ပြည့်မြို့တွင် ဗိုလ်မှူးအယောင်ဆောင်ကာ သေနတ်ဖြင့် ခြိမ်းခြောက်သူအား ဖမ်းဆီးစစ်ဆေးရာမှ လက်ပစ်ဗုံး၊ သေနတ်ကျည်ဆန်များ၊ ဆက်သွယ်ရေးပစ္စည်းနှင့် စစ်ဝတ်စုံများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၊ ပြည်မြို့တွင် ဗိုလ်မှူးအယောင်ဆောင်ကာ သေနတ်ဖြင့် ခြိမ်းခြောက်သူအား ဖမ်းဆီးစစ်ဆေးရာက လက်ပစ်ဗုံးများ၊ သေနတ်ကျည်ဆန်များ၊ ဆက်သွယ်ရေးပစ္စည်းနှင့် စစ်ဝတ်စုံများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗိုလ်မှူးအယောင်ဆောင်ခဲ့သူ ဖြိုးဝေလွင်နှင့် သူရအောင်တို့နှစ်ဦးမှာ စက်တင်ဘာလ ၄ ရက် ည (၁၂) နာရီဝန်းကျင်ခန့်က ပြည်မြို့၊ နဝင်းရပ်ကွက်၊ တရုတ်စု၊ မြင်းတပ်လမ်းတွင် ဦးတင်ထွန်းငြိမ်းအား သေနတ်ဖြင့် ခြိမ်းခြောက်ကြောင်း သိရှိရသည့်အတွက် စုံစမ်းရှာဖွေ၊ ပြည်သာယာရပ်ကွက်၊ ကမ္ဘာလမ်းနေသူတို့ဖြစ်ကြောင်း သိရှိရသည့်အတွက် ရဲတပ်ဖွဲ့အရာရှိများ၊ တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့် စက်တင်ဘာလ ၅ ရက် နံနက် ၉း၃၀ ခန့်က ဝင်ရောက်ရှာဖွေ ခြံဝန်းအတွင်းအခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် TOYOTA CELSLOR အမျိုးအစား ဆလွန်းကား အဖြူယာဉ်နောက်ထိုင်ခုံပေါ်ရှိ ပလပ်စတစ်အကြည်ရောင်နှင့် စစ်စိမ်းရောင်ပြောက်ကျား ရောစပ်ချုပ်ထားသော စစ်သုံးလက်စွဲအိတ်အတွင်းမှ ဒင်အမှတ် s-84139 အမေရိကန်နိုင်ငံ လုပ်စတီးရောင် ခြောက်လုံးပြူးတစ်လက် ၎င်းကျည်ထိပ်ဖူးပါ စတီးရောင်ကျည်ထိပ်ဖူးကျည် (၅) တောင်၊ ကျည်ထိပ်ဖူးမပါ စတီးရောင်ကျည် (၁) တောင့် တပ်မတော်ဗိုလ်မှူးအသုံးအဆောင်အယောင်များကို ကနဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ သတင်းကဟုတ်ပါတယ်အယောင်ဆောင်တာပေါ့ အယောင်ဆောင်ပြီး လုပ်ကိုင်စားတာပေါ့ အရှိန်အဝါနဲ့ အဓိကကတော့ သူကတစ်ယောက်ပေါ့ ကျန်တာတွေကတော့ ဆက်နွယ်မှုလေးတွေပါ့ သူကအဓိကကျပါတယ်။ ကျန်တာတွေကတော့ အဓိကမကျပါဘူး။ ဒီပစ္စည်းတွေထားရှိတာ သူတို့ကလည်းကျန်တဲ့ သူတွေကသတင်းပေးရမှာ တာဝန်ရှိတယ် သူတို့အဲတာလေးတွေ ရှိတာပေါ့။ မပြောချင်လို့ဖြစ်ဖြစ် မပြောတာဘဲဖြစ်ဖြစ်ပေါ့” ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက ပြောသည်။

ဆက်လက်ရှာဖွေရာ ဘောစိသေနတ်ကျည်အိမ်ပါ တစ်လက်၊ ၅.၅၆ မမ ကျည် (အသစ်) ၄၆၀ တောင့်၊ ၅.၅၆ မမကျည် (အဟောင်း) ၃၅ တောင့်၊ ၅.၅၆ ဗလာကျည် ၇ တောင့်၊ ၇.၆၂ ပို့ကျည် (အဟောင်း) ၁ တောင့်၊ .၃၂ကျည် (အဟောင်း) အရှည် (၃) တောင့် အတို (၂) တောင့်၊ ၅.၅၆ မမကျည်ခွံ (၆) တောင့်၊ M-၁၆ ကျည်ဘောက် (အရှည်) ၂ခု၊ M-၁၆ ကျည်ဘောက် (အတို) ၁ ခု၊ .၅ကျည်ခွံ (အကြီး) ၁ ခု၊ ချိန်ဆိုက်တင်ခုံ (၁) ခု၊ M-၁၆ မောင်းတုံး (၁) ခု၊ AR-15 မောင်းပြန်စပရိန် (၁) ခု၊ HandGRENADE (CS Burning) ၁ လုံး၊ M-၁၆ မောင်းပြန်စပရိန်ဟုထင်ရသော စပရိန် ၁ ခု၊ စိန်ရောင်ခြည်လက်ပစ်ဗုံး၊ ၉ မမကျည် (၅၀) တောင့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေရဲစခန်းက သိရသည်။

“ ကျွန်တော်တို့လည်း တစ်ညလုံးမအိပ်ရဘူး တစ်ညလုံးစပ်ဆက်ပြီးတော့ ဝင်ရှာတာတို့ စစ်ဆေးတာတို့ပေါ့ လူတွေစိုးရိမ်နေသလို အဖွဲ့အစည်းတွေနဲ့ပတ်သက်တာ ဟိုအဖွဲ့ဒီအဖွဲ့မဟုတ်ပါဘူး အယောင်ဆောင်တာပေါ့ ကိုယ့်ကိုကိုယ် ဗိုလ်မှူးဆိုတဲ့အရှိန်အဝါကို စစ်ထွက်လည်းမဟုတ်ဘူး စစ်သားလည်း မဟုတ်ဘူး ဗိုလ်သင်တန်းကိုတော့ တစ်ခါလောက်ဆေးစစ်ဖူးတယ် ဒါလောက်ကို အယောင်ဆောင်ပြီးပတ်ဝန်းကျင်မှာ စီးပွားရေးလုပ်တာပေါ့ လိုင်စင်မဲ့ကားကတစ်စီး စိုးရိမ်နေကြသလို ဘာဘာညာညာမဟုတ်ပါဘူး လျှောက်ပြီးကိုယ့်ကိုကို အရှိအဝါယူတဲ့သဘော စီးပွားရေးလုပ်တဲ့ စရိုက်ပါ ကျန်တာဘာမှမရှိဘူး” ရဲမှူးသန်းဇော်ဝင်းက ပြောသည်။

ယင်းသို့ တရားမဝင် လိုင်စင်မဲ့လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိ ကိုင်ဆောင်၊ သိုလှောင်ထားရှိသူ ဖြိုးဝေလွင်၊ သူရလွင် ပါ (၄) ဦးတို့အား ပြည်မြို့အမှတ် (၃) နယ်မြေရဲစခန်းတွင် ပ-၄၅၈/၂၀၂၀ လက်နက်အက်ဥပဒေပုဒ်မ-၁၉ (စ) အပြင် လိုင်စင်မှုကားစီးနင်းမှု၊ အယောင်ဆောင်မှု၊ တရားမဝင် ဆက်သွယ်ရေးစက်များ ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *