လှိုင်သာယာတွင် ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူ တစ်ဦး ထံက ကိုရိုနာဗိုင်းရပ်စ် ရောဂါတွေ့ရှိ


လှိုင်သာယာ၊ စက်တင်ဘာ ၁/၂၀၂၀
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ မြေတိုင်း (၂၆)၊ ရွှေကန်သာယာလမ်းသွယ် (၁)တွင် နေထိုင်သူ အသက် ၄၄နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တွေ့ရှိကြောင်း ရွှေလင်ဗန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလေးနိုင်မြင့်က Top Phoenix မီဒီယာသို့ အတည်ပြုပြောကြားသည်။
၎င်းကိုရိုနာဗိုင်းရပ်စ်ရောဂါတွေ့ရှိသူ အသက် ၄၄ အရွယ် အမျိုးသားမှာ ဆိုင်ကယ်ဘေးတွဲယာဉ်မောင်း တစ်ဦး ဖြစ်ပြီး ရောင်နီဦးဆေးခန်းရှေ့တွင် ဂိတ်ထိုး၍ ဆေးခန်းသို့ လာရောက်ပြသသူများကို အငှားကယ်ရီ ပို့ဆောင်သူတစ်ဦး ဖြစ်သည်။
၂၀၂၀ ဩဂုတ်လ ၃ဝရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏ ရင်ဘက်အောင့်၍ “ကျော်”ဆေးခန်းတွင် ပြသကာ ဆေးထိုးပြီး ပြန်လာသော်လည်း မသက်သာသဖြင့် ၎င်းနေ့ နံနက် ၁ဝနာရီခန့်တွင် အင်းစိန်ဆေးရုံသို့ သွားရောက် ပြသရာ အဖျားရှိနေ၍ ဆေးရုံတင် ကုသခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ရာမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တွေ့ရှိခြင်း ဖြစ်သည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေ့ရှိသူ အသက် ၄၄ အရွယ် အမျိုးသားမှာ အသက် ၄၃နှစ်အရွယ်ဇနီးနှင့် အသက် (၆နှစ်)နှင့် အသက် (၄နှစ်)အရွယ် သားနှစ်ဦးတို့ ရှိပြီး၊ ခရီးသွားလာခြင်း မရှိသူဖြစ်ကြောင်း သိရသည်။
ရောဂါပိုးကူးဆက်ခံရသူမှာ အခန်းတွဲ (၆)ခန်းပါ အဆောင်တွင်နေထိုင်ပြီး အများသုံးအိမ်သာဖြင့် သုံးစွဲသူတစ်ဦး ဖြစ်သည်။ ၎င်းအဆောင်ရှိ ကျား (၈)ဦး၊ မ(၁၁)ဦး စုစုပေါင်း (၁၉)ဦးကို အဆောင်အတွင်း နေထိုင်ရန် Home Stay ထားရှိပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါတွေ့ရှိသူ၏ မိသားစု (၃)ဦးကို ယနေ့ နေ့လည့် ၁၂နာရီခွဲအချိန်ခန့်က “မွန်မြတ် စေတနာ လူမှုကူညီရေးအသင်း”ကားဖြင့် လှိုင်သာယာ အနောက်ပိုင်း တက္ကသိုလ် “မြဉ္ဇူအဆောင်”သို့ ကွာရန်တင်း ဝင်ရန် ခေါ်ဆောင်သွားကြောင်း သိရသည်။
ညီညီ(လှိုင်သာယာ)

Tags:

Add a Comment

Your email address will not be published. Required fields are marked *