ပုဗ္ဗသီရိမြို့နယ်တွင် အစိုးရအရာရှိ ၁ ဦး၏ အမျိုးသမီး အသတ်ခံရ

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာနေ ဝန်ကြီးဌာန အရာရှိတဦးရဲ့ အမျိုးသမီးဖြစ်သူဟာ စက်တင်ဘာလ ၉ ရက်နေ့ညက နေအိမ်အတွင်းရှိ ရေနုတ်ကွန်ကရစ်မြောင်းအတွင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ နေအိမ်ပြန်လာချိန် ခြံဝန်းအတွင်း အိမ်ရှေ့က ရေမြောင်းဘောင်တွေပေါ်မှာ သွေးကွက်တွေတွေ့ရတဲ့အတွက် အိမ်အတွင်းဝင်ကြည့်ရာ အိပ်ခန်းအတွင်း မီးခံသေတ္တာမှာ သော့တန်းလန်းနဲ့ ပွင့်နေပြီး ဇနီးဖြစ်သူကို မတွေ့လို့ ထွက်ရှာတာမှာ ခြံဝန်းအတွင်း ရေနုတ်ကွန်ကရစ်မြောင်းထဲမှာ သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံး နေတာကို တွေ့ရတယ်လို့ သိရပါတယ်။

နေအိမ်အတွင်း မီးခံသေတ္တာထဲကနေ အမျိုးသမီးဝတ် စိန်ချယ်လက်စွပ် ၁ ကွင်း၊ ကျောက်ပြာလက်စွပ် ၆ ကွင်း၊ ၂ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး ပျောက်ဆုံးနေပြီး သေဆုံးသူအမျိုးသမီးရဲ့ Samsung Galaxy A71 အမျိုးအစား ဖုန်း ၁ လုံးပါ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ် ပတ္တာရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ “လောလောဆယ် စုံစမ်းနေဆဲဖြစ်ပါတယ်” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အမှုကို ပုဗ္ဗသီရိမြို့နယ် ပတ္တာရဲစခန်းမှာ (ပ)၇၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ  ၃၀၂/၃၉၂ နဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းမိရေးနဲ့ ပျောက်ဆုံးပစ္စည်းတွေ အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

သတင်း – နေဖြိုးဝင်း DVB TV News

Add a Comment

Your email address will not be published. Required fields are marked *