နယ်စပ်၌ အိန္ဒိယနဲ့ တရုတ် စစ်သားတွေ ထိုးကြိတ်ခိုက်ရန် ဖြစ်ပွားပြန်
|၂၀၂၀၊ ဩဂုတ်၊ ၃၁
နယ်စပ်မှာ အိန္ဒိယနဲ့ တရုတ်စစ်သားတွေကြား ဩဂုတ် ၂၉ နဲ့ ၃၀ ညတွေမှာ ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်ပွားကြောင်း သတင်းတစ်ရပ်အရ သိရပါတယ်။
ဧပြီ နောက်ဆုံ းသီတင်းပတ်ကစပြီး ၄၀၅၇ ကီလိုမီတာ ထိန်းချုပ်မျဉ်းတစ်လျှောက် အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ နယ်စပ်တင်းမာမှုမှာ ထိပ်တိုက်ဆိုင်နေကြတာပါ။
ဇွန် ၁၅ ရက်မှာ Pangong Tso အရပ်မှာ အိမ်နီးချင်း နှစ်နိုင်ငံက စစ်သားတွေကြား ခိုက်ရန်ဖြစ်ပွားကြတာကြောင့် အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ပါတယ်။ ဒီအတွက် သံတမန်နဲ့ စစ်ဖက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရပေမယ့် သိပ်ပြီး အစေးမကပ်ပါ။
ဩဂုတ် ၂၉ ရက်နှင့် ၃၀ ရက် ညတွေမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်ဟာ အရှေ့ပိုင်း လာဒက်ရှ်ဒေသမှာ ရန်စတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်လာလို့ တရုတ်နဲ့ အိန္ဒိယ စစ်သားတွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားတယ်လို့ အိန္ဒိယစစ်တပ်က ထုတ်ပြန်လာပါတယ်။ “ဩဂုတ် ၂၉ နဲ့ ၃၀ ရက် ညတွေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်က တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး အခြေအနေတွေ ပြောင်းလဲအောင် ရန်စတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်လာခဲ့ကြတယ်။”လို့ အိန္ဒိယစစ်တပ်က ဗိုလ်မှူး အမ်မန်အန်နန်က ပြောပါတယ်။
အဲဒီ အခြေအနေကို ဖြေရှင်းကိုင်တွယ်ဖို့ တပ်မမှူးအဆင့် အစည်းအဝေးကို ခေါ်ယူကျင်းပကြောင်း အိန္ဒိယတာဝန်ရှိသူများအရ သိရပါတယ်။
နှစ်ဖက်စစ်သားတွေကြား လက်သီးချင်း ထိုးကြိတ်တိုက်ခိုက်ခဲ့ကြကြောင်း စစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်နက် ပစ်ဖောက်တာနဲ့ သေဆုံးဒဏ်ရာရမှု သတင်းတော့ မကြားသိရပါ။
နှစ်နိုင်ငံ နယ်စပ်တပ်တွေဟာ မေလအတွင်းက စတင်ထိတွေ့တာတွေ ဖြစ်ခဲ့ပြီး တင်းမာမှုတွေ မကြာသေးခင်က မြင့်တက်လာခဲ့တာပါ။ ဇွန်လလယ်မှာ အငြင်းပွား လာဒက်ရှ်ဒေသမှာ နှစ်ဖက်စစ်သားများကြား ထိုးကြိတ်ခိုက်ရန် ဖြစ်ပွားကြပြီး သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။
အဲဒီ ခိုက်ရန်ဖြစ်ပွားမှုအတွင်းမှာတော့ အိန္ဒိယဖက်က ၎င်းတို့ စစ်သား အယောက် ၂၀ သေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်က သေဆုံးဒဏ်ရာရတဲ့ စာရင်းကို မထုတ်ပြန်ခဲ့ပေမယ့် ၎င်းတို့ဖက်မှာလည်း အကျအဆုံး ရှိနိုင်ပါတယ်။တရုတ်နဲ့ အိန္ဒိယကြားမှာ နယ်စပ်မျဉ်း မသတ်မှတ်နိုင်သေးတာက ဆယ်စုနှစ်များစွာ တင်းမာမှုရဲ့ ရင်းမြစ် ဖြစ်နေတာပါ။ နယ်စပ်ထိန်းချုပ်မျဉ်းကို ၁၉၆၂ စစ်ပွဲအပြီး ပိုင်နက်ပိုင်းခြားတဲ့ မျဉ်းအဖြစ် သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။
Ref : Sputnik