ရန်ကုန် ကိုဗစ်ပျံ့နှံ့မှု – အနံ့ပျောက်လက္ခဏာရှိသူတွေအတွက် နေရာတွေ စီစဉ်နေ

မြန်မာပြည် တဝန်း ကိုဗစ်အတည်ပြုလူနာ တွေ့ရှိတာ အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ် – ၁၉ ရောဂါ လက္ခဏာတခုဖြစ်တဲ့ အနံ့ပျောက်တာကို ခံစားရသူတွေ အများအပြားရှိလာနေတယ်လို့ သက်ဆိုင်ရာမြို့နယ် ဖျားနာကု ဆေးခန်းတချို့ကကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၅ ရက်နေ့ညပိုင်း နိုင်ငံပိုင် MRTV ရုပ်မြင်သံကြားလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ(ဒုတိယဥက္ကဋ္ဌ) လည်းဖြစ် ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ်ပါမောက္ခလည်းဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးရဲ့ ပြောကြားချက်မှာ အနံ့ပျောက်ရောဂါလက္ခဏာ (Anosmia)ရှိသူတွေကို ထားရှိမဲ့နေရာတွေ စီစဉ်နေတယ်လို့ ထည့်သွင်းပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေး လုပ်ဆောင်ပေးနေတဲ့ ကျန်းမာရေးဌာနတွေအနေနဲ့ ကိုဗစ် – ၁၉ ပိုးတွေ့ရှိသူနဲ့ ကိုဗစ် ရောဂါလက္ခဏာတခုခုရှိနေပြီး အာခေါင်တို့ဖတ် နမူနာ (Swab test) ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေဆဲလူနာ (Patients Under Investigation – PUI) တွေကို ဆေးရုံတင်ထားပေးကာ ကျန်းမာရေးဝန်ထမ်းတွေက ပြုစုစောင့်ရှောက်ပေးနေတာပါ။

ဗိုင်းရပ်စ်ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မိထားသူတွေကိုတော့ ပိုးရှိနေနိုင်တဲ့အတွက် သတိထားပြီး နေဖို့ စောင့်ကြည့်ရေးစခန်း (ကွာရန်တင်း စင်တာ) တွေမှာ ပို့ဆောင်ထားပေးပါတယ်။

ဒါကြောင့်မို့ လက်ရှိဆေးရုံတွေအပြင် ဆေးရုံနဲ့ စောင့်ကြည့်ရေးစခန်းတွေအဖြစ် အသစ်ဖန်တီးထားတာတွေကို ဖောင်ကြီး၊ လှိုင်၊ သုဝဏ္ဏအားကစားကွင်း၊ ရိုးမရိပ်သာ အိမ်ရာ စတဲ့နေရာတွေမှာ စီစဉ်ထားပြီး အခုအခါ နေရာအသစ် တခုအဖြစ် အောင်မြင့်မိုရ် အိမ်ရာကိုလည်း စက်တင်ဘာ ၂၅ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။

လှိုင်မြို့နယ်က Fever clinic တစ်ခုထဲမှာတင် စက်တင်ဘာ ၂၃ နဲ့၂၄ရက် ၂ရက်တာ အတွင်း လာပြ သူထဲက လူနာ ၁၀၀ လောက်ဟာ အနံ့ပျောက်သူတွေဖြစ်ပြီး၊ ဒီထဲက အရေးကြီးလူနာအချို့ကိုသာ အင်းစိန်ဆေးရုံကို လွှဲပို့နိုင်ခဲ့ကာ အချို့ကိုတော့နေအိမ်မှာပဲ စောင့်ကြည့်ဖို့ပြန်လွှတ်ခဲ့ရတယ်လို့ လှိုင်ဖျားနာကုဆေးခန်းရဲ့တာဝန်ခံဆရာဝန် ဒေါက်တာရဲ လင်းစိုးက ဘီဘီစီကိုပြောပြပါတယ်။

မြောက်ဥက္ကလာဆေးရုံမှာလည်း လက်ခံနိုင်တဲ့ လူနာအရေအတွက်ထက်ကျော်လွန် လာနေတာကြောင့် လတ်တလော Fever clinic ကိုပါ ခေတ္တ ပိတ်ထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မြောက်ဥက္ကလာ ဖျားနာကုဆေးခန်းတာဝန်ခံ သမားတော်ဖြစ်တဲ့ ဒေါက်တာစိုးဝေဖြိုးက ဘီဘီစီကို အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့က ဒီ fever clinic မှာပဲ လုပ်ရတာ မဟုတ်ပါဘူး၊ ဆေးရုံမှာလည်းလုပ်ရပါတယ်၊ အခုက ဆေးရုံမှာ လူနာတွေကများတော့ အဲဒီမှာ ဖိပြီး လုပ်ပေးနေရတယ်၊ fever clinic ပိတ်သွားတဲ့သဘောတော့မဟုတ်ဘူး၊ ဆေးရုံက အရေးပေါ်ဌာနကို (လူနာတွေ) လာလို့ရပါတယ်၊ အဲဒီမှာ ကျွန်တော်တို့ လုပ်ပေးနေတယ်” လို့ ဒေါက်တာ စိုးဝေဖြိုးက ပြောပါတယ်။

