ်ကြေးတွေ၊ ဝန်ဆောင်မှုစရိတ်တွေ အားလုံးကို ဆိုလိုပါတယ်။ သေချာတာကတော့ အဲဒီ ဒေါ်လာ ၂၁ ဘီလျံကျော်ဟာ ကြွေးရင်းတော့ လုံးဝ မဟုတ်ပါဘူး။ ဆိုတော့ အဲဒီ ကြွေးရင်း ၂ ဒသမ ၇ ဘီလျံ ဆပ်နိုင်ချိန်မှာ အတိုးနဲ့ နောက်ကျကြေးတွေက ၂၁ ဘီလျံကျော် ပေးလိုက်ရပြီ ဖြစ်တဲ့အတွက် ဆပ်ပြီးသမျှသော အတိုးနဲ့ အရင်းရဲ့ အချိုးက ရှစ်ဆ တစ်ဆ ဖြစ်နေပါတယ်။ ဒီ ဒေါ်လာ ၂၁ ဘီလျံကျော် ဆိုတဲ့ ငွေပမာဏ ဘယ်လောက် များပြားကြောင်း မြင်သာအောင် ပြောပြရရင်… မြန်မာတစ်နိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်မှု တန်ဖိုး သို့မဟုတ် မြန်မာပြည်သား အားလုံးရဲ့ တစ်နှစ်တာ ဝင်ငွေ စုစုပေါင်း (GDP) ရဲ့ သုံးပုံ တစ်ပုံ နီးပါး ရှိပါတယ်။

ပိုပြီး ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပြောရရင်…

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်နိုင်တဲ့ စက်တစ်လုံး တပ်ဆင်ဖို့ အကြမ်းဖျင်းအားဖြင့် ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် ကုန်ကျတာမို့ ဒီအတိုးပေးရငွေနဲ့ လျှပ်စစ်ကဏ္ဍကို တိုးမြှင့်မယ် ဆိုရင် မဂ္ဂါဝပ် ၂၁၀၀၀ ထုတ်လုပ်နိုင်ပါလိမ့်မယ်။ အခုလက်ရှိ ၂၀၂၀ မေလအထိ မြန်မာတစ်နိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ စက်တပ်ဆင်အား (တကယ်က တပ်ဆင်အားလောက် မထွက်ပါ) က မဂ္ဂါဝပ် ၆၀၀၀ ကျော်ရုံလေးပဲ ရှိတဲ့အတွက် မဂ္ဂါဝပ် ၂၁၀၀၀ ဆိုတာဟာ လက်ရှိ စက်တပ်ဆင်အားထက် သုံးဆခွဲ ပိုများလို့ မြန်မာတစ်နိုင်ငံလုံး နေ့ရောညပါ မီးထွန်းပြီးနေရင်တောင် ပိုလျှံသေးလို့ ပြည်ပကို အမှန်တကယ် ရောင်းစားနိုင်တဲ့ အခြေအနေအထိတောင် မြင့်မားသွားနိုင်ပါတယ်။
နာမည်ကြီးလှတဲ့ မြစ်ဆုံဆည် စီမံကိန်းရဲ့ ခန့်မှန်း စက်တပ်ဆင်အားဟာလည်း မဂ္ဂါဝပ် ၆၀၀၀ ပဲ ရှိတာမို့ ဒီအတိုးငွေတွေသာ မနှိပ်စက်ဘူးဆိုရင်…
ဒေါ်လာ ၂၁ ဘီလျံထဲက ၁၈ ဘီလျံ သုံးပြီး မြစ်ဆုံဆည်က ထုတ်မယ့် လျှပ်စစ်ဓာတ်အားရဲ့ ၃ ဆ ဖြစ်တဲ့ မဂ္ဂါဝပ် ၁၈၀၀၀ ထုတ်နိုင်တဲ့ စက်တွေ တပ်ဆင်နိုင်မှာ ဖြစ်သလို မြစ်ဆုံဆည် စီမံကိန်းရဲ့ အပြီးအစီး တည်ဆောက်ရေး စရိတ်က ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ဆိုပေမဲ့ လက်ရှိအချိန်အထိ တကယ်တမ်း တရုတ်ကုမ္ပဏီဘက်က တည်ဆောက်ရေးအတွက် သုံးထားတဲ့ စရိတ်က ဒေါ်လာ သန်း ၈၀၀ ပဲ ရှိသေးတဲ့အတွက် အတိုးငွေထဲက ကျန်တဲ့ ဒေါ်လာ ၃ ဘီလျံနဲ့ ပါးရိုက်ပြီး လျော်ကြေးပေး ဖျက်သိမ်းပစ်လို့ ရပါသေးတယ်။

