လားရှိုးမြို့ အထက(၁) အနီးတွင် စွန့်ပစ်ထားပြီး ခွေးဆွဲခံထားရသည့် မွေးကင်းစ ကလေးအလောင်းတွေ့ရှိ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့ အထက(၁)အနီးတွင် စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးငယ်ခန္ဓာကိုယ်အား ခွေးများဆွဲ၍ ပျက်စီးနေသည်ကို ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့ နံနက်က တွေ့ရှိကြောင်း သိရသည်။

“မီးသတ် ဝန်ထမ်းတစ်ဦးက ဖုန်းဆက်အကြောင်းကြားလာလို့ ကလေးတွေ့တဲ့နေရာကို ရောက်သွားတော့ သက်ဆိုင်ရာတွေလဲ ရောက်နေပြီ။ အဲ့ဒီကလေးက ညာဘက် နံရိုးအပေါ်ဘက်နဲ့ ညာလက် မရှိတော့ဘူး။ ညကမှမွေး ထားပြီး လာပစ်ထားတာလို့ ယူဆရတယ်။ မွေးစဥ်ကအတိုင်း ချက်ကြိုးတွေ ဘာတွေမဖြတ် ထားဘူး”ဟု ပေးသောလက် လူမှုကူညီရေးအသင်း (လားရှိုး) မှ ကိုမြင့်မော် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

လားရှိုးမြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းအနီး စွန့်ပစ်ထားသည့် ကလေးအားတွေ့ရှိခဲ့သည့် နေရာတစ်ဝိုက်တွင် လားရှိုးမြို့မရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး သေဆုံးနေသည့် ကလေးခန္ဓာကိုယ်အား လားရှိုးပြည်သူ့ဆေးရုံသို့ ပေးသောလက် လူမှုကူညီရေးအသင်း (လားရှိုး)က ကူညီပို့ဆောင်ပေးထားကြောင်း သိရှိရသည်။

Add a Comment

Your email address will not be published. Required fields are marked *