မိန်းမဖြစ်သူကို အိမ်ပြန်ခေါ်ရာ မလိုက်သဖြင့် ကပ်ကြေးဖြင့်ထိုး
|ပြည်မြို့အဝေးပြေးကားဂိတ်ရှေ့တွင် ယနေ့ နေ့လည် ၁၂ နာရီခန့်က အမျိုးသမီးနှစ်ဦး ကပ်ကြေးဖြင့် အထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း ပြည်မြို့နယ် ရဲမှူး သန်းဇော်ဝင်းထံက သိရသည်။
အိမ်ထောင်ကွဲကွာနေသည့် ဇနီးဖြစ်သူကို သွားရောက်ခေါ်ဆောင်ရာမှ စကားများကြပြီး အနီးရှိကပ်ကြေးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်းမှ တာဝန်ရှိ ရဲဝန်ထမ်း တဦးက ပြောသည်။
“ဖြစ်တာက လင်မယားရန်ဖြစ်တာ သူယောက်ျားက ပြန်လာခေါ်တာ သူ့မိန်းမက ကားကြီးဝန်းရှေ့က ထမင်းဆိုင်မှာ အလုပ်လုပ်တာ ၊ ပြန်လာခေါ်တာ မလိုက်လို့ အဲ့လိုဖြစ်တာ” ဟု မြို့မရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းတဦးက ပြောသည်။
ဝင်ရောက်တားဆီးခဲ့သူ ထမင်းဆိုင်မှ အမျိုးသမီးတဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကပ်ကြေးဖြင့် ထိုးခံရသူ အသက် နှစ်ဆယ်ဝန်းကျင် အမျိုးသမီးအား ပြည်မြို့ကုတင် ၅၀၀ ဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုပေးလျှက်ရှိပြီး ကပ်ကြေးဖြင့် ထိုးသူအား အမှုဖွင့်အရေးယူရန် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ဇေယျာမြင့်
#မြေလတ်အသံ