တကယ်ကို ရင်နာစရာ မကောင်းပေဘူးလား။

ဒီတော့ ဘာလို့ ဒီလောက်တောင် အတိုးတွေ များသွားရတာလဲ ဆိုတဲ့ အကြောင်းရင်းကို လေ့လာကြည့်တဲ့အခါမှာ…
(၁) ရှေ့အစိုးရအဆက်ဆက် မြင့်မားလှတဲ့ အတိုးနှုန်းနဲ့ ချေးငွေ ယူထားခြင်း
ဦးနေဝင်းအစိုးရနဲ့ စစ်အစိုးရနှစ်ဆက်လက်ထက် ချေးထားသမျှ အကြွေးအားလုံးရဲ့ ၉၇ ရာခိုင်နှုန်းဟာ တရုတ်ဆီက အတိုးနှုန်းများများနဲ့ ယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ နောက်ပိုင်းမှာတော့ အခြားနိုင်ငံတွေ အထူးသဖြင့် ဂျပန်နိုင်ငံဆီကပါ ချေးယူလာတဲ့အတွက် တရုတ်ချေးငွေ လျော့ကျသွားပေမဲ့… လက်ရှိ ကြွေးကျန် ၁၀ ဘီလျံထဲမှာတောင် တရုတ်ဆီက ချေးငွေ ၄ ဘီလျံ ပါဝင်နေဆဲဖြစ်ပြီး အဲဒီ တရုတ်ချေးငွေ အများစုကို စစ်အစိုးရနှစ်ဆက်လက်ထက် ဖြစ်တဲ့ ၁၉၈၈ ကနေ ၂၀၁၀ ကာလအတွင်း ချေးယူခဲ့တာ ဖြစ်တယ်။ အတိုးနှုန်းဟာ ကြောက်စရာကောင်းလောက်အောင် မြင့်မား (အမြင့်ဆုံးအဖြစ် ၄ ဒသမ ၅ ရာခိုင်နှုန်း) နေပေမဲ့ ငွေချေးမယ့် နိုင်ငံဆိုလို့ တရုတ်ပဲ ရှိတာကြောင့် ရွေးချယ်စရာ မရှိလို့ မျက်စိမှိတ် ယူခဲ့ရတာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

