လသာမြို့နယ်ရွှေဆိုင်မှ စိန်ထည်ဝယ်ယူရန်ဟန်ဆောင်၍ ခိုးယူသွားသူများအားဖမ်းမိ
|၂၀ ဩ ၂၀၂၀
လသာမြို့နယ်ရှိ ဇွဲထက်စိန်ရွှေရတနာဆိုင်ခွဲ(၁၀)မှ စိန်ထည်ဝယ်ယူရန်ဟန်ဆောင်၍ ခိုးယူသွားသူများအားဖမ်း မိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ အမှုဖြစ်ပွားခဲ့သည့် သြဂုတ်လ ၁၈ ရက်တွင် ရွှေဆိုင်အရောင်းမန်နေဂျာ ကတရားလို အဖြစ်တိုင်တန်း ခဲ့သည့်အချိန်မှစ၍ အချိန်၃ နာရီခန့်အကြာတွင် ဖမ်းမိခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သြဂုတ်လ ၂၀ ရက် နံနက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ကာလတန်ဖိုး သိန်း ၁၂၆ သိန်းကျော်(၁၂,၆၉၀,၀၀၀) တန်ဖိုးရှိ စိန်ထည် ပစ္စည်း(၄)မျိုးအတွက် အရောင်း တာဝန်ရှိသူက ကောင်တာပေါ်တင်ထားပြီး ဈေးနှုန်းအသေး စိတ်တွက် ချက်မှုလုပ်နေစဉ် ယင်းပစ္စည်းများကို ဝယ်လိုသည်ဆိုသော အမည်မသိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးက ယူဆောင်ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် လသာမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သောကြောင့် တာဝန်ရှိသူများက ပစ္စည်းများယူ ဆောင်သွားသူ မကေသွယ်အေး အား တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ တတိုင်းမွှေးလမ်း ပေါ်တွင် ကို သက်သေခံပစ္စည်း စိန်ထည်(၄)မျိုး(မူလပုံစံ မပျက်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူမှာ မြင့်ဇော် ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။