ရှမ်းပြည်နယ်အတွင်း အထက်တန်းကျောင်းခွဲတစ်ခု မီးလောင်မှုဖြစ်ပွား/ ရှို့မီးဟုယူဆရပြီးငွေကျပ် ၆၄ ဒသမ ၈သန်းကျော်ဆုံးရှုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် ကျောင်းပြန်လည်ဖွင့်လှစ်ခွင့် ရရှိကာ စာသင်ကြားနေသော အခြေခံပညာအထက်တန်းကျောင်းခွဲတစ်ခုတွင် ယနေ့(သြဂုတ်လ ၂၅ )ရက် နံနက် တစ်နာရီအချိန်ခန့်က ရှို့မီးဟုယူဆရသည့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြည်မြန်မာ ကိုပြောကြား သည်။

မီးလောင်ကျွမ်းမှုကြောင့် အဆိုပါ အထက်တန်းကျောင်းခွဲရှိ ကျောင်းဆောင်နှစ်ဆောင်ဖြစ်သည့် ချယ်ရီ ဆောင်နှင့် အင်ကြင်းဆောင် နှစ်ဆောင်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ချယ်ရီဆောင်မှာ ၂၀၁၄-၂၀၁၅ ခုနှစ်၌ နိုင်ငံတော်အစိုးရဘက်ဂျက် ကျပ်ငွေ ၆၄ ဒဿမ ၈ သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်ကြင်းဆောင်မှာ ရပ်ရွာလူထု၏ ပံ့ပိုးငွေ ကျပ်သိန်း သုံးရာ့လေးဆယ် ဖြင့် ကုန်ကျခံဆောက်လုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရှို့မီးလို့ယူဆရပါတယ်။ ရဲက စုံစမ်းနေပါတယ်။ သြဂုတ် ၂၅ ရက် တစ်နာရီဝန်းကျင်လောက်မှာ လောင်တာပါ။ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတွေကို တင်ပြဖို့ ကျွန်တော်တို့ အစီအစဉ်ရှိပါတယ်။ မီးလောင် သွားတာက ကိုယ်ထူကိုယ်ထနဲ့ ဆောက်ထားတဲ့ ကျောင်းဆောင်နဲ့ နိုင်ငံတော် ဘက်ဂျက်နဲ့ ဆောက် ထားတဲ့ ကျောင်းဆောင်နှစ်ဆောင်ပါ။ မီးလောင်သွားတဲ့ ချယ်ရီဆောင်ကတော့ နည်းနည်း ကျန်တယ်။ အင်ကြင်းဆောင်ကတော့ မကျန်တော့ပါဘူး။ နှစ်ဆောင်စလုံးအသုံးပြု မရတော့ပါဘူး။ ကျောင်းကဖွင့် နေပါပြီ။ လဝါကျေးရွာ အထက်တန်းကျောင်းခွဲပါ။ ကျောင်းဖွင့်လိုက်တာမကြာသေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် အဆိုပါကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်း သူများ ဆက်လက်ပညာသင်ကြားရန် အခက်အခဲဖြစ်လျက်ရှိပြီး ကျေးရွာ ရပ်မိရပ်ဖများအနေဖြင့် မည်သို့ ဆောင်ရွက်သွားမည်ကို မသိရှိရသေးကြောင်းနှင့် ကျောင်းသားကျောင်းသူများ ပညာသင်ကြား ရေး အတွက် ပါဝင်လှူဒါန်းမှုများပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ဆိုသည်။

မင်းရန်နောင်
ဓာတ်ပုံ – ဦးမောင်ညို

Add a Comment

Your email address will not be published. Required fields are marked *