အတိုးနှုန်းအပြင် ဝန်ဆောင်မှု စရိတ်ပါ ပေးရပါသေးတယ်။

ဝန်ဆောင်မှုစရိတ် ဆိုတာက စာချုပ်တန်ဖိုးအပေါ်မှာ ပေးရတဲ့ အတိုးပဲ ဖြစ်တယ်။ ဥပမာ တစ်နှစ် အတိုး ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ဝန်ဆောင်စရိတ် ၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဒေါ်လာ ၁ ဘီလျံ ချေးဖို့ စာချုပ်ချုပ်ထားပေမဲ့ မလိုအပ်သေးလို့ တစ်ပြားမှ ထုတ်မသုံးရင်တောင် တစ်နှစ်ပြည့်တဲ့အခါ ငွေထုတ်မသုံးလို့ အတိုး ၄ ဒသမ ၅ ရာခိုင်နှုန်းကို ပေးစရာ မလိုပေမဲ့ ဝန်ဆောင်စရိတ် ၀ ဒသမ ၅ ရာခိုင်နှုန်းကိုတော့ ဒေါ်လာ ၁ ဘီလျံပေါ်မှာ ပေးဆောင်ရမှာ ဖြစ်တယ်။ တရုတ်ချေးငွေ အများစုဟာ အဲဒီလို ၅ ရာခိုင်နှုန်း အတိုးပေးရတဲ့ ချေးငွေတွေ ဖြစ်တယ်။ ပိုဆိုးတာက စစ်အစိုးရနှစ်ဆက်လက်ထက် ချေးငွေအားလုံးနီးပါးဟာ အနှစ် ၃၀ ချေးငွေတွေ ဖြစ်လို့ အခု ဒီချုပ်အစိုးရလက်ထက်မှာ ပြန်ပေးဆပ်ရမယ့် ကာလကို ရောက်နေပြီ ဖြစ်တဲ့အတွက် နေဝင်းခေတ် စစ်အစိုးရခေတ် ကြွေးပူတွေ အားလုံးဟာ ဒီချုပ်အစိုးရအပေါ် ပိနေပြီ ဖြစ်တယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကတော့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးလိုက်ပြီမို့ တရုတ်ဆီကချည်း မဟုတ်ဘဲ အခြားနိုင်ငံတွေဆီကပါ ချေးတဲ့အတွက် တရုတ်အကြွေးက ရှေ့အစိုးရတွေလောက် မများပါဘူး။ ဒါပေမဲ့ မြန်မာကို အနာဂတ်မှာ အကြွေးနွံထဲ နစ်သထက် နစ်စေမယ့် မြစ်ဆုံဆည် စီမံကိန်းကို စစ်အစိုးရလက်ထက် လက်မှတ်ထိုးခဲ့သလို… တရုတ် BRI စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကိုလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ အတည်ပြုခဲ့ပါတယ်။  တရုတ်ရဲ့ မတည်ငွေနဲ့ တည်ဆောက်မယ့် စီမံကိန်းတွေကို အကြွေးထောင်ချောက် (Debt Trap) တွေလို့ ကမ္ဘာက ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီမတည်ငွေတွေဟာ အတိုးနှုန်း အရမ်းမြင့်တဲ့ ချေးငွေတွေအဖြစ် အသွင်ပြောင်းသွားမှာမို့လို့ပါပဲ။
အကယ်၍ ဒီချေးငွေတွေကို ပြန်မဆပ်နိုင်ရင် မြီရှင်တရုတ်ဟာ မြီစားနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေ၊ သယံဇာတတွေကို ဝင်ရောက် ခြယ်လှယ်သိမ်းပိုက်မှာပဲ ဖြစ်တယ်။ ဥပမာအားဖြင့် တရုတ် မတည်ငွေနဲ့ တည်ဆောက်တဲ့ ဆိပ်ကမ်းစီမံကိန်းအတွက် ချေးငွေကို ပြန်မဆပ်နိုင်တဲ့ သီရိလင်္ကာနိုင်ငံဟာ ၂၀၁၇ မှာ အဲဒီဆိပ်ကမ်းကို တရုတ်တွေဆီ ၉၉ နှစ် အငှါးချပေးလိုက်ရပါတယ်။ သီရိလင်္ကာနိုင်ငံလို အဖြစ်ဆိုးမျိုး မကြုံရစေဖို့အတွက် ဒီချုပ်အစိုးရဟာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်နဲ့ ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး… ဦးသိန်းစိန်လက်ထက်က သဘောတူခဲ့တဲ့ တရုတ် – မြန်မာ ပိုင်ဆိုင်မှုအချိုး ဖြစ်တဲ့ ၈၅ : ၁၅ ကို ၇၀ : ၃၀ အဖြစ် ပြောင်းလဲသတ်မှတ်လိုက်နိုင်သလို စီမံကိန်း ပမာဏကိုလည်း ဒေါ်လာ ၇ ဒသမ ၅ ဘီလျံကနေ ၁ ဒသမ ၃ ဘီလျံအထိ ၅ ဆနီးပါး လျှော့ချပစ်နိုင်ခဲ့လို့ ကြွေးပမာဏ အများကြီး ထပ်တင်ခံရမယ့် ဘေးကနေ လွတ်မြောက်စေခဲ့ပါတယ်။
ခေတ်အဆက်ဆက် တင်ခဲ့တဲ့ ပြည်ပကြွေးမြီတောင် ၁၀ ဘီလျံလောက်ပဲ ရှိပြီး အဲဒီလောက်နဲ့တောင် အကြွေးလည်ပင်းခိုက်သလို ဖြစ်နေတဲ့ နိုင်ငံမှာ… တရုတ်ရဲ့ ချေးငွေ ၇ ဒသမ ၅ ဘီလျံကို ထပ်ယူပြီး သေချာ မစိစစ်ဘဲ စီမံကိန်း အကြီးကြီး လုပ်ရဲတဲ့ ဦးသိန်းစိန်အစိုးရရဲ့ မိုက်မဲမှုကိုတော့ ဩချမိပါတယ်။ ဒီချုပ်အစိုးရသာ မကယ်ခဲ့ရင် တရုတ်အတွက် ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ ဒီတိုင်းပြည်ဟာ တရုတ်ရဲ့ ခေတ်သစ် စီးပွါးရေးနဲ့ နယ်ချဲ့နည်းကြောင့် အကြွေးပိပြီး အချုပ်အခြာ အာဏာ ထိပါးခံရဖို့သာ ရှိပါတော့တယ်။

