fbpx

လူထုထိတ်လန့်စေသည့် Website၊Page ၊Group နှင့် Account ၅၈ ခုကို ပြည်ထဲရေး ပိတ်ပင်ပြီး ပုဒ်မ ၆၆ ဃဖြင့် ၇ ခုကို အရေးယူထားဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂
ကိုဗစ်ကပ်ဘေးကာလ လူထုကို ထိတ်လန့်စေရန်၊ စိုးရိမ်သောကဖြစ်စေရန် အဖျက်အမှောက် လုပ်ငန်းဆောင်ရွက်သည့် Website၊Page ၊Group နှင့် Account ၅၈ ခုကို ပြည်ထဲရေးဝန်ကြီးဌာနက ပိတ်ပင်လိုက်ပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃဖြင့် ၇ ခုကို အရေးယူထားကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ပြောဆိုသည်။
ယနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ကိုဗစ် ထိန်းချုပ်ရေးဆိုင်ရာ အွန်လိုင်းတိုက်ရိုက်ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆို ပါဝင်ဆွေးနွေးခြင်းဖြစ်သည်။
“ကိုဗစ် ၁၉ ဖြစ်ပွားနေတဲ့ ကာလမှာ အများသုံးနေတဲ့ လူမှုကွန်ရက်မှာ သတင်းမှားတွေ ဖြန့်ဝေပြီးတော့ လူထုအထိတ်တလန့်ဖြစ်အောင် ဆောင်ရွက်တာရှိတယ်။ မလိုလားအပ်ဘဲ လူစုလူဝေးဖြစ်အောင် ဆောင်ရွက်တာရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးဘာတွေ လုပ်လေ့လုပ်ထရှိသလဲဆိုရင် တချို့နေရာတွေ ရပ်ကွက်တွေမှာ ရောဂါဖြစ်နေတဲ့ သူတစ်ယောက် ရောက်နေပြီ ဒါမျိုးသတင်းတွေဖြန့်တာရှိပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စမျိုး ဘယ်နေရာမှာတော့ ဆန်ဆီဆားတွေ ဖြန့်ဝေနေပြီ သွားယူကြပါဆိုပြီး မလိုလား အပ်ဘဲ လူစုလူဝေးဖြစ်ပေါ်တာရှိပါတယ်။ ဒါတွေက အဖျက်အမှောင့်လုပ်ငန်းတွေ ဖြစ်ပါတယ်။ မလိုလားအပ်ဘဲ လူထုက ရောဂါကြောင့် စိုးရိမ်သောကတွေ ရှိနေတဲ့အချိန်မှာ မလိုလားအပ်ဘဲ စိုးရိမ်ကြောက်လန့်မှုတွေ သောကတွေ ပိုမိုလာအောင် အဖျက်အမှောက်လုပ်ငန်းတွေ လုပ်တာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနတွင် နည်းပညာတစ်ခုထားရှိပြီး Website များနှင့် Accounts များကို အမြဲမပြတ်စောင့်ကြည့်နေကြောင်း ၊ တရားဥပဒေစိုးမိုးရေးအတွက် သတင်းမှားများကို ကြိုတင်ကာကွယ်နေသည်ဟု ၎င်းက ပြောဆိုသည်။
” ပြည်ထဲရေးဝန်ကြီးဌာနမှာ နည်းပညာ ဌာနရှိပါတယ်။ Website တွေ Account တွေအမြဲစောင့်ကြပ်ကြည့်ရှုလျက်ရှိပါတယ်။ အရေးယူဆောင်ရွက်မှုနဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းပြောမယ်ဆိုရင် ကျနော်တို့ ဒီ ၈ လပိုင်းအတွင်းမှာ Website ၅ ခုရယ်၊ ကျနော်တို့ page ၁၅ ခု ၊ နောက် Group ၃ ခုနဲ့ Accounts ၃၈ ခု စုစုပေါင်း ၅၈ ခုကို ပယ်ဖျက်ခဲ့။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့လည်း ကျနော်တို့ ၇ ခုကို အရေးယူခဲ့တာရှိပါတယ်။ သတင်းမှားတွေ ဖြန့်ဝေမှုအပေါ် ဖြစ်လာနိုင်တာတွေကို ကြိုတင်ကာကွယ်တဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

Add a Comment

Your email address will not be published. Required fields are marked *