နေပြည်တော်ကောင်စီနယ်မြေ၌ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး မူယစ်ဆေးဝါးတွေ့ရှိမှုဖြင့် အရေးယူမှု ဖြစ်ပွား

ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးတို့ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်ဖြစ်စဉ်တစ်ခု နေပြည်တော်ကောင်စီ နယ်မြေ၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ က.ပ.စ (၄)၌ တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးဝင်းမင်းထွေးထံသို့ ပြီးခဲ့သည့် ဇူလိုင် (၂၆)ရက်၌ ပေးပို့လာသည့် ပါဆယ်ထုပ်အတွင်းတွင် ဆေးပြား(၂၀)၊ ICE အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၂)ဂရမ်ခန့်တို့ကို တွေ့ရှိခဲ့သဖြင့် ဇူလိုင်(၂၈)ရက်၌ တောင်ပို့သာနယ်မြေရဲစခန်းတွင် ဗိုလ်ကြီးဝင်းမင်းထွေးကို မူး/စိတ်ပုဒ်မ – ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

စစ်ဆေးချက်အရ ဇဗ္ဗူသီရိမြို့နယ်၊ ခရေအိမ်ရာ၊ သီတဂူလမ်းနေ အငြိမ်းစားဗိုလ်ကြီး ပြည့်စုံလှိုင်ထံမှ ပေးပို့လာသော ပစ္စည်းများ ဖြစ်ကြောင်း သိရှိရသဖြင့် ဇဗ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ခွင့်ပြုချက်ဖမ်းဝရမ်းအပြည့်အစုံဖြင့် တပ်ဖွဲ့ဝင်များက ဇူလိုင်(၂၉)ရက်၊ နံနက်ပိုင်းတွင် သွားရောက်ခဲ့ရာတွင် နေအိမ်သော့ခတ်ပိတ်ထားသည်ကို တွေ့ရှိခဲ့ကြသည်။သို့ရာတွင် စုံစမ်းစစ်ဆေးချက်အရ အမှုမှသံသယဖြစ်သူ ဗိုလ်ကြီးပြည့်စုံလှိုင်(ငြိမ်း)မှာ ဘောဂသိဒ္ဓိရပ်ကွက်ရှိ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနတွင် ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင် နေသည်ကို သိရှိရသောကြောင့် သက်ဆိုင်ရာ များ၏ ခွင့်ပြုချက်ကို ဦးစွာရယူကာ ဗိုလ်ကြီး(ငြိမ်း)ပြည့်စုံလှိုင်ကို ဖမ်းဆီး၍ ၎င်း၏နေအိမ်သို့ ရှာဖွေစစ်ဆေးခဲ့ကြသည်။

၎င်းနေအိမ်၌ မူးယစ်ဆေးဝါးပစ္စည်းများတွေ့ရှိရခြင်းမရှိသော်လည်း ဆေးဝါများသုံးစွဲရာတွင်အသုံးပြုရသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိရသဖြင့် သက်သေပစ္စည်းအဖြစ်သိမ်းဆည်းကာ ဖြစ်စဉ်ကို ဆက်လက်စစ်ဆေး မေးမြန်းခဲ့ကြောင်း နယ်မြေပိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။ပထမဖမ်းဆီးရမိထားသူ ဗိုလ်ကြီးဝင်းမင်းထွေးမှာ ၎င်း၏သူငယ်ချင်းဖြစ်ပြီး ပျဉ်းမနားမြို့၌ ဝင်းမင်းထွေးနှင့်ရင်းနှီးသော ရန်ကုန်မြို့နေ မဒေဗွီ (Davy) ဆိုသူထံသို့ မူးယစ်ဆေးဝါပါသည့် ပါဆယ်ထုပ်ကို ဆက်သွယ်မှာယူခဲ့ရာ၌ ယင်းပါဆယ်ကို “ကြယ်စင်ဟိန်း”ကားဖြင့် ပို့ပေးခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ဗိုလ်ကြီးဝင်းမင်းထွေး၏စေခိုင်းချက်အရ ကားဂိတ်သို့ ယင်းပါဆယ်ထုပ်ကို သွားယူပေးခဲ့ကြောင်း အငြိမ်းစားဗိုလ်ကြီးတဖြစ်လဲ ပြည့်စုံလှိုင်၏ ထွက်ဆိုချက်အရ သိရသည်။အဆိုပါ ပါဆယ်ထုပ်အတွင်းရှိ မူးယစ်ဆေးဝါးအနည်းငယ်ကို ထုတ်ယူသုံးစွဲပြီးနောက် ကျန်သည့်ဆေးဝါးများကို သူငယ်ချင်း ဗိုလ်ကြီးဝင်းမင်းထွေး တာဝန်ထမ်းဆောင်ရာ က.ပ.စ(၄) တပ်ဂိတ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းအမှုဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်အရ က.ပ.စ(၄) တပ်၌တာဝန်ထမ်းဆောင်သော ဗိုလ်ကြီးဝင်းမင်းထွေးနှင့် အငြိမ်းစားဗိုလ်ကြီးပြည့်စုံလှိုင်တို့ ၂ ဦးကို မူးယစ်ဆေးဝါနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဆိုင်ရာပုဒ်မနှင့် တပ်ကုန်းအပိုင် ရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်ပေါ်ပေါက်သူ မဒေဗွီ(Davy)ဆိုသူအားလည်း ဖမ်းဆီးရမိရေး စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Source – မိုးအောင်(ကောလင်း)

Add a Comment

Your email address will not be published. Required fields are marked *