လှိုင်သာယာတွင် ဖျားနေရင်း ဈေးနှင့် ဆေးဆိုင်၊ ဆေးခန်းများသို့ သွားလာသူထံက ကိုရိုနာဗိုင်းရပ်စ် ထပ်မံတွေ့ရှိ
|လှိုင်သာယာ၊ စက်တင်ဘာ ၉/၂၀၂၀
ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံရသော အမျိုးသမီးသည် ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့မှ ငွေပင်လယ်စက်မှုဇုံရှိ အထည်ချုပ်တွင် လုပ်ကိုင်နေရာမှ ကူးဆက်ခံရခြင်း ဖြစ်သည်။
အသက် (၂၅နှစ်)အရွယ် ပိုးတွေ့ရှိသူ အမျိုးသမီးမှာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက် ၊ နတ်ပန်းချီလမ်းနေကာ ငွေပင်လယ်စက်မှုဇုံရှိ အထည်ချုပ် စက်ရုံဆင်းနေသူဖြစ်ပြီး စက်တင်ဘာ ၄ ရက်နေ့က (၂၀)ရပ်ကွက်ဈေးမှဈေးဝယ် ပြန်လာစဉ် ဖျားနေသဖြင့် စက်တင်ဘာ ၆ ရက်နေ့၌ ၈၆ ဂိတ်ဟောင်းအနီးရှိ “ဇော်ဂျီ” ဆေးခန်းသို့ ပြသခဲ့သည်။
၎င်းနောက် ၁၂၄ မှတ်တိုင်အနီးရှိ ဆေးဆိုင်သို့သွား၍ ဆေးဝယ်ပြန်လာကာ ဓါတ်ပုံဆိုင်တွင် ဓါတ်ပုံဝင်ရိုက်ပြီး ညနေပိုင်းတွင် ၂၀ရပ်ကွက် မင်းရာဇာလမ်းရှိ ဓမ္မရုံတွင် ဧည့်စာရင်းဝင်လုပ်၍ နေအိမ်ပြန်ခဲ့ကြောင်း ဆိုသည်။
စက်တင်ဘာ ၇ ရက်နေ့၌ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ ငွေပင်လယ်စက်မှုဇုန်ရှိ ကော်ထိုက်ကော်ဟွာ အထည်ချုပ်စက်ရုံတွင် အလုပ်ဆင်းခဲ့သည်။ ရောဂါမသက်သာသဖြင့် ရွှေလင်ဗန်းကျေးရွာ မြေတိုင်း(၂၃)ရှိ လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက် ပြသကာ လှိုင်သာယာပြည်သူ့ဆေးရုံ၌ စောင့်ကြည့် လူနာအဖြစ်ထားရှိရာမှ ယနေ့ စက်တင်ဘာ ၉ ရက် နံနက် ၈နာရီအချိန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ၏ သတင်းထုတ်ပြန်ချက်၌ Case ၁၇၂၃ ပိုးတွေ့ လူနာအဖြစ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါပိုးတွေ့လူနာ အမျိုးသမီးအလုပ်လုပ်ခဲ့သည့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ကော်ထိုက်ကော်ဟွာ အထည်ချုပ်သည် စက်ရုံအလုပ်သမား ကျား(၃၅)ဦး၊ မ(၁၃၃၁)ဦး၊ စုပေါင်း(၁၃၆၆)ဦးတို့ဖြင့် လုပ်ကိုင်လည်ပတ်နေပြီး ၎င်းအမျိုးသမီးမှာ စက်ရုံအတွင်း လိုင်းနံပတ်(၉)တွင် လူဦးရေ (၆၈)ဦးဖြင့် လုပ်ကိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုအပြင် အဆိုပါအမျိုးသမီးတွင် ဖျားနေစဉ် ဆေးခန်း၊ ဆေးဆိုင်နှင့် ဈေးများသို့ သွားလာခဲ့ကြောင်း သိရှိရသည်။
လှိုင်သာယာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ရက်နေ့မှ စက်တင်ဘာ ၉ရက်နေ့ထိ ထုတ်ပြန်ချက်တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ (၂၁)ဦး ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံရသူတွင် (၁၈၈၉)ဦး၊ သေဆုံးသူ (၁၂)ဦး၊ ကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူ (၅၅၃)ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ညီညီ(လှိုင်သာယာ)