ငွေနှစ်သောင်းကျပ် မရသည့်ကိစ္စနှင့်ပတ်သက်၍ ညီအစ်ကို အရင်းချင်း လည်ဖြတ်သတ်မှု ဖြစ်ပွား

သတင်း + ဓာတ်ပုံ ၊ ကိုတိုးကြီး
မုံရွာ၊ သြဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာ ၊ သုဿန် ချောင်းရိုး လှည်းလမ်း ဟောင်းနေရာတွင် ဖြစ်ပွားခဲ့သည့် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေသော လူသတ်မှုအား ဇူလိုင် ၃၁ ရက်နေ့က မှုခင်းဖော်ထုတ်ရေး အထူးအဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ဝေထံမှ သိရသည်။
ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာနေ ဦးဆန်းဝင်း ဆိုသူသည် နိုင်ငံတော်မှ ထောက်ပံ့သော ဆန်၊ ဆီ ၊ဆား ငြုပ် ၊ ကြက်သွန် ပစ္စည်းငါးမျိုးနှင့် ငွေနှစ်သောင်း ကျပ် မရသည့် ကိစ္စနှင့် ပတ်သက်၍ ကျေနပ်မှု မရှိသဖြင့် ရာအိမ်မှူး ညီမ၏ ခင်ပွန်း ၊ အစ်ကိုအရင်း တော်စပ်သူ ဦးဆန်းကျော်ထံ မကြာ ခဏ ပြောဆို အငြင်ပွားခဲ့သည်။ ထို့အပြင် ရာအိမ်မှူး၏ ယောက်ဖတော်စပ်သူ ဦးဆန်းကျော်မှလည် ၎င်း၏ ညီအရင်းဖြစ်သူ ဦးဆန်းဝင်း နေ အိမ်မှ အသံချဲ့စက် ဖွင့်သည့်ကိစ္စအား ကျေနပ်မှုမရှိသဖြင့် အသံချဲ့စက် မဖွင့်ရန် ပိတ်ပင်တားမြစ်ခဲ့သည်။


ထို့နောက် ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်တွင် ညောင်ကန်ကျေးရွာ၏ အနောက်ဘက် သုဿန်ချောင်းရိုး လှည်းလမ်းဟောင်းနေရာတွင် ဦးဆန်းကျော်ဆိုသူမှာ လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံး နေသည်ကို သူ၏ မိသားစုမှ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဦးဆန်းကျော် သတ်ဖြတ်ခံရမှုအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် သူ၏ မိသားစုမှ ဘုတလင်မြို့ မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။ အဆိုပါ တိုင်တန်းချက်နှင့် ပတ်သက်၍ အမှုမှန် အမြန်ဆုံး ဖော်ထုတ်နိုင်ရန် အတွက် မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့် ဦးစီးသော မှုခင်းဖော်ထုတ်ရေး အထူးအဖွဲ့ တစ်ဖွဲ့အား ဖွဲ့စည်း၍ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်မှ ဘုတလင်မြို့နယ်သို့ စေလွတ်ခဲ့သည်။


မှုခင်းဖော်ထုတ်ရေး အထူးအဖွဲ့သည် လူသတ်မှုဖြစ်ပွားရာ အရပ်သို့သွားရောက်၍ မှုခင်းပိုင်းဆိုင်ရာ သံလွန်စ များရှာဖွေခြင်း၊ တွေ့ရှိချက် သဲလွန်စများကို စနစ်တကျ လက်ဗွေမှတ်တမ်းများ ရယူခြင်းများ ဆောင်ရွက်ခဲ့ သည်။ ထို့နောက် အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်ရာ အကြောင်းခိုင်လုံသူ သေဆုံးသူ ၏ ညီအရင်းတော်စပ်သူ ဦးဆန်းဝင်းအား စစ်ဆေးမေးမြန်းခဲ့သည်။ မှုခင်းဖော်ထုတ်ရေး အထူးအဖွဲ့၏ စစ်ဆေး ပေါ်ချက်များအရ လူသတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သက်သေခံ ဓားကောက်တစ်လက်အား လျှိုဝှက် ထားသည့်နေရာသို့ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဦးဆန်းဝင်းမှ လိုက်လံပြသ၍ ရဲတပ်ဖွဲ့ထံ အပ်နှံပေးခဲ့သည်။


အဆိုပါ လူသတ်မှုသည် ပြစ်မှုဖြစ်ပွားပြီးနောက် ၇၂ နာရီအကြာခန့်တွင် အမှုမှန်ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်ရဲဖွဲ့မှူးရုံးမှ သိရသည်။


ကိုတိုးကြီး(မုံရွာ)

Add a Comment

Your email address will not be published. Required fields are marked *