၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအနက် ၅၅ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်

နေပြည်တော် စက်တင်ဘာ ၅

အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများ အနက် (၅၅) ဦး ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှုအား ချီးမြှင့်သောအားဖြင့်လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ စေတနာကို နားလည်ကြပြီး ပြင်ပတွင် တက္ကသိုလ်ပညာများ ဆက်လက်သင်ကြားနိုင်ရေး ရှေးရှုသော အားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ (၅၅) ဦး ပြန်လည် လွတ်မြောက်ခဲ့ပြီး (၃၈) ဦး လျှော့ရက်များ ခံစားရကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းကြောင့် ပြန်လည်လွတ်မြောက်သူ (၅၅) ဦးတွင် ပြစ်ဒဏ်ကျခံရန် ကျန်ကာလ ၁ နှစ်ဝန်းကျင်ရှိသူ (၁၃) ဦး၊ ဂုဏ်ထူး ၂ ဘာသာနှင့်အထက် ရရှိသူ (၂၉) ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူနှင့် ရိုးရိုးအောင် (၁၃) ဦး ပါဝင်ပြီး လျှော့ရက်များ ရရှိခံစားရသူ (၃၈) ဦးတွင် ဂုဏ်ထူး ၂ ဘာသာနှင့်အထက်ရရှိသူ ၂ ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူ နှင့် ရိုးရိုးအောင် ၃၆ ဦး ပါဝင်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

Add a Comment

Your email address will not be published. Required fields are marked *