တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ (Lock Down) ဖြေလျော့ပြီးနောက် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပြန်လည်အသက်ဝင်လာ

နယ်စပ်ဒေသမူဆယ်မြို့နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာတွေ့ရှိပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးထိန်းချုပ် ကုသနိုင်ရန်အတွက် စက်တင်ဘာလ(၁၅)ရက်နေ့မှစတင်၍ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကျယ်ဂေါင်နှင့် ဝမ်တိန်မြို့တို့ကို (Lock Down) ချခဲ့ပြီး

ရွှေလီမြို့၊ အကောက်ခွန်ဌာနလည်း ယာယီပိတ်ထားခြင်းကြောင့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်နှင့် ဝမ်တိန်မြို့တို့တွင် ကုန်ချမည့်ကုန်တင်များကိုသာ သီးသန့်တင်ပို့ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံ၊ ပို့ကုန်ယာဉ်များထဲ၌ ရွှေလီမြို့သို့ တင်ပို့မည့်ပို့ကုန်ယာဉ်များပြားပြီး ကျယ်ဂေါင်နှင့်ဝမ်တိန်မြို့တို့တွင် ကုန်ချမည့် ပို့ကုန်ယာဉ် စုစုပေါင်း (၅၀)စီးခန့်သာ တစ်ရက်လျှင် ဝင်ရောက်နိုင်ခြင်းကြောင့် နယ်စပ်ကုန်သွယ်စီးဆင်းမှု (၃၀)ရာခိုင်နှုန်း ခန့် ထပ်မံကျဆင်းလာခဲ့ကြောင်း သိရသည်။

အဆိုပါမြို့များ (Lock Down)ချသည့် အချိန်ကာလ၌ ရွှေလီမြို့၊ ကျယ်ဂေါင်နှင့် ဝမ်တိန်မြို့တို့တွင် နေထိုင်ကြသည့် ပြည်သူလူထုတစ်ဦးချင်းစီကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ရှိ/မရှိစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ မတွေ့ရှိသည့်အတွက် တရုတ်နိုင်ငံဘက်က မြို့(Lock Down) များကို စက်တင်ဘာလ(၂၁)ရက်နေ့ ည(၁၀)နာရီခွဲအချိန် က ပြန်လည်ဖြေလျော့ခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပြန်လည် အသက်ဝင် လာခဲ့သည်။

“စက်တင်ဘာလ(၂၂)ရက်နေ့ မနက်ပိုင်းအချိန်ကနေစတင်ပြီးတော့ ရွှေလီမြို့နဲ့ကျယ်ဂေါင်တို့မှာ ကုန်ချမယ့် ပို့ကုန်ယာဉ် စုစုပေါင်း(၂၀၀)ကျော်အထိ ဝင်ရောက်နိုင်ပါတယ်၊ ဒါပေမယ့် သွင်းကုန်ယာဉ်ကတော့ နည်းလာတာတွေ့ရပါတယ်၊ ပြီးခဲ့တဲ့ရက် ရွှေလီမြို့၊ (Lock Down) ချတဲ့အခါမှာ ရွှေလီမြို့ကနေ ကျယ်ဂေါင် ကိုလာချတဲ့ ပစ္စည်းလက်ကျန်ဟာ မရှိတော့တဲ့အတွက် သွင်းကုန်ယာဉ်နည်းသွားတာပါ၊

ဒါပေမယ့်အခုတော့ ရွှေလီမြို့၊ (Lock Down) ပြန်လည်ဖြေလျော့ပေးပြီဖြစ်တဲ့အတွက် ရွှေလီမြို့က ပစ္စည်းတွေ ကျယ်ဂေါက်ဘက်ကို လာချနေပြီလို့သိရပါတယ်၊ ဒီတစ်ရက်၊ နှစ်ရက်အတွင်းတော့ သွင်းကုန်ယာဉ်တွေလည်း ပိုမိုများပြား လာတော့မယ်လို့ ထင်ပါတယ်”လို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးစိုင်းနွံ့ ကလက်ရှိ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုအခြေအနေကို ပြောကြားသည်။

ရွှေလီမြို့၊ (Lock Down)ချစဉ် အတောအတွင်းတွင် ရွှေလီမြို့သို့ဝင်ရောက်ရန် မူဆယ်မြို့၌ စောင့်ဆိုင်းနေကြသည့် ပို့ကုန်ယာဉ်များကို ယာဉ်ကြောကြပ်တည်းမှုမဖြစ်ပွားဘဲ စနစ်တစ်ကျ ဝင်ရောက်နိုင်ရန် အတွက် မူဆယ်မြို့၊ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်ခရိုင်)က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

