မင်္ဂလာဒုံမြို့နယ် EMC စက်ရုံတွင် COVID19 ရောဂါတွေ့ရှိသူ ၃ ဦး ရှိလာပြီး ထိစပ်မှုရှိသူများကိုလည်း Quarantine ဝင်စစ်ဆေးနေ

မင်္ဂလာဒုံ၊ စက်တင်ဘာ၊ ၁၂ ရက်။ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်ရှိ လူဦးရေ ၈ ထောင်ခန့်လုပ်ကိုင်နေသော EMC သားရေအိတ်စက်ရုံတွင် COVID19 တွေ့ရှိသူ သုံးဦးအထိရှိလာပြီး ထိစပ်မှုရှိသူများမှ ကိုယ်အပူချိန်မြင့်၍ဖျားနာနေသည့် အလုပ်သမားနှစ်ဦးအားလည်း Quarantine ဝင်၍ စစ်ဆေးနေတယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ််ဦးအောင်လှိုင်ဝင်းက Myanmar Labour News ကို ပြောပါတယ်။
“မနေ့ကနှစ်ယောက်တွေ့တယ်။ပထမဦးဆုံးတွေ့တာကတော့ တစ်ယောက်ပေါ့။ပေါင်းအဲ့ဒီစက်ရုံမှာသုံးယောက်ရှိပြီ။ အဲ့ဒီထဲကမှ Case ၁၀၂၃ နဲ့. ကျောချင်းကပ်အလုပ်လုပ်တဲ့တစ်ယောက်ကဖျားတယ်။ တစ်ခန်းထဲအတူတူနေတဲ့တစ်ယောက်ကဖျားတယ်။သူတို့ကိုလည်း Quarantineဝင်ခိုင်းပြီး စစ်နေတုန်း အဖြေမသိရသေးဘူး။သူတို့နဲ့ထိတွေ့မှုရှိတဲ့လူတွေ Quarantineဝင်ခိုင်းတယ်။လောလောဆယ်တော့ စက်ရုံပိတ်ဖို့မရှိသေးဘူး”ဟုဦးအောင်လှိုင်ဝင်းကပြောပါတယ်။
လတ်တလောအခြေအနေတွင် စက်ရုံအတွင်းရောဂါပိုးတွေ့ရှိသူများ တွေ့ရှိလာရ၍ စက်ရုံအတွင်းကူးစက်မှုရှိသည့်အခြေအနေဖြစ်သော်လည်း စက်ရုံပိတ်ရမည်မဟုတ်သေးဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မြေပြင်အခြေအနေများကိုသတင်းပို့နေပြီး တိုင်းဒေသကြီးအစိုးရ၏အဆုံးအဖြတ်ပေါ်သာမူတည်ကြောင်း ၎င်းကပြောပါတယ်။
လက်ရှိအချိန်တွင် ညနေအလုပ်ဆင်းချိန်၌ ဂိတ်ပေါက်ဝတွင်လုံခြုံရေးဝန်ထမ်းများမှ အလုပ်သမားများအားတစ်ဦးချင်းစစ်ဆေးနေသည့်အတွက် လူများစုပြုံတိုးဝှေ့ နေရသည်အပေါ် အလုပ်သမားများမှ စိုးရိမ်ပူပန်နေကြတယ်လို့ဆိုပါတယ်။

Photo – EMC စက်ရုံမှ ဝန်ထမ်းများကိုတွေ့ရစဥ်။

Add a Comment

Your email address will not be published. Required fields are marked *