(၂) နှစ်စဉ် ဖဲ့ဆပ်ရမယ့် အရင်းကို မဆပ်နိုင်ခြင်း၊ အတိုးကို မသတ်နိုင်ခြင်း၊ တာဝန်မဲ့ခဲ့တဲ့ နှစ်ကာလ ရှည်ကြာလွန်းခြင်း
စည်းကမ်းအရ မြီစားနိုင်ငံဟာ ချေးထားတဲ့ ငွေကို နှစ်စဉ် အတိုးအပြင် အရင်းပါ ဖဲ့ဆပ်ရမယ့် တာဝန် ရှိပါတယ်။ ဒါမှ နောက်ပိုင်းနှစ်တွေမှာ အရင်းတွေ လျော့လျော့လာပြီး ပေးရတဲ့ အတိုးပမာဏလည်း ကျဆင်းသွားတဲ့အတွက် ဝန်ထုပ်ဝန်ပိုးဟာ ပေါ့သထက် ပေါ့လာပြီး သတ်မှတ်ထားတဲ့ ပြန်ဆပ်ကာလရောက်ရင် အကြွေးက အောင်အောင်မြင်မြင် ပေးဆပ်ပြီး ဖြစ်သွားမှာပါ။ ဒါပေမဲ့ စာရင်းဇယားတွေအရ… လွတ်လပ်ရေးရပြီး နောက်ပိုင်းကနေ ၂၀၁၉ အထိ အကြွေး ဒေါ်လာ ၁၂ ဒသမ ၇ ဘီလျံ တင်ရှိနေတဲ့အထဲမှာ ကြွေးရင်းငွေ စုစုပေါင်း ၂ ဒသမ ၆၉ ဘီလျံကိုသာ ပြန်ဆပ်နိုင်ခဲ့ပြီး…
အဲဒီ ၂ ဒသမ ၆၉ ဘီလျံထဲမှာ ဦးနေဝင်းလက်ထက်၊ စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်လက်ထက်အထိ ဆယ်စုနှစ် ၆ ခုမက ရှည်လျားလှတဲ့ ကာလအတွင်းမှာ ဆပ်ခဲ့တဲ့ ကြွေးရင်းငွေဟာ ၀ ဒသမ ၉၉ ဘီလျံပဲ ရှိပါတယ်။ အဲဒီ ကြွေးရင်းငွေ ၀ ဒသမ ၉၉ ဘီလျံ ကို ဆပ်ခဲ့တယ် ဆိုတာဟာလည်း သက်တမ်း ၅ နှစ်အတွင်း အတိုးတွေ အရင်းတွေ စုစုပေါင်း ၁၁ ဘီလျံတောင် ဆပ်နိုင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရပဲ ဖြစ်ဖို့ များပါတယ်။ ဒါဟာ နှစ်စဉ်ပုံမှန် ဖဲ့ဆပ်သွားရမယ့် ကြွေးရင်းကို ဦးနေဝင်းအစိုးရနဲ့ စစ်အစိုးရနှစ်ဆက်လုံး မဆပ်နိုင်ခဲ့ဘူး ဆိုတာကို ပြနေပါတယ်။ ဒီတော့ တံခါးပိတ်စီးပွါးရေး ကျင့်သုံးတဲ့ နေဝင်း တစ်ပါတီအစိုးရ အုပ်ချုပ်မှု ၂၆ နှစ်နဲ့ နဲ့ နိုင်ငံတကာ ပိတ်ဆို့မှုကို ခံထားရတဲ့ စစ်အုပ်ချုပ်ရေး ၂၂ နှစ်ကိုပဲ ပေါင်းရင်တောင် ၄၈ နှစ် ရှိပြီမို့… ဆယ်စုနှစ် ၅ ခုစာလောက် ရှည်ကြာလှတဲ့ ကာလအတွင်းမှာ အရင်းရော အတိုးရော မပေးနိုင်တဲ့ ချေးငွေတွေရဲ့ အတိုးတွေ၊ နောက်ကျဒဏ်ကြေးတွေ၊ ဝန်ဆောင်ခတွေ ဘယ်လောက်တောင် တက်နေပြီလဲ ဆိုတာ မှန်းဆနိုင်ပါပြီ။ တကယ်တော့ တရုတ်ရဲ့ အတိုးနှုန်းကိုသာ အဓိက ထောက်ပြနေကြပေမဲ့ တကယ်တမ်းမှာ အတိုးထက် ပိုဆိုးတာက နောက်ကျဒဏ်ကြေး ဖြစ်ပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီထဲမှာ နှစ်ပေါင်းများစွာ ဆပ်စရာ ရှိတာကို မဆပ်ဘဲ နေခဲ့လို့ တက်လာတဲ့ နောက်ကျဒဏ်ကြေးတွေဟာ အတိုးထက်တောင် များပါတယ်။ ဘာလို့လဲဆိုတော့ အတိုးနှုန်းသက်သာတယ် ပြောလို့ရတဲ့ အဖွဲ့ဝင် ၁၁ နိုင်ငံရှိတဲ့ ပါရီကလပ် (Paris Club) ခေါ် မြီရှင်နိုင်ငံများအဖွဲ့ဝင် ဂျပန်လို ဂျာမနီလို နိုင်ငံတွေရဲ့ ချေးငွေစာချုပ်မှာတောင် နောက်ကျကြေးကတော့ မသက်သာလို့ပါပဲ။

