ချီဖွေမြို့နယ်အတွင်း တရုတ်နိုင်ငံသားများ တရားမဝင် လုပ်ကိုင်နေသည့် သလင်းကျောက်တူးဖော်ရာတွင် အသုံးပြုသည့် စက်ယန္တယားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီး

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း တရုတ်နိုင်ငံသားများ တရားမဝင် လုပ်ကိုင်ဆောင်ရွက်နေသည့် သလင်းကျောက်တူးဖော်ရာတွင် အသုံးပြုသည့် စက်ယန္တယားများနှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများက ယမန်နေ့သွားရောက် ဖမ်းဆီးခဲ့ကြောင်း သတ္ထုတွင်းဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)မှ သိရသည်။

အဆိုပါ တရားမဝင်သလင်းကျောက်တူးဖော်နေမှုမှာ ကန်းဖန့်ကျေးရွာအုပ်စု၊ ခလူးခကျေးရွာအနီးတွင်ဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ သတ္ထုတွင်းဦး စီးဌာန(ကချင်ပြည်နယ်ရုံးခွဲ)မှ ညွန်ကြားရေးမှူး ဦးစောယုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက် စီစစ်ဖမ်းဆီးခဲ့ကြောင်း သတ္ထုတွင်းဦးစီဌာန (ကချင်ပြည်နယ်ရုံးခွဲ) မှ ညွန်ကြားရေးမှူး ဦးစောယုက ယခုကဲ့သို့ ဆိုသည်။

”ကျွန်တော်တို့ သွားရောက်တဲ့အခါမှာ အဲ့ဒီက ကျေးရွာတာဝန်ခံတစ်ယောက်ကို မေးတယ်။ ဒီမှာတရားမဝင် တရုတ်နိုင်ငံသားတွေ လုပ်နေတာရှိတယ်လို့ တိုင်ထားတာရှိတယ်။ အဲ့ဒါတွေကို လိုက်ပြပေးပါလို့ပြောတော့ သူတို့ကလိုက်ပြပေးတယ်။ အဲ့တော့ တိုင်ထားတာနဲဲ့ မြေပြင်မှာတွေ့တာနဲ့က ကွက်တိဖြစ်နေတယ် ဒါကြောင့် ကျွန်တော်တို့က တစ်ရက်အချိန်ပေးပြီး စီစစ်ဖမ်းဆီးခဲ့တယ်။”ဟု ဦးစောယုက ပြောသည်။

ယခုကဲ့သို့ သွားရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ ပြည်နယ် လဝကဝန်ကြီး၊ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး သုံးဦး ၏ ဆော့လော်မြို့နယ်ခရီးစဥ်၌ ချီဖွေဒေသခံများက တရုတ်နိုင်ငံသားများ တရားမဝင်သလင်းကျောက်တူး​ဖော် လုပ်ကိုင်နေကြောင်း တိုင်ကြားထားချက်အရ သွားရောက်စီစစ်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းလည်း ဦးစောယုက ထည့်သွင်း ပြောဆိုခဲ့သည်။

ယင်းသို့ ဖမ်းဆီးရာတွင် ဘက်ဟိုး ၁၀ စီး၊ ဆယ်ဘီးကား နှစ်စီး၊ လုတ်ဒါ ရှစ်စီး၊ ကျောက်ဖောက်စက် လေးစီး၊ ယမ်းတောင့် ၁၇၁၇ ချောင်း၊ ယမ်းခွေ လေးခွေ၊ စနက်တံ ၇၅၅ ချောင်း၊ ယမ်းဖောက်ခွဲရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ် ၅၇၇ အိတ်၊ အဆောက်အအုံ ကိုးလုံးနှင့် စုစုပေါင်းဆက်စပ်ပစ္စည်း ၂၈ မျိုးကို ပိုင်ရှင်မဲ့သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

တရားမဝင်သလင်းကျောက်တူးဖော်သည့် တရုတ်နိုင်ငံသားများမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ၎င်းတို့နေထိုင်သည့်နေရာအဆောက်အအုံတွင် တရုတ်နိုင်ငံသားများ၏ အသုံးအဆောင်များ၊ ဘောက်ချာများ၊ နိုင်ငံကူးလက်မှတ်မိတ္တူများတွေ့ရှိရပြီး ယင်းတရုတ်နိုင်ငံသားများကို ဥပဒေအရအရေးယူရန် ဆောင်ရွက်နေဆဲဟု သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *