မာလီ အာဏာသိမ်းခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပပေးမည်ဟုပြော
|သမ္မတကို တာဝန်ကနှုတ်ထွက်ပေးဖို့ အကျပ်ကိုင်ဖိအားပေးခဲ့တဲ့ မာလီအာဏာသိမ်းစစ်အုပ်စုက လူတွေကို ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းကြဖို့ ဗုဒ္ဒဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာ ဝေဖန်မှုပြင်းထန်နေပေမယ့် နိင်ငံဟာ ပုံမှန်အနေအထားအတိုင်းရှိတဲ့ပုံစံမျိုးထင်ရအောင် အာဏာသိမ်းအဖွဲ့က ကြိုးပမ်းနေပါတယ်။
သူတို့ကိုယ်သူတို့ ပြည့်သူ့ကယ်တင်ရေး အမျိုးသားကော်မီတီလို့ အမည်ပေးထားတဲ့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂိုလ် ဗိုလ်မှုးကြီးက ဗုဒ္ဒဟူးနေ့မှာ အသံလွှင့်မိန့်ခွန်းပြောကြားခဲ့ပြီး တိုင်းပြည်ကို အရင်လို ပြန်ကြီးပွားအောင်လုပ်ပေးမယ်လို့ပြောပါတယ်။
ဒါအပြင် မာလီနိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ထားကြောင်း၊ ည ၉ နာရီကနေ မနက် ၅ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ထားကြောင်း ပြောခွင့်ရကဆိုခဲ့ပြီး ညနေပိုင်းမှာတော့ လူတွေ အနေနဲ့ အလုပ်ခွင်ကို ပုံမှန်အတိုင်း ပြန်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တခါ ကော်မီတီအနေနဲ့ သင့်တော်တဲ့ အချိန်ကာလမှာ ရွေးကောက်ပွဲကျင်းပပြီး အရပ်သား အစိုးရဆီ အာဏာလွဲပြောင်းပေးမယ်လို့လည်း ပြောခွင့်ရပုဂိုလ်ကဆိုပါတယ်။ ဒါပေမယ့် ဘယ်တော့ရွေးကောက်ပွဲလုပ်မှာလဲဆိုတဲ့ အချိန်အတိအကျကိုတော့ သူက ပြောမသွားခဲ့ပါဘူး။
ဒီလို အာဏာသိမ်းတဲ့အတွက် AU အာဖရီက ယူနီယံအဖွဲ့ကနေ မာလီနိုင်ငံကို အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့လိုက်ပါတယ်။ အရင်ကကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံဟာ ၂၀၁၃ ခုနှစ်မှာဖြစ်ခဲ့ဖူးတဲ့ အာဏာသိမ်းမှုကတည်းက နိုင်ငံ့အာဏာကို အစွန်းရောက်တွေရဲ့ လက်ထက်မရောက်ရေး၊ အရပ်သားအစိုးရလက်ထဲရှိရေးကြိုးပမ်းခဲ့ပါတယ်။ ကုလသမဂ ကလည်း ဒေါ်လာ ၁.၂ ဘီလီယံအထိ အကုန်ခံပြီး မာလီမှာ ငြိမ်းချမ်းရေးတပ်တွေ ထားပေး ခဲ့ပါတယ်။ ဒါကြောင့် အခု အာဏာသိမ်းမှုအပေါ် ကုလသမဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချခဲ့ပါတယ်။
အနောက်အာဖရိကရှိ မာလီနိုင်ငံဟာ ၂၀၁၂ မှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုမတိုင်ခင်အထိ တည်ငြိမ်တဲ့ ဒီမိုကရေစီ နိုင်ငံတခုဖြစ်ခဲ့ပါတယ်။ ၂၀၁၂ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အစ္စလမ်မစ်အစွန်းရောက်တွေ အားသာလာနိုင်တဲ့အတွက် ကိုလိုနီဟောင်း ပြင်သစ်နိုင်ငံက ဦးဆောင်ပြီး အစွန်းရောက်တွေကို တိုက်ထုတ်ခဲ့ပါတယ်။ တခါ ကုလသမဂကလည်း ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၅၀၀၀ (တသောင်းငါးထောင်) အထိထားပေးခဲ့ပါတယ်။ ဒီကြားထဲကနေ အခုလို အာဏာသိမ်းမှု ထပ်ဖြစ်လာတာဖြစ်ပါတယ်။
မာလီကိစ္စကို ကုလသမဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဒဟူးနေ့ နေ့လည်ပိုင်းမှာ တခါးပိတ်ဆွေးနွေးမှုလုပ်ဖို့ရှိနေတယ်လို့ သိရပါတယ်။
Source: AP