မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာရှိ (၃)ဦးအား အဂတိတိုက်ဖျက်ရေးကော်မရှင်မှအရေးယူ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာရှိ(၃)ဦးအား အဂတိတိုက်ဖျက်ရေးကောမရှင်မှ ၂၀၂၀ သြဂုတ် ၆ရက် နံက် ၁၀နာရီ ၃၀မိနစ်အချိန်ခန့်တွင် အရေးယူခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဦးအောင်နိုင်ထွန်း (၅၄)နှစ် (ဘ)ဦးထွန်းဝေ စစ်ဆေးရေးမှူး အဂတိတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲ မန္တလေးမြို့နေသူသည် ဦးဝင်းမြင့် (၅၅)နှစ် (ဘ)ဦးဘညွန့် အင်ဂျင်နီယာမှူး မြို့နယ်စည်ပင်သာယာရေး မိတ္ထီလာမြို့နေသူနှင့် ဦးခင်မောင်တင် (၅၄)နှစ် (ဘ)ဦးမြတင် အမှုဆောင်အရာရှိ မြို့နယ်စည်ပင်သာယာရေး မိတ္ထီလာမြို့နေသူတို့အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပေါက်ချောင်းရပ်ကွက်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် အင်ဂျင်နီယာမှူး ဦးဝင်းမြင့်သည် ၂၀၁၈-၂၀၁၉ ညဏ္ဍာရေးနှစ် ပေါက်ချောင်းရပ်ကွက် နယ်မြေ(၂)နှင့် နယ်မြေ(၃)တို့၌ အရှည်(၃၀၀၀)ပေ၊ အကျယ်(၁၆)ပေ၊ အမြင့်(၆)လက်မ ကွန်ကရစ်ခင်းခြင်းအတွက် တင်ဒါခေါ်ယူခြင်းမရှိကြောင်း၊ မူလဘတ်ဂျက်ငွေကျပ် (၉၂၄)သိန်း၊ ပြုပြင်ပြီးဘတ်ဂျက်ငွေကျပ် (၉၈၁)သိန်းမှ လမ်းခင်းရာတွင်ပိုငွေ (၆၇၁၀၀၇၄)ကျပ်အား နိုင်ငံတော်သို့ပြန်လည်ပေးသွင်းမှုမရှိခဲ့သဖြင့် နိုင်ငံတော် ဘဏ္ဍာငွေမှ ငွေ(၆၇၁၀၀၇၄)ကျပ် နစ်နာခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်တင်နှင့် အင်ဂျင်နီယာမှူး ဦးဝင်းမြင့်တို့သည် ရာထူးတာဝန်အရ ပေါက်ချောင်းရပ်ကွက် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေ(၆၇၁၀၀၇၄)ကျပ် နစ်နာဆုံးရှုံးမှု၌ စီမံခန့်ခွဲရာတွင်ပါဝင်သူများဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမြင့်ဝင်းနှင့် ဦးခင်မောင်တင်တို့ (၂)ဦးအား ဥပဒေအရ အရေးယူပေးပါရန် ဦးအောင်နိုင်ထွန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မိတ္ထီလာမြို့မရဲစခန်း (ပ) ၃၆၈/ ၂၀၂၀ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၆/ ၆၃ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

အလားတူ ဦးမျိုးဇော် (၄၆)နှစ် (ဘ)ဦးမျိုးညွန့် အငယ်တန်းအင်ဂျင်နီယာ-၂ မြို့နယ်စည်ပင်သာယာရေး မိတ္ထီလာမြို့နေသူအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ Mini Budget အမှိုက်ကျင်းပြင်ဆင်ခြင်းလုပ်ငန်းအတွက် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မူလခွင့်ပြုငွေကျပ် (၂၃၀.၅၇)သိန်းမှ Back Hoe ဌားရမ်းခ ငွေကျပ်သိန်း(၃၀)နှင့် Dozer ဌားရမ်းခ ငွေကျပ်သိန်း (၁၂၀)၊ စုစုပေါင်းငွေကျပ်သိန်း(၁၅၀)အား ငွေလက်ခံရယူသူ လက်မှတ်မပါရှိဘဲ အမှန်တကယ်ပေးချေခဲ့ခြင်းမရှိသည့် ဌားရမ်းပြေစာ (၂)စောင်အား အသုံးပြု၍ ထုတ်ယူခဲ့ပြီး Dozer ဌားရမ်းခ ငွေကျပ် (၁၅)သိန်းသာ ပေးချေခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ်သိန်း(၁၃၅)သိန်း နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါငွေအား ဦးခင်မောင်တင် အမှုဆောင်အရာရှိဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မိတ္ထီလာမြို့နေသူသည် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးဇော်မှ ငွေလက်ခံသူနေရာတွင် အမည်သာပါရှိပြီး မပြည့်စုံသည့် ဌားရမ်းခပြေစာ (၂)စောင်ကို အသုံးပြု၍ ငွေကျပ်သိန်း(၁၅၀) တင်ပြတောင်းခံမှုကို ထုတ်ယူခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေနစ်နာဆုံးရှုံးမှုတွင် စီမံခန့်ခွဲရာ၌ ပါဝင်သူဖြစ်ကြောင်းစီစစ်ပေါ်ပေါက်ခဲ့သည်။
ဖြစ်စစဉ်နှင့်ပတ်သက်၍ ဦးမျိုးဇော်နှင့် ဦးခင်မောင်တင်တို့အား ဥပဒေအရ အရေးယူပေးပါရန် ဥိးအောင်နိုင်ထွန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မိတ္ထီလာမြို့မရဲစခန်း (ပ)၃၆၉/၂၀၂၀ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၆/၆၃ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း-ထီလာ ကိုငယ်လေး

Add a Comment

Your email address will not be published. Required fields are marked *