Covid-19 ကူးစက်မှုများနေသည့် စစ်တွေမြို့တွင် ဆန် နှင့် ငွေ ပေးဝေမည်ဆိုသည့် သတင်းမှားကြောင့် လူစုလူဝေး ရာနှင့်ချီ ဖြစ်ပေါ်ခဲ့
|
ရက်ပိုင်းအတွင်း Covid-19 ပြည်တွင်းကူးစက်မှု အရေအတွက်များနေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၌ ဆန်နှင့်ငွေများ ပေးဝေမည်ဆိုသည့် သတင်းမှားကြောင့် ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၉)ရက်နေ့ နေ့လည်(၁)နာရီ ဝန်းကျင်အချိန်က လူဦးရေ ရာဂဏန်းအထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“အဲ့ဘုရားမှာ ပိုက်ဆံ (၂၀,၀၀၀)ပေးမယ် နောက်ပြီးတော့ ဆန်တွေပေးမယ်ဆိုပြီး ပြောကြတယ်ဗျ၊ အဲ့လူတွေကို ဘယ်သူပြောတာလဲမေးတော့၊ မသိဘူး တစ်ယောက်နဲ့တစ်ယောက် ကြားတာလို့ ပြောတယ်၊ ရပ်ကွက်အသီးသီးက လာကြတယ်လို့ ပြောတယ်”။

လူစုလူဝေးအမြောက်အများ ဖြစ်ပေါ်စေခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သတင်းမှားဖြန့်သူကိုတော့ မသိရှိရကြောင်းနှင့် လူစုလူဝေများတွင် နှာခေါင်းစည်း(mask)များ လုံခြုံစွာ တပ်ဆင်ထားခြင်း မရှိသူများလည်း တော်တော်များများ ပါဝင်ကြောင်း သိရသည်။
“ဘယ်သူက စပြီး သတင်းမှား ဖြန့်လိုက်လည်းမသိဘူး၊ လူတွေ အတော်လေးများတယ်၊ လာကြတာ။ အဲ့ဒီထဲမှာ mask ကို ကောင်းကောင်း မတပ်ပဲ မေးစေ့တွေမှာ တပ်ထားသူတွေလည်းပါတယ်၊ အခုလို အချိန်မှာ ဒီလိုကိစ္စတွေက လန့်ဖို့ ကောင်းတယ်။ ကူးစက်မှုတွေ ပိုများလာရင် အခြေအနေတွေက ပိုဆိုးနိုင်တယ်ဗျ”ဟု စစ်တွေမြို့ နေ ကိုခိုင်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း Covid-19 ပြည်တွင်းကူးစက်မှု အဖြစ် ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့က စတင်တွေ့ရှိရာ ဩဂုတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းအထိ ရခိုင်ပြည်နယ်တစ်ခုတည်းတွင် ကူးစက်ခံရသူ (၁၀၀)ကျော်ရှိကြောင်း သိရသည်။
ဓါတ်ပုံ – Pray Lynn Jr.