ရှမ်းပြည်နယ်မှာ နိုင်ငံသား စိစစ်ရေးကတ် မရှိသူနဲ့ မပါရှိသူတွေကို သက်သေခံ အစားထိုး ကတ်တွေနဲ့ မဲပေးခွင့်ပြုမယ်

(ရွေးကောက်ပွဲ သတင်း)
တောင်ကြီး၊ စက်တင်ဘာ ၁၆

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးဖို့ အတွက် နိုင်ငံသား စိစစ်ရေးကတ် မရှိသူနဲ့ မပါရှိသူတွေကို သက်သေခံ အစားထိုးကတ်တွေနဲ့ မဲပေးခွင့်ပြုသွားမှာ ဖြစ်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံမှ သိရပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ ရှမ်းပြည်နယ် အတွင်းက မဲဆန္ဒရှင် စာရင်းကို ဒုတိယ အကြိမ်အဖြစ် စက်တင်ဘာလ နောက် ဆုံးပတ် အတွင်းမှာ ကြေညာသွားမှာဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရရှိ သေးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသား စိစစ်ရေး ကတ် မပါလာသူတွေကို ဝန်ထမ်းကတ်၊ အရန်မီးသတ်ကတ်၊ ကြက်ခြေနီကတ်၊ ပရဟိတကတ်၊ ကျောင်းသားကတ် စတဲ့ သက်သေခံ အစားထိုးကတ်တွေနဲ့ မဲပေးခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

“လဝကကတော့ နိုင်ငံသား စိစစ်ရေးကတ်တွေကို စီမံချက်တွေနဲ့ လုပ်ပေးနေတယ်။ သူတို့လုပ်လို့ ရလာတဲ့ မှတ်ပုံတင် အမှတ်တွေ ကို ကျွန်တော်တို့က ကွက်လပ်တွေနဲ့ ထည့်ပေးမှာပေါ့။ မဲပေးတဲ့ အချိန်မှာတော့ လူကိုယ်တိုင် လာပေးလို့ရ တာ ပေါ့။ အဲဒါက တပိုင်း ပေါ့။ နောက်တပိုင်းကတော့ တချို့က မဲစာရင်းကောက်တဲ့ အချိန်မှာ မှတ်ပုံတင်က ရှိတယ်။ ရှိရဲ့သားနဲ့ အိမ်မှာ လူကြီးမရှိတာ တို့၊ အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မသိတာတို့ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျန်နေခဲ့ တဲ့ မှတ်ပုံတင် အမှတ်တွေ ရှိတယ်။ အဲဒါကို သူတို့က နိုင်ငံသားဖြစ်တယ်ဆိုတဲ့ ဝန်ထမ်းကတ်၊ အရန်မီးသတ်ကတ်၊ ကြက်ခြေနီကတ်၊ ပရဟိတကတ်၊ ကျောင်း သား ကတ် စတဲ့ကတ်တွေပြနိုင်ရင် ကျနော်တို့က မဲပေးဖို့အတွက် ဖြေလျှော့ ပေးဖို့ စီစဉ်ထားတာပါ”လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးထင်ကျော်က ရွှေတြိဂံဒေသ သတင်း ဌာနကို ပြောပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ ၃၂ ခုမှ ကိုယ်စားလှယ်လောင်း ၉၉၅ ဦး၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ၂၂ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါ တယ်။

ပထမအကြိမ် မဲစာရင်းကြေညာတုန်းက ရှမ်းပြည်နယ် အတွင်းမှာ မဲဆန္ဒရှင်ပေါင်း ၃၅ သိန်းကျော်(၃၅၄၄၉၇၉ ဦး) ရှိနေပြီး တိုင်းရင်း သား မဲဆန္ဒရှင် ၉ သိန်းကျော် (၉၆၄၂၆၀ ဦး) နဲ့ မသန်စွမ်း မဲဆန္ဒ ရှင် ၄၉၈၃ ဦးပါဝင်နေကာ ဒုတိယအကြိမ် ထုတ်ပြန်မယ့် မဲစာရင်း မှာတော့ မဲဆန္ဒရှင် အရေအတွက် အနည်းငယ် တိုးလာမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း အရင် ၂၀၁၅ ခုနှစ်က ရွေးကောက် ပွဲမှာ မဲရုံပေါင်း ၃၃၃၁ ရုံသာ ဖွင့်လှစ် ထားရှိခဲ့သော် လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲရုံပေါင်း ၃၆၇၆ ရုံအထိ ဖွင့်လှစ်နိုင်ဖို့ လျာထားတယ်လို့လည်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်း – ရဲရင့်ဇွဲ (ရွှေတြိဂံ)

Add a Comment

Your email address will not be published. Required fields are marked *