သာဓက ပြရမယ် ဆိုရင်…

ဂျပန်ဆီက ချေးထားတဲ့ ကြွေးရင်းဟာ ၃ ဒသမ ၅ ဘီလျံသာ ရှိပေမဲ့ အတိုး ၆၇၉ သန်းနဲ့ နောက်ကျကြေး ၂ ဒသမ ၂ ဘီလျံ ပေါင်းပြီး ၆ ဒသမ ၅ ဘီလျံအထိ တက်သွားသလို… နော်ဝေနိုင်ငံက ချေးထားတဲ့ သန်း ၃၀ လောက်သော အကြွေးလေးဟာ အတိုး ၆ သန်းနဲ့ နောက်ကျကြေး ၄၉၈ သန်း ပေါင်းပြီး ၅၃၄ သန်းအထိ မယုံနိုင်စရာ မြင့်တက်သွားကြောင်းတွေ့ရပါတယ်။ ပါရီကလပ် တစ်ခုလုံးအနေနဲ့ ပြောရမယ် ဆိုရင်တော့ ကြွေးရင်း ၄ ဒသမ ၄ ဘီလျံ ရှိရာက အတိုး ၉၁၄ သန်းနဲ့ နောက်ကျကြေး ၄ ဒသမ ၈ ဘီလျံ ပေါင်းပြီး ၁၀ ဒသမ ၁ ဘီလျံအထိတောင် အကြွေးတိုးပွါးသွားရတဲ့ အဖြစ်က… နှစ်ပေါင်းများစွာ မဆပ်ဘဲ ထားခဲ့လို့ ဒဏ်တပ်ခံရတဲ့ နောက်ကျကြေးက ပေးတဲ့ အကြွေးဝန်ထုပ်ဝန်ပိုး ဘယ်လောက်ကြီးကြောင်းကို ပေါ်လွင်စေပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းလာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ပါရီကလပ် (Paris Club) အဖွဲ့ဝင် နိုင်ငံတွေက… ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ မှာ သူတို့ ရစရာရှိတဲ့ အကြွေး ၁၀ ဒသမ ၁ ဘီလျံထဲက ထက်ဝက်ကျော် ဖြစ်တဲ့ ၅ ဒသမ ၉၆ ဘီလျံကို လျှော်ပေးခဲ့တာတောင်… ကျန်တဲ့ ၄ ဒသမ ၂ ဘီလျံကို မဆပ်နိုင်သေးတဲ့အတွက် နောက်ကျကြေးတွေ မဟားတရား ထပ်တက်နေပြန်ပါသတဲ့။ တကယ်ဆိုရင် အဲဒီ လျှော်ပေးတဲ့အထဲမှာ ကြွေးရင်းက ကျေသွားတာက မဆိုသလောက်၊ အတိုးနဲ့ နောက်ကျကြေးက များများ ဖြစ်နေတာပါ။
ဥပမာ ဂျာမနီကနေ ချေးယူထားတုန်းက ၆၅၃ သန်းပဲ ဖြစ်ပေမဲ့ ရှေ့အစိုးရအဆက်ဆက် အတိုးရော အရင်းရော မဆပ်တဲ့အတွက် သန်းပေါင်း ၁၅၇၀ အထိ ဖြစ်သွားပါတယ်။ ဒါကြောင့် ဂျာမနီဘက်က ၆၉၉ သန်း လျှော်ပေးလိုက်သည့်တိုင် ဆပ်ရန် ကျန်ငွေ ၈၇၁ သန်းဟာ ကြွေးရင်း ၆၅၃ သန်းထက် များနေတုန်းပဲမို့… ဘယ်လောက် လျှော်ပေးပေး ကြွေးရင်းထဲက ကျေသွားဖို့ ထားလို့ အတိုးနဲ့ နောက်ကျကြေးတွေ ပေါင်းလာတဲ့ ကြွေးပေါ်ကြွေးဆင့်ငွေတောင် မကျေဘူးဆိုတာကို ထင်ရှားစွာ မြင်သာစေတဲ့ ဥပမာပါပဲ။ တစ်ဖက်မှာတော့ ဒီချုပ်အစိုးရသက်တမ်း လေးနှစ်ခွဲအတွင်းမှာ…
ရှေ့အစိုးရအဆက်ဆက် အနှစ် ၆၀ စာထက် နှစ်ဆနီးပါး ပိုများတဲ့ ကြွေးရင်း ၁ ဒသမ ၇ ဘီလျံ ဆပ်နိုင်ခဲ့တဲ့အတွက် ဒီချုပ်ရဲ့ စွမ်းဆောင်ရည် ဘယ်လောက် မြင့်မားတယ် ဆိုတာကို သိသာ ထင်ရှားစေပါတယ်။ ဒါ့အပြင် ဦးသိန်းစိန်အစိုးရလက်ထက် ဆပ်နိုင်တဲ့ ၁၁ ဘီလျံထဲမှာ ပါရီကလပ်က လျှော်ပစ်လိုက်တဲ့ ၅ ဒသမ ၉ ဘီလျံကို နုတ်လိုက်ရင် တကယ်တမ်း အသားတင် ဆပ်နိုင်တာက ၅ ဘီလျံသာ ရှိပြီး… ဒီချုပ်အစိုးရရဲ့ ၁၃ ဘီလျံကတော့ အသားတင် ဆပ်ငွေတွေချည်း ဖြစ်တဲ့အတွက် ဒီကွာခြားမှုဟာ… ဘယ်အစိုးရက စွမ်းဆောင်ရည် ပိုကောင်းသလဲ ဆိုတာနဲ့ ငါတို့ဆီက ကောက်ခံထားတဲ့ အခွန်တွေ ဘယ်လောက်သွားလဲ ဆိုတဲ့ မေးခွန်းတွေအတွက် အဖြေပါပဲ။