ကျန်းမာရေးဌာနရဲ့ စက်တင်ဘာ ၂၅ ရက် ညပိုင်းအထိ ထုတ်ပြန်ချက်တွေအရ ကိုဗစ် – ၁၉ ရောဂါနဲ့ သေဆုံးသူ ၁၇၄ ဦး နဲ့ အတည်ပြု လူနာ ၉၁၁၂ ဦး ရှိသွားပြီဖြစ်ပါတယ်။

အရင်ရက်ပိုင်းတွေက ပိုးရှိသူအရေအတွက်တိုးတာက တရက်ကို ၃၀၀ လောက်သာရှိပေမဲ့ နောက်ပိုင်းရက်တွေမှာ ၆၀၀ ကျော်၊ ၇၀၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။

နေ့စဉ်လူနာသစ်တွေ့ရှိနှုန်းမြင့်တက်နေတဲ့ ရန်ကုန်မှာ ကိုယ်တိုင်ဖျားပြီး အနံ့ပျောက်နေပေမဲ့ နေအိမ်မှာပဲ နေနေရတဲ့အခြေအနေကို မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ မချိုလဲ့ရည်ဝင်းက ဘီဘီစီကို ပြောပြပါတယ်။

“၂၀ ရက်နေ့ကဖျားတာ၊ နောက်နေ့ကျ ခေါင်းတအားကိုက်တယ်၊ မနေ့က စပြီး အနံ့မရတော့ဘူး၊ ဒီနေ့မနက်လည်း မရဘူး၊ ပြင်းတဲ့အနံ့တွေပါမရတော့တာ”

“အဲဒါ ဆရာဝန်နဲ့ ဆက်တော့ fever clinic ကိုပြကြည့်ဆိုတော့၊ fever clinic ကိုဖုန်းဆက်တော့ ပိတ်ထားပြီလို့ ဆိုတယ်၊ ဒီတော့ အိမ်မှာပဲ၊ အခန်း ခွဲတော့နေနေတာပဲ”

ဒေါက်တာဇော်ဝေစိုးကတော့ ရုပ်မြင်သံကြားက တဆင့်ထုတ်ပြန်ပြောကြားချက်ထဲမှာ အနံ့ပျောက်လူနာတွေထားနိုင်ဖို့ အတွက် သက်ဆိုင်ရာမြို့နယ်တွေအလိုက် စီစဉ်နေကြောင်း ပြောသွားပါတယ်။ ဥပမာ – အင်းစိန်မြို့နယ်ဆိုရင် အင်းစိန် ဆေးရုံကြီးရဲ့ အနီးအနားက ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ထားနိုင်ဖို့အတွက် နေရာတွေကို ပြင်ဆင်နေကြောင်း၊ တခြားမြို့နယ်တွေမှာဆိုရင်လည်း မြို့နယ်ဆေးရုံတွေအနီးမှာ အဲလို စီစဉ်နေကြောင်း သူက ပြောပါတယ်။

အဲဒီအတွက် လူ ၄၀၀၊ လူ ၅၀၀ ဆံ့မယ့် အနံ့ပျောက်လက္ခဏာရသူများ အတွက် စောင့်ကြည့်ရေးစခန်း (Anosmia Center) တွေကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ နဲ့ အတူ စီစဉ်လုပ်ကိုင်နေတယ်လို့ သူက ဆိုပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ နောက်ထပ် ဖြစ်ပေါ်တိုးတက်မှု တခုကလည်း ကိုဗစ် ရောဂါ ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ကုသရေးပိုင်းမှာ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ တပ်မတော်နဲ့ ပေါင်းစပ်ဆောင်ရွက်နိုင်တဲ့ ခြေလှမ်းပါ။

ရောဂါလက္ခဏာမပြတဲ့ ကိုဗစ် လူနာ ၁၅၀ ခန့်ကို မှော်ဘီမှာရှိတဲ့ တပ်မတော်ဘက်က ရောဂါလက္ခဏာမပြသူ (asymptomatic patients) တွေထားတဲ့နေရာကို ပို့ခဲ့ကြောင်းနဲ့ နောက်လည်း ဆက်ပို့မဲ့ အစီအစဉ်ရှိကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

သတင်း – ဘီဘီစီမြန်မာပိုင်း

Tags:

Add a Comment

Your email address will not be published. Required fields are marked *