မုံရွာမြို့လမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီးလာသူကို အက်ဆစ်လိုအရည်တွေနဲ့ချောင်းမြောင်းတိုက်ခိုက်

မုံရွာမြို့ရဲ့ လူသွားလူလာစည်ကားတဲ့ ကျောက္ကာလမ်းမကြီးပေါ်မှာ ဓာတုဗေဒပစ္စည်းတွေကို လက်နက်သဖွယ်အသုံးပြုပြီး ချောင်းမြောင်းတိုက်ခိုက်တာတွေရှိနေတယ်လို့ တိုက်ခိုက်ခံရတဲ့ ကာယရှင်ကိုယ်တိုင်က ပြောပါတယ်။

“ ညနေ ၅ နာရီလောက်မှာ ကျောက္ကာလမ်းမကြီးရဲ့ ဆိုင်ကယ်စီးလမ်းအတိုင်း ကျနော်က ဆိုင်ကယ်စီးလာတယ် ၊ ကျောက္ကာလမ်းနဲ့ ဗိုလ်တေဇလမ်းဆုံးအနီးက လမ်းဘေး တမာပင်ကိုကွယ်ပြီး ချောင်းမြောင်းပုန်းနေတဲ့သူက ကျနော့်ဆိုင်ကယ်လဲရောက်လာရော ပုန်းနေရာကနေ ရုတ်တရက်ထွက်ပြီး အရည်တမျိုးနဲ့ ကျွန်တော့်ကို ပတ်လိုက်တယ် ၊ မီးစနဲ့ထိုးသလို တကိုယ်လုံး ပူထူသွားတော့ ဒါဟာ ဓာတုဗေဒပစ္စည်းတမျိုးမျိုးနဲ့ တိုက်ခိုက်တာပဲဆိုပြီး အင်္ကျီ ကို ချက်ချင်းချွတ်ပြီး အနီးကရေတွေနဲ့ အမြန်ဆုံးလောင်းခဲ့ရတယ်၊ ဒီနေ့ဆို ၁ လနဲ့ ၁၁ ရက်ရှိပြီ၊ ဒဏ်ရာကတော့ ဦးခေါင်းနောက်စေ့ ဘယ်ဘက်တခြမ်းလုံးနဲ့ ဘယ်ဘက်ပခုံး နဲ့ ဘယ်လက်မောင်း နေရာတွေမှာဖြစ်တယ် ၊ မီးလောင်ဖုတွေလိုဖြစ်ပြီး အရေပြားတပြင်လုံး လှိုက်စားနေတယ်၊ သက်သာတဲ့ လက္ခဏာမရှိသေးဘူး ၊ မန္တလေးဆေးရုံမှာ ဆရာဝန်ကြီးနဲ့ ထပ်ပြီးပြဦးမှာဖြစ်တယ် ” လို့ ဓာတုဗေဒပစ္စည်းနဲ့တိုက်ခိုက်ခံရတဲ့ ကာယကံရှင်ဖြစ်သူ ကိုနိုင်နိုင်ဦးက ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ နစ်နာသူကာယကံရှင်က တိုက်ခိုက်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ မုံရွာနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတာဖြစ်ပြီး ရဲစခန်းက နာကျင်မှုဖြင့်သာ အမှုရေးဖွင့်လက်ခံခဲ့ကာ တိုက်ခိုက်သူတွေကို ဒီကနေ့အထိ ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးဘူးလို့ နစ်နာသူရဲ့ ဆွေမျိုးတွေက ပြောပါတယ်။

ဒါ့အပြင် မုံရွာအခြေစိုက် တရားလွှတ်တော်ရှေ့နေကြီး ဦးသော်တာဦး ပြောပြာတာက “ ဒီတိုက်ခိုက်မှုဖြစ်စဉ်ဟာ ရည်ရွယ်ချက်ရှိရှိ တမင်ကြံရွယ် စောင့်ဆိုင်းပြီး ထိထိမိမိ တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် သာမန်နာကျင်မှု ရိုးရိုးနဲ့ အမှုဖွင့်တာဟာ တကယ်ဆိုရင် လုံးလောက်မှုမရှိဘူး ၊ တပါးသူရဲ့ အသက်ကို သေစေနိုင်အောင် ရည်ရွယ်ကြံဆောင်ပြီး တိုက်ခိုက်တာဖြစ်တယ် ၊ လူသတ်မှုကိုကျူးလွန်ရန် အားထုတ်မှု ၊ ထိုပြုလုပ်မှုဖြင့် တစ်ဦးတစ်ယောက်အား နာကျင်စေလျင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇ အရပါ တွဲဖက်ပြီး အမှုဖွင့် အရေးယူရမှာဖြစ်တယ် ၊ နောက်ပြီး အခုဖြစ်စဉ်က ဓာတုဗေဒပစ္စည်းကို အသုံးပြုတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆလို့ရနိုင်တယ် ၊ ဒီတော့ အခင်းဖြစ်ပွားချိန်က နစ်နာသူ ကာယကံရှင်ဝတ်ထားတဲ့ အဝတ်တွေကို ဓာတုဝန်ရုံးကို ပို့ဆောင်ပြီး အသုံးပြုတဲ့ လက်နက်အမျိုးအစားဟာ ဘယ်လိုအရာ ဘယ်လိုပစ္စည်းတွေကို အသုံးပြုတယ်ဆိုတာ ဓာတုဝန်ရုံးက ပညာရှင်တွေရဲ့ ထင်မြင်ချက်ကို တောင်းခံရယူပြီး လစ်ဟင်းမှုမရှိအောင် လုပ်ရတဲ့ကိစ္စမျိုးဖြစ်တယ် ” လို့ ပြောပါတယ်။

အများပြည်သူ ဥဓဟိုသွားလာနေတဲ့ ကျောက္ကာလမ်းမကြီးပေါ်မှာ အခုလို ဓာတုဗေဒပစ္စည်းတွေကို လက်နက်လိုအသုံးပြုပြီး ချောင်းမြောင်းတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေပေါ်ပေါက်နေတာတွေကို လက်ရဖမ်းဆီးနိုင်တာမရှိသေးတဲ့အတွက် ဒေသခံပြည်သူတွေဟာ အလားတူတိုက်ခိုက်တာတွေ ထပ်မံဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့လည်း သိရပါတယ်။

သက်စမ်းရေ (VOM)

Add a Comment

Your email address will not be published. Required fields are marked *