လူနာများလာသဖြင့် ရန်ကုန် အနောက်ပိုင်းဆေးရုံကြီးတွင် နေရာအခက်အခဲဖြစ်နေ

ရန်ကုန် အနောက်ပိုင်းဆေးရုံကြီးမှာ ကိုဗစ် သံသယ လူနာ ၁၀ ဦးစာလောက်ပဲ နေရာ ပြင်ဆင်ထားပေမယ့် နေစဉ် လူနာ ၃၀ လောက် ဆေးရုံကို ရောက်လာတာကြောင့် နေရာ အခက်အခဲတွေ ရှိနေတယ်လို့ ဆေးရုံအုပ် ဒေါက်တာ ခင်ဇော်က ပြောပါတယ်။

ဆေးရုံမှာ ကိုဗစ် သံသယလူနာတွေ များလာတကြောင့် တခြားဆေးရုံကို လွှဲပြောင်းပေးဖို့လည်း ခက်ခဲလာတယ်လို့ ဆိုပါတယ်။

အရင်က သံသယလူနာတွေကို တစ်ယောက် တစ်ခန်း ပြင်ဆင်ထားပေမယ့် အခုဆိုရင် တစ်ခန်း ၄ ယောက်နှုန်းနဲ့ ထားနေရပြီး လက်တလော နေရာတိုးချဲ့ဖို့ မလွယ်ကူတာကြောင့် PUI ကိုဗစ် သံသယလူနာ အယောက် ၃၀ လောက်ထားရှိနိုင်မယ့် ယာယီတဲနေရာတွေ လုပ်ဆောင်ဖို့ သက်ဆိုင်ရာကို တင်ပြထားပါတယ်။

အခုဆိုရင် ကိုဗစ်လက္ခဏာတွေထဲက အနံ့၊ အရသာမရတော့တဲ့ လူ ၄၀ လောက်ကို ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှာ နေ့စဉ် စစ်ဆေးပေးနေရတယ်လို့ ဒေါက်တာခင်ဇော်က ပြောပါတယ်။

နေ့စဉ် လူနာသစ် အယောက် ၂၀ လောက် ဓာတ်ခွဲနမူနာယူ စစ်ဆေးပေးနေရပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးကနေ ကိုဗစ်-၁၉ လူနာ ပိုးတွေ့ရှိမှုတွေ များလာတယ်လို့ ဆိုပါတယ်။

ကိုဗစ် သံသယလူနာ ရောက်ရှိရင် ဓာတ်မှန်ရိုက်တာနဲ့ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲနမူနာယူ စစ်ဆေးပေးပြီး ပိုးတွေ့ရှိရင်တော့ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံနဲ့ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး) ကို လွှဲပြောင်းကုသပေးနေပါတယ်။

သတင်း – နန့်ခိုင်(DVB TV News)

Add a Comment

Your email address will not be published.