မအူပင်မြို့နယ်၊ ဆင်ကူးကျေးရွာမှာ ဩဂုတ် ၂၈ ရက်နေ့က ဇနီးဖြစ်သူအား ဓားနဲ့ထိုးသတ်ခဲ့သူအား သွားရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင် ၃ ဦး ဓားထိုးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြော

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ဆင်ကူးကျေးရွာမှာ ဩဂုတ် ၂၈ ရက်နေ့က ဇနီးဖြစ်သူအား ဓားနဲ့ထိုးသတ်ခဲ့သူအား သွားရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင် ၃ ဦး ဓားထိုးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျူးလွန်သူ ဖိုးတက်ဟာ ဇနီးဖြစ်သူကို ဓားနဲ့ထိုးပြီးနောက် ဖမ်းရဲဖမ်းကြည့်လို့ အော်ဟစ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးစဉ် ဓားနဲ့ပြန်လည်ခုခံခဲ့တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြဌေးက ပြောပါတယ်။
“သူက အမြဲသောက်စားနေတဲ့သူ၊ ခုလည်း သူ့မိန်းမ သူသတ်ပြီး ဖမ်းရဲလာဖမ်းကြည့်ဆိုပြီး အော်နေတော့ ရွာကလူတွေက ရဲကို အကြောင်းကြားရတာပေါ့၊ ရဲက လာဖမ်းတော့ ပြန်ခုခံတာ၊ ရဲတွေလည်း ဒဏ်ရာရသွားတယ်။”

အသတ်ခံရတဲ့ ဇနီးဖြစ်သူဟာ လေဖြန်းထားတာကြောင့် လက်တဖက် မသန်သူဖြစ်ပြီး သား ၁ ဦး သမီး ၁ ဦးရှိပါတယ်။

ဓားနဲ့ထိုးသတ်ခဲ့သူဟာ မူးလာတိုင်း ဓားကိုင်သောင်းကျန်းတတ်သူဖြစ်လို့ ဒေသရဲ့ ဥပေက္ခာပြုခြင်းကို ခံထားရသူတွေလည်း ဖြစ်တယ်လို့ သေဆုံးသူရဲ့ အစ်ကိုတော်စပ်သူ ဦးငွေစိုးက ပြောပါတယ်။
“ကျနော့် ညီမလေးက လေဖြန်းထားတာ လက်က မသန်ဘူး။ ဒီကောင်က မူးလာတိုင်း အနိုင်ကျင့်တာ၊ ဓားကိုင်ပြီး သောင်းကျန်းနေတော့ ဘယ်သူမှ အနားမကပ်ရဲတော့ဘူး၊ အဲ့လိုကြောင့် ကျနော့်ညီမလေး ခုလို သေရတာပါ။ ကလေးတွေက ဆယ်နှစ်ဝန်းကျင်လောက် ရှိပါပြီ။” မိန်းမဖြစ်သူကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ဖိုးတက်ကို သွားရောက်ဖမ်းဆီးစဉ် ဓားနဲ့ အထိုးခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးလည်း ကျွဲဒုံးတိုက်နယ်ဆေးရုံမှာ ဆေးကုသခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဖိုးတက်ကို မအူပင်ပြည်သူဆေးရုံကြီးကို ပို့ဆောင်ကာ အချုပ်ဆောင်မှာ ဆေးကုသမှုတွေ ပြုလုပ်ပေးနေပြီ အမှုဖွင့် တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

မင်းထက်မုန်း(ပုသိမ်)
DVB TV News

Add a Comment

Your email address will not be published. Required fields are marked *