မြောက်ဦးမြို့က ဆရာတော်နှစ်ပါးအဖမ်းခံရပြီး နောက်ရက်မှာ ဘုန်းကြီးကျောင်းက လက်နက်တွေမိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့က သံဃာလေးပါးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဩဂုတ် ၁၈ ရက်နေ့ ညအချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်ရက်မှာ အဲဒီဘုန်းကြီးကျောင်းတွေကို ဝင်ရောက်ရှာဖွေရာမှာ လက်နက်နဲ့ ခဲယမ်းတွေမိခဲ့တယ်လို့ မြောက်ဦးလော်ဂမူရပ်က ကျေးရွာအုပ်ချုပ်ရေးမှုးက ပြောပါတယ် ။

အဖမ်းခံရတဲ့ လေးပါးထဲမှာ ဆရာတော် နှစ်ပါးပါဝင်ပြီး ကျန် နှစ်ပါးကတော့ ရဟန်းတစ်ပါးနဲ့ကိုရင်တစ်ပါးဖြစ်ကြပါတယ်။

အဲဒီသံဃာလေးပါးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ရက်နေ့ ညပိုင်းမှာ လက်နက်ကိုင်တွေ ဖမ်းသွားတာဖြစ်ပြီး နောက်တစ်နေ့ သြဂုတ်လ ၁၉ရက်နေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ဝင်ရောက်ရှာဖွေရာမှာ လက်နက်တွေ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဘုန်းကြီးနဲ့ကိုရင်တွေ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတာကို မြောက်ဦးဒေသခံတွေက စိုးရိမ်မှုတွေရှိနေကြပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမင်းသန်းကတော့ အေအေလက်နက်ကိုင်အဖွဲ့တွေ ဖမ်းတာလို့ ဘီဘီစီကို ပြောပါတယ်။

ရက္ခိုင့်တပ်တော် အေအေဘက်ကတော့ ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောကြားတာ မတွေ့ရသေးပါဘူး။

လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေကတော့ မြောက်ဦးမြို့ မြို့ဦးခေါင်းဆရာတော်၊ ပြင်စျေးကျောင်းဆရာတော်နဲ့ အဲဒီကျောင်းက ရဟန်းတော် တစ်ပါးနဲ့ ကိုရင် တစ်ပါးတို့ ဖြစ်ကြပါတယ်။

အဲဒီသံဃာလေးပါး ပျောက်ဆုံးနေပြီး ဒီကနေ့ထိ အဆက်အသွယ်မရသေးဘူးလို့ တပည့်ဒါယကာတွေက ပြောပါတယ်။

ပြင်စျေးကျောင်းကိုတော့ ကျောင်းကို ပိတ်ထားပြီး သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီလောက်မှာတော့ စစ်တပ်နဲ့ ရဲက အဲဒီကျောင်းကို ဝင်ရောက် ရှာဖွေစစ်ဆေးရာမှာ သေနတ်နှစ်လက်၊ ကျည်ဆန် တစ်ထောင်၊ ၄၀ မီလီမီတာ ဗုံးသီး ၁၄ လုံး၊ အာရ်ပီဂျီ ဒုံးသီး ၃လုံး ကို တွေ့ရှိခဲ့တယ်လို့ ရှာဖွေရာမှာ ကိုယ်တိုင်လိုက်ပါခဲ့တဲ့ အုပ်ချုပ်ရေးမှူးက ဘီဘီစီကိုပြောပါတယ်။

ဒီလို မြောက်ဦးမြို့ပေါ်ဘုန်းတော်ကြီးကျောင်းက လက်နက်တွေ ရှာဖွေတွေ့ရှိသလို သံဃာလည်း ဖမ်းဆီးခံရတဲ့ အတွက် လူထုကြားမှာလည်း သတင်းမျိုးစုံပျံ့နှံ့နေပြီး စိုးရိမ်မှုတွေ တိုးပွားနေပါတယ်။

သတင်း – BBC Burmese

Add a Comment

Your email address will not be published. Required fields are marked *