မြန်မာနိုင်ငံမှာ ရက်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ ကိုဗစ်-၁၉ မပျောက်သေးတဲ့ လူနာ ၄ ယောက်ရှိနေ


မြန်မာနိုင်ငံမှာ ရက်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ ကိုဗစ်-၁၉ မပျောက်သေးတဲ့ လူနာ ၄ ယောက်ရှိနေပါသေးတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရသူတွေထဲမှာ တချို့က ရက်သတ္တ ၂ ပတ်လောက်နဲ့ ပျောက်ကင်းသွားကြသလို တချို့ကတော့ ၂ လလောက်အထိ ကြာကြပေမယ့် ၇၂ ရက်ကြာတဲ့အထိ ရောဂါမပျောက်ကင်းသေးတဲ့ လူနာ ၄ ယောက် ရှိနေတာပါ။

အဲ့ဒီလူနာတွေကတော့ လူနာနံပါတ် ၂၀၈၊ ၂၁၁၊ ၂၁၄ နဲ့ ၂၁၉ တို့ဖြစ်ပြီး အိန္ဒိယနိုင်ငံက ပြန်လာသူတွေ ဖြစ်ပါတယ်။

သူတို့ဟာ မေ ၂၉ ရက်ကတည်းက အတည်ပြုလူနာတွေအဖြစ် ကျန်းမာရေးဌာက ထုတ်ပြန်ထားခဲ့တာဖြစ်ပြီး အခု သြဂုတ် ၈ ရက်ဆိုရင် ၇၂ ရက် ရှိပြီ ဖြစ်ပါတယ်။

မေ ၂၉ ရက်နေ့က အတည်ပြုလူနာ စုစုပေါင်း ၁၈ ယောက်ရှိပြီး ကျန်တဲ့သူတွေမှာ ပိုးမတွေ့တော့ပါဘူး။

ဒီ ၄ ယောက်ဟာ အိန္ဒိယနိုင်ငံကနေ မေ ၂၄ ရက်နေ့က လေယာဉ်တစီးတည်း အတူစီး ပြန်လာသူတွေဖြစ်ပြီး တောင်ဥက္ကလာပဆေးရုံကြီးနဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးတို့မှာ ဆေးကုသပေးနေပါတယ်။

ကိုဗစ်-၁၉ လူနာတွေထဲမှာ ရက်အကြာဆုံးကုခဲ့ရတဲ့ လူနာတချို့ရှိခဲ့ပြီး လူနာအမှတ် ၃၁ က ၅၅ ရက်၊ လူနာအမှတ် ၂၃ က ရက် ၅၀၊ လူနာအမှတ် ၄၂ က ၄၅ ရက်လောက်ကြာအောင် ကုသခဲ့ကြရပြီးနောက် ပိုးမတွေ့ဘူးဆိုတဲ့ အဖြေထွက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ အတည်ပြုလူနာတွေထဲမှာ ပြည်ပကူးစက်ခံလူနာတွေက ပြည်တွင်းကူးစက်လူနာတွေထက်ပိုများပြီး အိန္ဒိယနိုင်ငံက ပြန်လာသူတွေမှာ အတည်ပြုလူနာ ၆၄ ယောက် တွေ့ထားတာကြောင့် အများဆုံးဖြစ်ပါတယ်။

ဒုတိယအများဆုံးကတော့ ထိုင်းနိုင်ငံက ပြန်လာသူတွေဖြစ်ပြီး ၃၇ ယောက်၊ မလေးရှားပြန်ကတော့ ၁၉ ယောက်နဲ့ တတိယအများဆုံးဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၃၅၉ ယောက်နဲ့ ပိုးမတွေ့တော့သူ ၃၀၉ ယောက်ရှိပါတယ်။ သေဆုံးသူ ၆ ယောက်၊ ကုသဆဲလူနာ ၄၄ ယောက်ရှိပြီး ၂၉၆ ယောက်ကတော့ ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။

တကမ္ဘာလုံးမှာတော့ ဒီမနက်ပိုင်းအထိ အတည်ပြုလူနာ ၁၉၅ သိန်းကျော်၊ သေဆုံးသူ ၇ သိန်းကျော်၊ ပြန်လည်သက်သာလာသူ ၁၂၅ သိန်းကျော်ရှိပါတယ်။

သတင်း – သင်းသင်းဇော်

Add a Comment

Your email address will not be published. Required fields are marked *