“ရွှေလီမြို့၊ (Lock Down)ချတဲ့အချိန်ကာလမှာ ရွှေလီမြို့ကိုဝင်ရောက်မယ့် ပို့ကုန်ယာဉ်တွေဟာ မူဆယ်မြို့၊ နီးစပ်ရာမြေနီကွင်း၊ မူဆယ်မြို့ရှောင်လမ်း၊ မူဆယ်-(၁၀၅)မိုင်ကြားနဲ့ မင်္ဂလာမူဆယ်ဘက် သွားတဲ့လမ်းဘက် တွေမှာ အဆင်ပြေအောင် စနစ်တစ်ကျစီတန်းထားပါတယ်၊ မြို့ (Lock Down)ပြန်လည် ဖြေလျော့လာပြီးနောက် ပို့ကုန်ယာဉ်တွေကို ပြန်ထုတ်ပြီး ရွှေလီမြို့နဲ့ ကျယ်ဂေါင်ဘက်ကို ပုံမှန်ပြန်လည်သွင်းပေးနိုင်ပါတယ်၊ တစ်စီးထွက်/တစ်စီးဝင်စနစ်ပါပဲ၊ ကျယ်ဂေါင်ဘက်ကနေ သွင်းကုန်ယာဉ်(၁)စီးထွက်လာမှ မြန်မာနိုင်ငံဘက်က ပို့ကုန်ယာဉ်(၁)စီး ဝင်ရောက်နိုင်တာပါ”လို့ ပြည်သူလူထုများ ယာဉ်ကြောကြပ်တည်းမှုမဖြစ်ပွားရန် စနစ်တစ်ကျစီစဉ် ဆောင်ရွက်ပေးပုံကို မူဆယ်မြို့၊ အမှတ်(၁၂၅)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု (မူဆယ်ခရိုင်)၊ ဒုတိယရဲမှူး ချစ်စိန် က ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလ၌ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုကျဆင်းလာပြီး ယခင်ပုံမှန်အတိုင်း နှစ်နိုင်ငံကုန်သွယ်စီးဆင်းနိုင်ရန်အတွက် မူဆယ်မြို့၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ် (မန့်ဝိန်းဂိတ်)၌ ယာဉ်မောင်းလဲလှယ်မောင်းနှင်အသုံးပြုသည့်စနစ်ကို ပယ်ဖျက်ပေးရန် လိုအပ်ကြောင်းလည်း သိရသည်။

“ကိုဗစ်-၁၉ ရောဂါ ကာလမှာ ကုန်သွယ်မှုကတော့ အင်မတန်ကျဆင်းနေပါတယ်၊ ကျဆင်းရတဲ့ အကြောင်းရင်းထဲမှာ အသွားအလာကန့်သတ်ထား တာတွေလည်းပါတယ်၊ ယခင်လို နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပုံမှန်ဖြစ်လာဖို့အတွက် ယာဉ်မောင်းလဲလှယ်မောင်းနှင်စေတဲ့စနစ်ကို ပယ်ဖျက်ပေးပြီး အရင်လိုယာဉ်မောင်း တွေကို လွတ်လွတ်လပ်လပ် ဝင်/ထွက်သွားလာခွင့်ပြုနိုင်မယ်ဆိုရင် နဂိုပုံမှန်အတိုင်း ပြန်လည်ရောက်ရှိ နိုင်မှာဖြစ်ပါတယ်”လို့ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးစိုင်းနွံ့ က ဆက်လက် ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံဘက်မှ ကြက်သွန်နီ၊ ဆန်၊ ဆန်ကွဲ၊ အေးခဲသား၊ သကြားရည်၊ ပဲ၊ ဖရဲသီးနှင့် သစ်သီးမျိုးစုံကို အများဆုံးတင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံဘက်မှ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးနှင့် စက်ယန္တရားတို့ကို အဓိက တင်သွင်းလျက်ရှိသည်။ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မြန်မာနိုင်ငံပြည်တွင်းထွက် ကြက်သွန်နီများကို ဝယ်လိုအားကောင်းလာခြင်းကြောင့် ယခင်ထက် ပြည်တွင်း ကြက်သွန်နီဈေးလည်း မြင့်တက်လာခဲ့ကြောင်း ကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။

source : ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

Add a Comment

Your email address will not be published. Required fields are marked *