“ဝ” နှင့် မိုင်းလားကို လက်နက်စွန့်ပြီး NCA လမ်းကြောင်းရွေးရန် တပ်ချုပ်ပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်တွင် UWSA နှင့် NDAA တို့နှင့်တွေ့ဆုံရာတွင် NCA လမ်းကြောင်းလျှောက်လှမ်းဖို့ ပြောခဲ့ကြောင်း တပ်မ တော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် စက်တင်ဘာ ၅ ရက်မှ ၉ ရက်နေ့အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းခရီး စဉ်အဖြစ် သွားရောက်ခဲ့ရာတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဓိက နံပါတ် ၁ ကတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ အညီဆောင်ရွက်ဖို့ ၊ နံပါတ် ၂ ကတော့ ငါတို့လျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ပြီး တော့ NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းကြဖို့၊ ထာဝရငြိမ်းချမ်းရေးအတွက် လျှောက်လှမ်းကြဖို့ပြောခဲ့တယ်” ဟု ပြောသည်။

ယင်းသို့ ပြောကြားမှုနှင့် ပတ်သက်၍လည်း “အကြမ်းဖျင်းပြောရရင်တော့ နှစ်ဖွဲ့လုံးက ရေရှည်မှာ ဒီလိုမျိုး ထာ ဝရ ငြိမ်းချမ်းရေးမှာ လျှောက်လှမ်းရမယ်ဆိုတာ နှစ်ဖွဲ့လုံးက သဘောပေါက်ပါတယ်။ လုပ်ဆောင်မယ်ဆိုတဲ့ဟာ မျိုးပြောခဲ့ပါတယ်” ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုနှင့် ပတ်သက်ပြီး Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ကူညီခဲ့သည်ကိုသာ သိရကြောင်း “ဝ” တပ်ဖွဲ့၏ လားရှိူးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အချိန်အခါသင့်သည့်အခါ “ဝ” ဒေသသို့ လာရောက်လည်ပတ်ရန်လည်း “ဝ” တပ်ဖွဲ့ဘက်က ထပ်မံဖိတ်ကြားခဲ့သည်ဟုလည်းဆိုသည်။

“ဝ” တပ်ဖွဲ့ဦးဆောင်သည့် FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှာလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးဘဲ ပြီးခဲ့သည့် ဩဂုတ်လက နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) တွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်အဖွဲ့(MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်စစ်တပ်(AA) တို့ပါဝင်သည်။

အစိုးရက နေပြည်တော်တွင်ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာ ထားသည့် AA ကိုချန်လှပ်ကာ ကျန် ၆ ဖွဲ့ကိုသာ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

သတင်း – ထွန်းထွန်း(ဧရာဝတီ)

Add a Comment

Your email address will not be published. Required fields are marked *