ညပိုင်း တစ်မြို့လုံးပတ် ဓားဖြင့်ခုတ် ပစ္စည်းယူ ဓားပြတိုက်တဲ့ လူငယ်တစ်စုကို တစ်သက်တစ်ကျွန်းထိကျနိုင်တဲ့ အမှုများဖွင့်

မောင်လေးငယ်ငယ်
မုံရွာ၊ စက်တင်ဘာ ၈

ယမန်နေ့ညပိုင်းက မုံရွာမြို့‌လမ်းမတွေပေါ် နေရာစုံ၌ အမျိုးသား ၇ ဦးအား ဓားနှင့်ခုတ် ‌ရွှေငွေနှင့်ပစ္စည်းယူ ဓားပြတိုက်ခဲ့သည့် လူငယ်တစ်စုကို အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သည့် အမှုတွေနှင့် ဖွင့်လှစ်ထားကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။

လူငယ်တစ်စုမှ စက်တင်ဘာ ၇ ရက်ညပိုင်းက မုံရွာတက္ကသိုလ်ရှေ့ ဘီယာထိုင်သောက်နေသည့် လူငယ်သုံးဦးအား ခေါင်းငုံ့ခိုင်းပြီး ဓားဖြင့်ဝိုင်းခုတ်ကာ ဖုန်းသုံးလုံးနှင့်ငွေနှစ်သောင်း ယူသွားသည့်ဖြစ်စဉ်တစ်ခု ပထမဆုံးဖြစ်ပွားခဲ့သည်။

ထို့နောက် ဆက်ပြီး ၎င်းလူငယ်တစ်စုမှပဲ တိုင်းရင်းဆေးရုံလမ်းနှင့် စည်သူလမ်းထောင့်အရောက်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို ရပ်ခိုင်းပြီးဓားဖြင့်ထပ်ခုတ်ကာ ‌ငါးမူးသားရွှေလက်စွတ် ၂ ကွင်း၊ ငွေ ၃၂၀၀၀၀ ကျပ်နှင့် ဖုန်း ၂ လုံးထပ်မံယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

“အဲဒီဖြစ်စဉ်နှစ်ခုလုံးကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၉၅ နဲ့ဖွင့်ထားတယ်။ တီတီစီနားမှာလဲ နှစ်ယောက်အခုတ်ခံရသေးတယ် အဲဒါတော့ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ နဲ့ဖွင့်ထားတယ်” မုံရွာနယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်ကျော်ထက်က ပြောသည်။

၎င်းအပြင် မုံရွာ ကမ်းနားလမ်းမှာ သွားလာနေသည့် အမျိုးသားနှစ်ဦးကိုလည်း ဓားဖြင့်ခုတ်ခဲ့သဖြင့် တစ်ဦးမှာ မုံရွာ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသောင်းညွန့်က ပြောသည်။

ဓားဖြင့်အခုတ်ခံရသဖြင့် ဆေးရုံ၌ ဆေးဝါးကုသမှုခံယူ‌ရသူ စုစုပေါင်း ၇ ဦးရှိသည်။

ကျွန်တော်တို့လည်း ညတိုင်းလှည့်ကင်းလှည့်နေတာပဲ ဒါကို ဒီဖြစ်စဉ်ဖြစ်တဲ့နေရာတွေနဲ့ ကျွန်တော်တို့လှည့်ကင်းအဖွဲ့တွေနဲ့ တေ့လွဲ လွဲလွဲသွားတာ။ ညတွင်းခြင်းတော့ ဖမ်းမိပါတယ်။ အခုတော့ ဓာပြမှုတွေ အပြင်းအထန်နာကျင်မှုတွေနဲ့ ဖွင့်ထားတယ်” ဟု ဒုတိယရဲမှူးကြီးသောင်းညွန့်က ဆက်ပြောသည်။

ပြစ်မှုကျူးလွန်သူများမှာ မြဝတီရပ်ကွက်တွင်နေထိုင်သူ နှစ်ဦး၊ နန္ဒဝန်ရပ်ကွက်နေထိုင်သူတစ်ဦး၊ ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်ဇာတိဖြစ်ကာ လက်ရှိ သလ္လာအမှတ် ၁၀ တွင်နေထိုင်သူတစ်ဦးနှင့် ရွှေဘိုအမှတ် ၁ ဘူတာရပ်ကွက်ဇာတိ လက်ရှိ သလ္လာ အမှတ် ၁၀ နေထိုင်သူတစ်ဦး စုစုပေါင်း ငါးဦးဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၃၉၅ အရ။ ။ မည်သူမဆို၊ ဓါးပြမှုကို ကျူးလွန်လျှင်၊ ထိုသူကိုတသက်တကျွန်းဒဏ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ဥပဒေက ပြဌာန်းထားသည်။

Add a Comment

Your email address will not be published. Required fields are marked *