စကားပြန်ကောက်ရရင်…

ဦးသိန်းစိန်အစိုးရလက်ထက် ဒေါ်လာ ၁၁ ဘီလျံ ဆပ်သော်လည်း ၀ ဒသမ ၉၉ ဘီလျံပဲ ကြွေးရင်းကျေပြီး ဒီချုပ်အစိုးရလက်ထက် ဒေါ်လာ ၁၃ ဘီလျံတောင် ဆပ်တာတောင် ၁ ဒသမ ၇ ဘီလျံသာ ကြွေးရင်းကျေတယ် ဆိုတာကို သိပြီဆိုရင်… ဒီနိုင်ငံဟာ စစ်အာဏာရှင်တွေကြောင့် အဘယ်လောက်တောင် အကြွေးနွံ တိုးနွံ နောက်ကျကြေးနွံထဲ ရုန်းမရအောင် နစ်သွားရသလဲ ဆိုတာကို မြင်သာလောက်ပြီ ထင်ပါတယ်။

မျှမျှတတ ပြောရမယ် ဆိုရင်တော့…

ချေးငွေယူတာဟာ အပြစ် မဟုတ်သလို အကြွေးတွေ များလာတာဟာလည်း အစိုးရ ညံ့လို့ မဟုတ်ပါဘူး။ တကယ်တော့ တိုင်းပြည်တိုင်းလိုလိုရဲ့ အစိုးရတွေမှာ အကြွေးတွေ ရှိကြပါတယ်။ အမေရိကန်၊ ဂျပန်နဲ့၊ တရုတ်လို ကမ္ဘာ့ စီးပွါးရေး အင်အားအကြီးဆုံး ၃ နိုင်ငံဟာ ကမ္ဘာ့ ကြွေးအထူဆုံး နိုင်ငံစာရင်းမှာလည်း ပထမ၊ ဒုတိယနဲ့ တတိယ အဖြစ် ဗိုလ်စွဲနေပါတယ်။  အဲဒီအကြွေး ဆိုတာဟာလည်း အစိုးရသစ် တက်လာတိုင်း ထပ်ထပ်ချေးကြတဲ့အတွက် ယေဘုယျအားဖြင့် အစိုးရတစ်ဆက်ပြီးတိုင်း ပိုပိုများလာတတ်တဲ့ သဘောသဘာဝ ရှိလို့… ရှေ့အစိုးရလက်ထက်ထက် နောက်အစိုးရလက်ထက်မှာ အကြွေးတွေဟာ ပိုများလာတာ မဆန်းပါဘူး။  ဒါပေမဲ့ ဒီလို ငွေချေးရာမှာ… အတိုးနှုန်း သက်သာဖို့ ချေးငွေကို ဆီးသီးဗန်း မမှောက်ဖို့ တကယ်လိုတဲ့ နေရာမှာ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိအောင် ထိထိရောက်ရောက် သုံးဖို့  မိမိအစိုးရ ချေးထားတဲ့ ငွေတွေကို နောက်အစိုးရအပေါ် ဝန်မပိစေရေးအတွက် အတိုးရော အရင်းပါ သတ်မှတ်ထားတဲ့အတိုင်း နှစ်စဉ် ပေးဆပ်နိုင်အောင် ကြိုးစားဖို့ ဆိုတဲ့ ၄ ချက်ကို လိုက်နာနေရင် ဘာပြဿနာမှ မရှိပါဘူး။  ဥပမာ အခု ဒီချုပ်အစိုးရလက်ထက်မှာလည်း ချေးငွေတွေ အများကြီး ယူပါတယ်။ ဒါပေမဲ့ အလွတ်မဲ့စား လျှောက်ချေးနေတာ မဟုတ်ဘဲ ဒီချုပ်အစိုးရဟာ ဦးသိန်းစိန်အစိုးရထက်… ပညာရေး အသုံးစရိတ်ကို နှစ်ဆခွဲ နီးပါး ကျန်းမာရေး အသုံးစရိတ်ကို နှစ်ဆကျော်
