ကိုဗစ်စည်းကမ်းနှင့်မညီဘဲ မဲဆွယ်စည်းရုံးနေဟု အန်အယ်လ်ဒီကို ကြံ့ခိုင်ရေးပါတီ စွပ်စွဲ

အန်အယ်လ်ဒီပါတီဟာ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘဲ မဲဆွယ်စည်းရုံး နေတဲ့အကြောင်းနဲ့ ဒီကိစ္စ ဝန်ကြီးဌာနကို စာထုတ်ပြီး မေးမြန်းသွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။နိုင်ငံရေးပါတီတွေ စတင်မဲဆွယ်စည်းရုံးခွင့်ပြုထားတဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ အန်အယ်လ်ဒီပါတီက ဇေယျာသီရိမြို့နယ်အတွင်း မဲဆွယ်စည်းရုံးမှုတွေနဲ့ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။

ဒါပေမဲ့ အန်အယ်လ်ဒီက ဘယ်လိုစည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။အန်အယ်လ်ဒီပါတီရဲ့ မဲဆွယ်မှုတွေဟာ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီခြင်းမရှိတာကို လျစ်လျူရှုထားမယ်ဆိုရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ခဲယဉ်းတယ်လို့လည်း ဦးသန်းဌေးက စက်တင်ဘာ ၉ ရက်က နေပြည်တော် ပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲအောင်လံတင်အခမ်းအနားအပြီးမှာ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီအနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကို စက်တင်ဘာ ၉ ရက်နေ့မှ တရားဝင် လှုပ်ရှားတာဖြစ်ပေမယ့် အန်အယ်လ်ဒီပါတီကတော့ စက်တင်ဘာ ၈ ရက်ကတည်းက တပ်နယ်မြေ ဇေယျာသီရိအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆွယ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာပါ။ဒီလို လုပ်ခဲ့ရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာလ မဲဆွယ်စည်းရုံးခွင့် တွေနဲ့အညီ ပြုလုပ်နေတယ်လို့ အန်အယ်လ်ဒီပါတီကနေ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာမိုးဆွေက ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုဗစ်ကာလ အတွင်း မဲဆွယ်စည်းရုံးရာမှာ မော်တော်ယာဉ်အမျိုးအစားအလိုက် အများဆုံးတင်နိုင်တဲ့ လူ ထက်ဝက်ကိုသာ social distancing တွေနဲ့အညီ လိုက်ပါစီးနင်းဖို့၊ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ mask နဲ့ face shield တွေအမြဲတမ်းတပ်ဆင်ထားဖို့၊ မဲဆွယ်ဟော ပြောရာမှာ လူ ၅၀ ဦးထက်မပိုဘဲ ဆောင်ရွက်ဖို့ အစရှိတဲ့အချက်တွေကို ထုတ်ပြန်ထားပါတယ်။

သတင်း – ဖြိုးသက်ပိုင်မြင့် DVB TV News

Add a Comment

Your email address will not be published. Required fields are marked *