ကျောင်းကုန်းမြို့နယ်တွင် မြေမြုပ်ပြီးသားအလောင်းကို ပြန်လည်တူးဖော်စစ်ဆေးရာ ခင်ပွန်းဖြစ်သူမှ သတ်ဖြတ်ခဲ့မှုပေါ်ပေါက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ငမန်းချောင်ကျေးရွာတွင် အမျိုးသမီးတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ သူမ၏ဆွေမျိုးများက ဒဏ်ရာများတွေ့ရှိရာမှ မသင်္ကာ၍တိုင်ကြားရာမှ အလောင်းအားတူးဖော်ပြီး ပြန်လည်စစ်ဆေးရာ ခင်ပွန်းဖြစ်သူ သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက်နေ့က သေဆုံးခဲ့သူ ဒေါ်အမာလေး(၅၅)နှစ်၏ မောင်ဖြစ်သူဦးသိန်းထွန်းမှ အစ်မဖြစ်သူ နာရေးသို့လာပြီး အလောင်းအားကြည့်ရှုရာ ဦးခေါင်းနှင့်ဝဲလက်တို့တွင် ဒဏ်ရာများတွေ့ရှိရ၍သေဆုံးသူ၏ခင်ပွန်းဖြစ်သူ ဦးအေးသောင်း အားမေးမြန်းရာ နေအိမ်ရှေ့အနီး အရက်မူးလျှက် လမ်မပေါ်လဲကျ ဒဏ်ရာများကြောင့် သေဆုံးကြောင်းပြောပြခဲ့သည်ဟု ရဲတပ်ဖွဲ့စစ်ဆေး ပေါ်ပေါက်ချက်များအရ သိရသည်။

ခင်ပွန်းဖြစ်သူ၏ ပြောဆိုချက်မှာ လက်ခံယုံကြည်စရာ မရှိသဖြင့်အစ်မဖြစ်သူ သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အားစုံစမ်းပေးပါရန် လာရောက်သတင်းပေး တိုင်ကြားမှု့ကြောင့် ဇူလိုင်လ ၂၉ ရက်နေ့က ဆွေးမျိုးများက တာ၀န်ရှိသူများနှင့်အတူ မြေမြုပ်ထားသည့် အလောင်းအား ပြန်လည်တူးဖော်ပြီး ကြည့်ရှုစစ်ဆေးရာ ဒေါ်အမာလေးမှာနဖူးတွင် ပေါက်ပြဲဒဏ်ရာနှင့် ဝဲ/ယာလက်ဖျံတို့တွင် ဒဏ်ရာများရရှိထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

ဒေါ်အမာလေး သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ရင်ခွဲစစ်ဆေးကာ ဒေါင့်ကြီးနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂/၂၀၂၀ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသောအမှုကို ပြန်လည်စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူ၏ခင်ပွန်းဖြစ်သူ ဦးအေးသောင်း(၅၇)နှစ်မှ အိမ်၌အရက်မူးပြီးအိပ်ပျော်နေသော ဇနီးဖြစ်သူကို စိတ်ဆိုးပြီး ဝါးရင်းတုတ်ဖြင့် ဦးခေါင်းနှင့်လက်တို့အား ၆ ချက် ၇ ချက်ခန့် ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့စစ်ဆေး ပေါ်ပေါက်ချက်များအရ သိရသည်။

ဆက်လက်စစ်ဆေးရာ သားဖြစ်သူနှင့်သမီးဖြစ်သူတို့ကလည်း မိခင်သေဆုံးရခြင်းမှာ ဖခင်ရိုက်နှက်၍ သေဆုံးရကြောင်းထွက်ဆိုခဲ့ပြီး ဦးအေးသောင်းကလည်း ဝန်ခံထွက်ဆိုခဲ့သဖြင့် သေမှုသေခင်း ဖွင့်လှစ်ထားသော အမှုကို လူသတ်မှုအဖြစ်ပြောင်းလဲကာ ဒေါင့်ကြီးနယ်မြေရဲစခန်းက(ပ) ၄၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ် အရေးယူခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ-၀င်းကြိုင်(ကျောင်းကုန်း) မှ ပေးပို့သည်။

Add a Comment

Your email address will not be published. Required fields are marked *