လျှပ်စစ်ကဏ္ဍ အသုံးစရိတ်ကို ၆၈ ရာခိုင်နှုန်းကျော် ပိုမို သုံးစွဲခဲ့တဲ့အပြင်…  အခြေခံအဆောက်အအုံပိုင်း ဆိုင်ရာ မြှင့်တင်မှု အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးအတွက် ပုံအောသုံးစွဲရုံမက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအတွက်လည်း ဒေါ်လာ သန်း ၁၅၀၀ နီးပါး သုံးစွဲထားရတဲ့အတွက် ချေးငွေပမာဏ များပြားနေရခြင်း ဖြစ်တယ်။ ချေးငွေ ယူတာ များနေတယ် ဆိုပေမဲ့ သူတို့ ယူထားတဲ့ ချေးငွေထက် သုံးလေးဆ ပိုများတဲ့ ဒေါ်လာ ၁၃ ဘီလျံတောင် ပြန်ဆပ်ထားနိုင်တဲ့ အစိုးရကောင်းလည်း ဖြစ်တယ်။ အကယ်၍ အရင်အစိုးရအဆက်ဆက် တာဝန်မဲ့ခဲ့တဲ့ အတိုး အရင်းနဲ့ နောက်ကျကြေးတွေ ပေါင်းထားတဲ့ ကြွေးကျန်တွေရဲ့ ဒဏ်ကိုသာ ဒီချုပ်အစိုးရ မခံရဘူးဆိုရင်… ဒီလေးနှစ်ခွဲအတွင်း ရှေ့အစိုးရတွေရဲ့ ကြွေးရင်းတွေလည်း အတော်များများကျေ၊ ထပ်ယူရတဲ့ အကြွေး ပမာဏလည်း နည်းပါးပြီး တိုင်းပြည်ရဲ့ ပညာရေး ကျန်းမာရေး လျှပ်စစ်နဲ့ အခြား အခြေခံအဆောက်အအုံ စတဲ့ ကဏ္ဍတွေမှာ အတော်ကြီး တိုးတက်သွားလောက်ပါပြီ။ ဒါကြောင့် ဘယ်အစိုးရမဆို တိုင်းပြည်အတွက် လိုအပ်ရင် ချေးတာက ချေးနိုင်ပါတယ်။ ဒါပေမယ့် အတိုးနှုန်းက မဟားတရား များနေသလို နောက်ကျကြေးကလည်း ပိုတောင် ဆိုးနေလေတော့… ကိုယ်ချေးထားတဲ့ အကြွေးတွေကို တာဝန်မဲ့စွာ ပြန်မဆပ်ခဲ့တဲ့ အစိုးရတွေချည်း အုပ်ချုပ်သွားတဲ့အခါကျတော့ တိုင်းပြည်က အကြွေးနွံ အတိုးနွံနဲ့ နောက်ကျကြေးနွံထဲ ပိုးစိုးပက်စက် နစ်သွားရတာ လက်တွေ့ပါပဲ (ကြွေးရင်းက ၁၀ ဘီလျံတောင် ကျန်သေးတာမို့ အတိုးတွေ နောက်ကျကြေးတွေ ဘယ်လောက် ဆက်တက်နေမလဲ ခန့်မှန်းကြည့်နိုင်ပါတယ်)။ ဒါကတော့ စစ်အစိုးရလက်ထက်မှာ တစ်ကမ္ဘာလုံးက စီးပွါးရေး ပိတ်ဆို့ထားလို့ ရွေးချယ်ခွင့် မရှိဘဲ တစ်ခုတည်းသော ငွေချေးပေးမယ့်သူ တရုတ်ဆီကသာ သူတို့ စိတ်ကြိုက်အတိုးနှုန်းနဲ့ ချေးယူခဲ့ရတာကြောင့်ပါလို့ စစ်အစိုးရလက်ထက်ရော ဦးသိန်းစိန်စိုးရလက်ထက်မှာရော တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲထွဋ်က မိုးကြိုးကို ဖွတ်လက်နဲ့ ကာလိုက်ပါသေးတယ်။

တကယ်တမ်း ပြောရရင်…

အရပ်သား အစိုးရတွေ ပါလီမန်စနစ်နဲ့ အုပ်ချုပ်နေရာက စစ်တပ်က အာဏာသိမ်းပြီး တစ်ပါတီ အာဏာရှင်စနစ်နဲ့ အုပ်ချုပ် အဲဒီအစိုးရ ပြုတ်ကျသွားတော့ ပိုဆိုးသွားပြီး စစ်တပ်ဟာ ကိုယ်တိုင်လည်း အရပ်သားအစိုးရအဖြစ်တောင် ဟန်ဆောင် မပြောင်းလဲ၊ နိုင်ငံရေးသမားတွေကိုလည်း ဒီမိုကရေစီနည်းကျ ပြည်သူအစိုးရအဖြစ် အုပ်ချုပ်ခွင့်ကို မပေးဘဲ စစ်အာဏာရှင်စနစ်နဲ့သာ ဆက်တိုက် ဖိနှိပ်အုပ်ချုပ်နေတဲ့အတွက်ကြောင့်သာ နိုင်ငံတကာက စီးပွါးရေးပိတ်ဆို့မှုတွေ လုပ်တာ ဖြစ်တယ်။ ဒီအတွက် စစ်အုပ်ချုပ်ရေးကို စွန့်လွှတ်ပြီး အရပ်သားအစိုးရ လက်ထဲ အာဏာထည့်ပေးလိုက်ရုံနဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ပြန်ပွင့်သွားပြီး အတိုးမဲ့ အကူအညီတွေ၊ အတိုးနှုန်းနိမ့် ချေးငွေတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ရလာမယ်ဆိုတာသိပါလျက်…
ကိုယ်ကျိုးစီးပွါးကို မစွန့်လွှတ်နိုင်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ အာဏာကို ၂၂ နှစ်တိုင် ဆက်တိုက် ချုပ်ကိုင်ပြီး နိုင်ငံတကာ ပိတ်ဆို့မှု သက်ဆိုးရှည်အောင် ခေါင်းမာခဲ့ရုံသာမက… ဘာမဆိုင် ညာမဆိုင် ဒေါ်အောင်ဆန်းစုကြည်ကပဲ ကုလသမဂ္ဂနဲ့ တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေအပေါ် ဩဇာညောင်းပြီး ပိတ်ဆို့ခိုင်းလို့ မြန်မာပြည် ဆင်းရဲရသယောင်ယောင် ပုံဖျက်ပြီး… သူတို့ လုပ်ခဲ့လို့ ဖြစ်လာတဲ့ အကျိုးဆက်ကို စစ်သားပီသစွာ ယောကျ်ားပီသစွာ တာဝန်မယူ တာဝန်မခံဘဲ သူတို့ အပြစ် အားလုံးကို အနှစ် ၂၀ ကျော် အကျယ်ချုပ် ကျခံနေရသူအပေါ် ပုံချလိုက်ပါသေးတယ်။ အာဏာရှင်တွေဟာ တိုင်းပြည်အတွက် လိုအပ်တဲ့ ချေးငွေတွေကို အတိုးနှုန်း နည်းနည်းနဲ့ မရရင်နေ၊ အချိန်မှန် ပြန်မဆပ်နိုင်လို့ နောက်ကျကြေးတွေ ဘယ်လောက်ပဲ ဖိစီးများပြားနေနေ၊ တိုင်းပြည် ကြွေးနွံထဲ နစ်ရင် နစ်ပါစေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီတွေလည်း မရရင်နေ၊ ပြည်သူတွေ ဆင်းရဲ မွဲတေ ငတ်ပြီးပဲ သေသေ…ငါတို့ အာဏာ မစွန့်ရရင် ပြီးရောဆိုတဲ့ လမ်းကို သိသိကြီးနဲ့ တမင် ရွေးလျှောက်ခဲ့တာ ဖြစ်တယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့…

တိုင်းပြည်ဆိုတဲ့ သားငယ်လေး နာကျင်ရင် နာကျင်ပါစေ ငါတို့ လိုဘ ဖြစ်တဲ့ ဒီတိုင်းပြည်ကို ချုပ်ကိုင်ပိုင်ဆိုင်နိုင်ဖို့သာ အဓိက ဆိုတဲ့ မဟော်သဓာ သားတရား စီရင်ခန်းထဲက ကလေးငယ်ကို မညှာမတာ လုယူတဲ့ ဘီလူးမလို ဆိုးယုတ်လွန်းတဲ့ မင်းဆိုးမင်းညစ် စရိုက်မျိုး ရှိတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ အဆက်အနွယ်တွေ ဒီတစ်သက် ခေါင်းထောင်ထမလာနိုင်အောင်… လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အစိုးရတစ်ရပ်ရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့ပါတီကို ဝိုင်းပြီး မဲထည့်ကြပါလို့ အခါတစ်ရာမက တိုက်တွန်းလိုက်ချင်ပါတယ်။.
မှတ်ချက်။ ။ အချက်အလက်များကို စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ထုတ်ပြန်ချက်၊ World Bank၊ RFA၊ Asia Times၊ Myanmar Now၊ 7 Days နှင့် Myanmar Times တို့မှ ရယူပါတယ်။

ဆောင်းပါး – swe yu

Add a Comment

Your email address will not be published. Required fields are marked *